October 27, 2007

ဒေါ်စုနှင့်တွေ့ဆုံခွင့်ပေးရန်အဖွဲ့ချုပ်တောင်းဆို

Unknown | 5:07 AM |

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီးတို့၏ တွေ့ဆုံမှု မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခွင့် ပေးရန်လိုအပ်သည်ဟု အန်အယ်လ်ဒီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အန်အယ်လ်ဒီ ၏ ခေါင်းဆောင်ဖြစ်သည့် အတွက် ၎င်း၏ ပါတီနှင့်တွေ့ဆုံဆွေးနွေး ခွင့်ရပြီးမှ နအဖ ဆက်ဆံရေးဝန်ကြီးနှင့်တွေ့ဆုံပါက ပိုမိုသင့် လျှော်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးဥာဏ်ဝင်းက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့လွတ်လပ် တဲ့ ဆန္ဒကိုထုတ်ဖော် ပြောဆိုနိုင်ဖို့အတွက် သူကိုယ်တိုင်လွတ်လပ်မှု ရှိတာ ပိုပြီးတော့ သဘာဝကျပါတယ်၊ သူလွတ်လပ်မှုရှိဖို့ဆိုရင် ပြန်လွှတ်ပေးဖို့လိုပါတယ်၊ ဒီအတိုင်း အရင် တုန်းကလည်း ကျနော်တို့ သဘောထား ပေးခဲ့ပါတယ်”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီ သို့ ပြောဆိုသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာ၌ အချိန် ၁ နာရီ ကျော်ကြာတွေ့ဆုံကြောင်း စစ်အစိုးရမီဒီယာများက ဓာတ်ပုံနှင့်တကွဖော်ပြသည်။
ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည့် လတ်တလော အလုပ်သမား ၀န်ကြီးခန့်အပ်ခြင်းခံရသော ဗိုလ်ချုပ် အောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် မည်သည့်အကြောင်းအရာကို တွေ့ဆုံဆွေးနွေးကြောင်းကိုမူ စစ်အစိုးရနှင့် အစိုးရ မီဒီယာများက ထုတ်ပြန်ပြောကြားခြင်းမရှိပေ။
“ဒီလိုတွေ့ဆုံတာကတော့ သူတို့ရဲ့ ကြေညာချက်၂/၂၀၀၇ အတိုင်းပေါ့လေ၊ ဒါဟာ တိုးတက်မှုတခုအနေနဲ့ ကျနော်တို့ ကြိုဆိုပါတယ်၊ ဘာတွေဆွေးနွေးတယ်ဆိုတာကတော့ ကျနော်တို့ လုံးဝမသိရပါဘူး၊ ဒီလိုတွေ့ဆုံမယ် ဆိုတာကိုလည်း ကြိုမသိရပါဘူး”ဟု ဦးဥာဏ်ဝင်းက ဆက်လက် ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ မတွေ့ဆုံမီ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အရ တွေ့ဆုံခြင်းဖြစ် သည်ဟု ထင်မြင်ကြောင်းလည်း ၎င်းကပြောဆိုသည်။
ဗိုလ်ချုပ် အောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့အကြား ဆက်သွယ်ရေး အတွက် ဆက်ဆံရေး
ဝန်ကြီး အဖြစ် အောက်တိုဘာ ၈ ရက်က ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး သန့်ရှင်းက လက်မှတ်ထိုးခန့်အပ်၍ ထုတ်ပြန်ကြေညာခဲ့သည်။
စက်တင်ဘာ ၂၉ ရက် က မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်ရန် ယင်း ဆက်ဆံရေး ၀န်ကြီးကို ခန့်အပ်ခြင်းဖြစ်သည်ဟု အောက်တိုဘာ ၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
မစ္စတာ ဂန်ဘာရီသည် လာမည့် နိုဝင်ဘာလ အတွင်း၌ မြန်မာနိုင်ငံသို့ နောက်တကြိမ် ထပ်မံ သွားရောက်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှစ၍ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၄ နှစ် ပြည့်ပြီးဖြစ်သည်။ ၁၉၈၉ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်များ၌ လည်း နေအိမ် အကျယ်ချုပ် ၂ ကြိမ် ကျခံခဲ့ရသောကြောင့် နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၁ နှစ် ကျော်ပြီ ဖြစ်သည်
ဧရာဝတီသတင်းအင်တာနက်မဂ္ဂဇင်းမှကူးယူတင်ပြသည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub