March 26, 2008

ဒုတိယ ဖက်ဆစ်တော်လှန်ရေးနေ့ကို ကျင်းပကြပါစို့

Unknown | 1:04 AM |

မတ်လ(၂၇)ရက်နေ့သည် ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့သည်မှာယခုဆိုလျှင် (၆၃)ပြည့်ပြီဖြစ်သည်။ မတ်လ(၂၇)ရက်နေ့သည် တပ်မတော်နေ့ဖြစ်ပါသလား ? အဘယ့်ကြောင့်ဆိုသော အဖွဲ့အစည်းတစ်ခုသည် စတင်ဖွဲ့စည်းခဲ့သည့်နေ့ကိုအစွဲပြု၍ အထိမ်းအမှတ်ပြုလုပ်ကြသောကြောင့်ဖြစ်သည်။ ဥပမာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး စတင်ဖွဲ့စည်းတည်ထောင်သည့်နေ့ အောက်တိုဘာလ(၂၄)ရက်ကို ကမ္ဘာ့ကုလသမဂ္ဂနေ့အဖြစ်သတ်မှတ်ခဲ့သည်။ လွတ်လပ်ရေးရပြီးခါစနှစ်များတွင် မတ်လ(၂၇)ရက်နေ့ကို “ဖက်ဆစ်တော်လှန်ရေးနေ့”အဖြစ်အောင်ပွဲသဘင်ဆင်ယင်ကျင်းပခဲ့ကြသည်။ တကယ်တော့ မတ်လ(၂၇)နေ့သည် “ဖက်ဆစ်တော်လှန်ရေးနေ့”သာဖြစ်သည် တပ်မတော်နေ့မဟုတ်ပါ။ စတင်ဖွဲ့စည်းတည်ထောင်သောနေ့ဆိုလျှင် ဒီဇင်ဘာ(၂၆)ရက်နေ့သည်သာ ဗမာတမျိုးသားလုံးတိုင်းရင်းသားအားလုံး ကိုယ်စားပြုသောတပ်မတော်နေ့သာဖြစ်သင့်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် ၁၉၄၁ ဒီဇင်ဘာလ(၂၆)ရက်နေ့ စနေနေ့ည (၁း၀၀)နာရီအချိန်တွင် ယိုးဒယားပြည် ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏နေအိမ်တွင် (BIA)ခေါ် ဗမာ့တပ်မတော်ကိုစတင်ဖွဲ့စည်းပြီး လက်မောင်းသွေးဖောက်သောက်ခဲ့ကြသည်။ထို့နောက် ၁၉၄၅ မတ်လ(၁၇)ရက်နေ့တွင် ရန်သူကိုစတင်တော်လှန်တိုက်ခိုက်ရန်အတွက် တပ်မတော်ဦးဆောင်၍ စစ်မြေပြင်ကိုထွက်ခဲ့သည်။ မတ်လ(၂၇)ရက်နေ့တွင် တိုင်းသူပြည်သားများအား သေနတ်ဖြင့်ဖိနှိပ်၊ အမျိုးသမီးများအား အဓမ္မပြုကျင့်၊ ပြည်သူများ၏ပစ္စည်းများကို မတရားသိမ်းစည်းခဲ့ကြသော စက်ဆုပ်ရွံ့ရှာမုန်းတီးဖွယ်ကောင်းသော ဖက်ဆစ်ဂျပန်တို့ကို (BIA) ဗမာ့တပ်မတော်သည် ပြည်သူလူထုအားနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့နှင့် လက်တွဲ၍ တော်လှန်ဆင်နွှဲခဲ့သည့်နေ့ဖြစ်ပါသည်။
အာဏာရှင်စစ်အစိုးရသည် တိုင်းပြည်ချောက်ထဲကျတော့မည်၊ ပြည်ထောင်စုကြီးပြိုကွဲတော့မည် ဆိုသည့် အကြောင်းပြချက်ဖြစ် ၁၉၆၂ခုနှစ် မတ်လ(၂)ရက်တွင်အာဏာသိမ်းခဲ့သည်။ ယင်းသို့သိမ်းပိုက်ခဲ့သော အာဏာရှင်စစ်အစိုးရသည် ၁၉၆၂ခုနှစ်မှ စ၍ (၄၆)နှစ်ကျော်သက်ဆိုးရှည်ခဲ့တဲ့စစ်အုပ်စုသည် ယနေ့ထိ လူထုကို အမြဲတစေ ဗိုလ်ကျအနိုင်ကျင့်ဖိနှိပ်အုပ်ချုပ်ခဲ့သည်။ အကြမ်းဖက် ဖက်ဆစ်နအဖခေါင်းဆောင်များသည် မတ်လ(၂၇)နေ့ကို တပ်မတော်နေ့ဟူ၍ သတ်မှတ်ခြင်းဖြစ် တပ်မတော်၏ ဂုဏ်ရည်များကို ပစ်ပယ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ကျနော်တို့သည် အနာဂတ်သမိုင်းအတွက် ဒီစစ်အာဏာရှင်စနစ်ဆိုးကြီးကို မဖြစ်မနေပြောင်းလဲပစ်ကြရမည် ဒါမှသာ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်နဲ့ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ထူထောင်နိုင်မှာပါ…။ ဒါကြောင့်မို့လို့ မြန်မာမျိုးချစ်တပ်မတော်သားများအနေဖြင့် အာဏာရူးစစ်ဗိုလ်ချုပ်တစုမတရားသိမ်းပိုက်ထားသော အကြမ်းဖက် ဖက်ဆစ်နအဖတပ်မတော်အား အမြန်ဆုံးပြန်လည်သိမ်းပိုက်၍ ပြည်သူချစ်သော ပြည်သူ့တပ်မတော်အဖြစ်ပြောင်းလည်းသင့်ပါကြောင်းတိုက်တွန်းအပ်ပါသည်။

ပြည့်စုံ
Continue reading ...

March 23, 2008

လက်တွဲဖော်

Unknown | 1:08 AM |

မစိုးဝှက်က တက်ထားတာကြာပါပြီ.. ကျနော်လည်း ကွန်နက်ရှင်မကောင်းတာရယ်…. လမ်းခရီးမှာရောက်နေတာရယ် အလုပ်တွေများနေတာနဲ့ မရေးဖြစ်မတင်ဖြစ်တာပါ… အခုကျနော်လည်း စိတ်ကူးပုံဖော်မိတာလေးတွေတင်ပေးလိုက်ပါတယ်... အခြားသူတွေလို မည်သည့်စံနှုန်းတွေ ကိုယ်ကကြိုက်တာတွေ သူကတော့ ဘယ်လိုဘယ်ဝါဆိုတာတွေတော့ မပါပါဘူး.. ကျနော့်စိတ်ကူးထဲက ဖြစ်စေချင်တာလေးတွေကို လေ့လာမိသလောက်မျှဝေးပေးလိုက်တာပါ…။ တကယ်တော့ကျနော်က လက်တွဲဖော်တော့မရှိသေးပါဘူး.. ရည်ရွယ်သူတော့ရှိကောင်းရှိလိမ့်မည်...(တကယ်ပါ) ဒါပေမယ့်….

ဘာမှသေချာရေရာခြင်းမရှိတဲ့ လောကကြီးထဲမှာ အချစ်နဲ့ဘ၀ တစ်ထပ်တည်းကျဖို့ဆိုတာ မလွယ်ပါဘူး.. ကံစီမံရာပေါ့...။ ကျနော်တို့ မြန်မာအိမ်ထောင်မှုဓလေ့မှာရှောင်ရန် ဆောင်ရန်ဆိုတာကို အားလုံးသိကြမည်ထင်တယ်..။ “ဓမ္မာ ၊ သောက ၊ အင်းဝ၊ ရာဇာ”စတဲ့ မရွေးချယ်ရဘူးဆိုပြီးအဆိုရှိတယ်.. .နောက် “ ဥဿ၊ စိန်ပန်း၊ ဒန်းလှ” ကိုရှာဆိုပြီးအဆိုတွေရှိနေကြပေမယ့် ကိုယ်ကအရမ်းချစ်နေရင်တော့ မဖြစ်ပြန်ဘူး.. ဖူးစာပေါ့လေ..။

ကိုယ့်ရဲ့အတ္တ တစ်ဝက်ပေးဆပ်ရခြင်းမျိုးမဟုတ်၊ သူ့ရဲ့အတ္တ အလုံးစုံပုံနှစ်ထားခြင်းမျိုးလည်းမဟုတ်တဲ့ တစ်ထပ်တည်းကျတဲ့ ဆုံးဖြတ်ချက်တွေ တသားတည်းရှိတဲ့ ခံစားမှုတွေနဲ့ နွေးထွေးခြင်းမျိုးရှိတဲ့ လက်တွဲဖော်….။

လျှို့ဝှက်ချက်မရှိ ရိုးသားပွင့်လင်းခြင်းသာအခြေခံတဲ့ ကြိုးတစ်ချောင်းက လူနှစ်ဦးကို ဘ၀ထဲမှာ သူရှိနေတာ အနှောင့်အယှက်တစ်ခုမဖြစ်စေဘဲ ပျော်ရွှင်ခြင်းနဲ့ ကြင်နာခြင်းသာ မျှဝေလိုသူ…။ သံယောဇဉ်တွေ ရစ်ပတ်နှောင်ဖွဲ့လို့ကြုံဆုံလာရမယ့် ဘ၀ရဲ့ အကောင်းဆုံးဆိုတဲ့ လောကဓံတရားတွေကို ရင်ချင်းအပ်ကျောချင်းကပ်ပြီး အတူဖြေရှင်းကြလို့ ဘ၀ထဲ ကကောင်းတာတွေယူပြီး အကောင်းတွေပဲ ပြန်လည်ပေးဆပ်ခိုင်းဖို့ လျှောက်လှမ်းရမယ့် ခရီးလမ်းတိုင်းအတွက် သူ့ရဲ့ လက်တစ်စုံဟာ ခွန်အားဖြစ်စေလိမ့်မယ်…။
သို့မှသာ တွေးလိုက်တိုင်းပျော်ပြီး အပျော်တွေပဲ တွေးမိစေတဲ့ ဘ၀တစ်ခုလုံးအပျော်တွေနဲ့သာ လွှမ်းခြုံရစ်ပတ်ထားတဲ့ အဲဒီချစ်ခြင်းတွေသည် အရာရာပြီးပြည့်စုံစေမှာပါ….။

အနာဂတ်နေ့သစ်တွေအတွက် ခရီးဆုံးတိုင်အတူရှိကြမယ့် မနက်ဖြန်တွေ မနက်တွေတိုင်းဟာ လှပနေလိမ့်မယ်ဆိုတာ အသေအချာပါဘဲ….။

ပြည့်စုံ
(ခေတ္တ-နို့ဖိုးစခန်း)

Continue reading ...

March 19, 2008

အကောင်းဆုံးမြေသြဇာအဖွဲ့မှ နအဖသို့ အိတ်ဖွင့်ပေးစာ

Unknown | 7:20 AM |
Continue reading ...

ပဲခူးခရိုင်ကျောင်းသားသမဂ္ဂ၏ သဘောထား ကြေညာချက်

Unknown | 7:06 AM |
၂၂-၃-၂၀၀၈
ယနေ့သည် ဗမာပြည်ဒီမိုကရေစီ အရေးတော်ပုံသမိုင်းတွင် ပဲခူးမြို့၏ သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်ခြင်းနှစ်ပေါင်း(၂၀)တိတိ ပြည့်မြောက်ခဲ့ပေသည်။

၁။ ကိုယ်ဘာလုပ်နိုင်သလည်း လုပ်နိုင်တာလုပ်ကြရမည်။ သူများဘာလုပ်နေသလဲ ပြောရမည့် အချိန်မဟုတ်တော့ပါ။
၂။ ပဲခူးခရိုင်ကျောင်းသားသမဂ္ဂတွင် ပဲခူး၊ဝေါ၊ က၀၊ သနပ္ပင်၊ လေးမြို့နယ်ဖြင့် ဖွဲ့စည်းထားပါသည်။ ပဲခူးမြို့သည် ဗမာပြည်တွင် ၁၉၈၂ခုနှစ် နောက်ဆုံးသန်းခေါင်စာရင်းအရ လူဦးရေ အများဆုံးမြို့ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီမှ ဦးမြတ်လှသည်။ လူဦးရေ မဲအများဆုံးရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။
၃။ ၁၉၈၈ မတ်လ(၂၁) မြေနီကုန်းအရေးတော်ပုံ၏ ညတွင်ပင် ဗမာပြည်၏ ဥာဏ်တော်အမြင့်ဆုံး ရွှေမော်ဓော စေတီတော်၌ ပဲခူးကောလိပ်ကျောင်းသားများ စတင်သပိတ်မှောက်ဆန္ဒပြ၍ နေ၀င်း(မဆလ)အားဆန့်ကျင်ခဲ့ကြသည်။
၎။ ၁၉၈၈ မတ်လ (၂၂)တွင် ပဲခူးကောလိပ်တစ်ခုလုံး ဆန္ဒပြခဲ့ပြီး၊ ပဲခူးကောလိပ်မှ ကားဆယ်စီးအပြည့် ကျောင်းသားများ မြို့တွင်းဝင်ရောက် ဆန္ဒပြရာ ကျောင်းသား၊ သံဃာ၊ ပြည်သူများ ပူးပေါင်း၍ ဆန္ဒပြကြသည်။
၅။ မဆလ ပါတီကောင်စီမှ အကြမ်းဖက်ပစ်သတ်နှိမ်နင်းသဖြင့် ပြည်သူလူထုမှ ပေါက်ကွဲ၍ ဆန်ရုံး၊ ရဲ စီအိုင်ဒီရုံး၊ အလုပ်သမားရုံး၊ ရက်ကွက်ကောင်စီရုံး၊ ရွှေဟင်္သာစားဖျော်တို့အား တညလုံးမီးရှို့ခဲ့ကြသည်။
၆။ သေနတ်ဒါဏ်ရာဖြင့် ကျောင်းသားပြည်သူ(၉)ဦး ကျဆုံးခဲ့ပြီး ယခင်ဥဿဒဂုံကားဂိတ်အဟောင်း ယခုနာရီစင်ရှိရာနေရာတွင် အိမ်သာကျင်းထဲ၌ အလောင်းများ ဖျက်ဆီးဖျောက်ဖျက်ခဲ့သည်။
၇။ ကျောင်းသားပြည်သူ (၂၅၁)ဦးအား ဖမ်းဆီးခဲ့ပြီး တ၀က်ကျော်မှာ ကျောင်းသားများဖြစ်သည်။ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး၊ ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေး၊ သေဆုံးကျောင်းသားလျော်ကြေးပေးရေး၊ ကျောင်းထုတ်ကျောင်းသားကျောင်းပြန်တက်ရေး စသော ကျောင်းသားအခွင့်အရေးတောင်းဆိုတိုက်ပွဲတွင် နေ၀င်းမဆလစစ်တပ်မှ ၀န်မခံဘဲနှင့် လိုက်လျောခဲ့ရသော တောင်းဆိုချက်မှာ ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေးဖြစ်သည်။
၈။ ကျောင်းသားများ၏ စွန့်စားဝံ့မှုကို အမှန်တရားဖော်ထုတ်မှု သတ္တိများကို လေးစားသည့်အနေဖြင့် ရန်ကုန်၊ ပဲခူးကျောင်းသားများမှတဆင့် တနိုင်ငံလုံးသို့ ပျံ့နှံ့မည်ကို စိုးရိမ်၍ လည်းကောင်း၊ ကျောင်းသားသမဂ္ဂဖြိုခွဲခံရသော သမိုင်းဝင် ဆဲလ်ဗင်းဂျူလိုင်(၇-၇-၈၈) နေ့တွင် ပဲခူးမှ (၂၅၁)ယောက်အပါအ၀င် ရန်ကုန်ဖုန်းမော်အရေးတော်ပုံ၊ တံတားနီအရေးတော်ပုံ၊ မတ်လအရေးတော်ပုံများတွင် ဖမ်းဆီးထားသူအားလုံးအား အကြွင်းမဲ့ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေးတောင်းဆိုချက်အား ကျောင်းသားများမှ အောင်မြင်ခဲ့သည်။
၉။ ပဲခူးခရိုင်ကျောင်းသားသမဂ္ဂ၏ ဒီမိုကရေစီလှုပ်ရှားမှုများ ခေတ်အဆက်ဆက်ပြောမကုန်နိုင်တော့ပါ။ ၁၉၈၈ မှ ၂၀၀၈ နှစ်ပေါင်း (၂၀)အတွင်း နိုင်ငံရေးအကျဉ်းသားအများဆုံး အဖမ်းခံရသော မြို့ဖြစ်ပြီး၊ ယခုထိ ထောင်ထဲတွင်များစွာရှိနေ သေးသည်။
၁၀။ ၂၀၀၈ မေလ လူထုဆန္ဒဖော်ထုတ်ရမည့်ပွဲတွင် မဖြစ်မနေကြိမ်းသေလုပ်ဆောင်ရမည့်အချက်မှာ နအဖ၏ ဥပဒေမဲ့ အခြေခံဥပဒေကို ဆန့်ကျင်၍ ကန့်ကွက်မဲပေးရန်ဖြစ်ပြီး ကျန်အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဦးဆောင်ဆုံးဖြတ်ချက်အား လိုက်နာရန်ဖြစ်သည်။
၁၁။ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွင် ရဲရင့်ပြတ်သားသော သဘောထားမရှိပါက ပဲခူးမြို့ရှိ ရဟန်းရှင်လူပြည်သူအပေါင်းမှလူထုဆန္ဒဖော်ထုတ်ကန့်ကွက်မဲပေးပြီး ပြည်သူ့အာဏာလွှဲပြောင်း တာဝန်ပေးအပ်ပွဲကျင်းပမည်။
၁၂။ ၁၀-၈-၈၈ နေ့ ရွှေမောဓော ကျောက်ပန်းတောင်းဓမာရုံတွင် ပူတင်း စားဖူးမှ ပူတင်းအရသာသိမည်ဟု တရားဟောပြီး ရှေ့နေကြီးဦးမြတ်လှ ဒီမိုကရေစီလိုလားသူများအဖွဲ့ ပဲခူးမြို့ကို ဦးဆောင်ပါဝင်ခဲ့သည်။
၁၃။ NLD မှ ဦးမြတ်လှနှင့် ဒီမိုကရေစီပါတီမှ ဦးစိုးဝင်းတို့သည် ပဲခူးမြို့၏ ပြည်သူ့ကိုယ်စားလှယ်ဖြစ်ပြီး၊ ပြည်သူ၏တာဝန်များအား ယနေ့ထိမထမ်းဆောင်ရသေးသည့်အတွက် ပဲခူးမြို့သူမြို့သားများအနေဖြင့် လူထုဆန္ဒဖော်ထုတ်မဲပေးရမည့်နေ့တွင် ဦးမြတ်လှနှင့် ဦးစိုးဝင်းတို့အား ဦးမြတ်လှ၏ နေအိမ်သို့မဟုတ် NLDရုံးရှိရာသို့ သွားရောက်ပြီး လက်မှတ်ရေးထိုးတာဝန်ပေးအပ်၍ ပြည်သူ့အာဏာလွှဲပြောင်းပေးကြရန် လေးနက်စွာတိုက်တွန်းအပ်ပါသည်။
၁၄။ ဗမာပြည်သူပြည်သားများအားလုံးနှင့်ကမ္ဘာသူကမ္ဘာသားအားလုံးမှ ကမာ့္ဘကုလသမဂ္ဂတွင် ဦးမြတ်လှနှင့်ဦးစိုးဝင်းတို့အား ပြည်သူကရွေးချယ်တင်မြှောက်သော ပြည်သူ့အာဏာရရှိသူများအဖြစ် တခဲနက်သတ်မှတ်ပေးပါရန်ဖြစ်သည်။
၁၅။ ပဲခူးမြို့၏ ၂၂-၀၃-၈၈ အရေးတော်ပုံအား ရှေ့နေကြီးဦးမြတ်လှ(NLD)၊ ရှေ့နေကြီးဦးစန်းမောင်(NLD)၊ရှေ့နေကြီး ဦးအေးမြင့် (ဒီမိုကရေစီပါတီ) ယခုလမ်းပြကြယ်အဖွဲ့တို့အားမေးမြန်းနိုင်ပါသည်။

စစ်ရန်နိုင်
ဥက္ကဌ
ပဲခူးခရိုင်ကျောင်းသားသမဂ္ဂ(ယာယီ)

Continue reading ...

March 10, 2008

နှုတ်ဆက်ခြင်း

Unknown | 9:39 PM | |
ညက တိတ်ဆိတ်စွာနဲ့
လရောင်နဲ့အတူလှပနေတယ်
ဗင်းဆင့်ဗန်ဂိုး ပန်းချီရေးခဲ့တဲ့ညမျိုးပေါ့
အိပ်မက်လှမည်ဆိုတာတောင်
ငါမအိပ်ချင်တော့ဘူး...။

ဆုံခဲ့ကြတယ်
အပြန်အလှန် လေးစားခဲ့ကြတဲ့အထိပေါ့
ချစ်ခင်ကြတယ်
အားပေးနှစ်သိမ့်တဲ့အထိပေါ့
မောင်းနှင်ခဲ့ကြတယ်
စိတ်ဓါတ်တွေ အရှိန်အဟုန်မြင့်မြင့်နဲ့
ရိုက်ချိုးခဲ့ကြတယ်
ရေစီးကြောင်းတွေကိုကာစီးထားတဲ့ တာရိုးတွေကို
ဝေခဲ့ကြတယ်
ရင်တွင်းဖြစ်လေးတွေ အံထုတ်ကြတဲ့အထိပေါ့
ကြွေခဲ့ကြတယ်
နှလုံးသားရေလည်အုံ ကွဲကြေသည်အထိပေါ့

နွေဦးရဲ့ရနံ့က လေရူးနဲ့အတူ တုန်ခါ
အတွေးကတော့ မုန်တိုင်းလိုပြင်းထန်
ခွဲခွာရတော့မယ့်အချိန်မှာ
တစ်လမ်းထဲမှာ အတူလျှောက်လှမ်းခဲ့
ပျံ့လွင့်လာတဲ့ ရထားဥသြဆွဲသံကြီးရယ်...
ခေါ်ဆောင်ရာကို လိုက်ပါသွားတဲ့သူရယ်
ခွဲသွားရမယ့်သူရယ်
ကျန်ရစ်ခဲ့မယ့်သူရယ်
အပြန်လမ်းမှာ တယောက်တည်း
ပတ်ဝန်းကျင်ကတော့ ဆွေးမြေ့ကြေကွဲဖွယ် တိတ်ဆိတ်လို့
ဟိုး ... ဝေးဝေးမှာ သဇင်တွေကြွေကုန်ပြီ ....


ကျနော်ဒီကဗျာလေးနဲ့နှုတ်ဆက်ခဲ့ပါရစေ.. ကျနော်ခရီးတခုထွက်စရာရှိလို့ ဘလော့ဂ်နဲ့ခဏဝေးနေရအုံးမှာပါ ကျနော်တို့ရဲ့အဖြစ်ကဘာနဲ့တူသလဲဆိုတော့ ခွဲရတော့မယ်ချစ်သူနှစ်ဦးဟာ လမ်းကလေးတလမ်းတည်းမှာ လမ်းလျှောက်နေရသလို ခွဲသွားရမယ့်သူရယ် ကျန်ရစ်နေခဲ့ရမယ့်သူရယ် ရင်ထဲမှာဆိုနင့်ကြေကွဲစရာအဖြစ်မျိုး။

ရောက်လာကြသော သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမများ အတွက်ကျနော့်ရဲ့ အမှတ်တရ နွေဦးအတွက်လက်ဆောင်လေးတွေယူသွားကြပါ...









ဆိုလိုရင်းအဓိပ္ပါယ်ကို သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်... ဘာကြောင့်လည်းဆိုတော့ ရေဘူးနှင့်ဖိနပ်မပါရင် ကျနော့်သူငယ်ချင်းတွေ နွေရာသီမှာ ဒုက္ခရောက်မှာဆိုးလို့ပါ။ (ရေဘူးနှင့်ဖိနပ်မပါရင် နွေခါမှသိတဲ့ -- မြန်မာစကားပုံ)

လာရောက်ဖတ်ရှုကြသော သူငယ်ချင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ် ကျနော်ခေတ္တခဏခွဲခွာခြင်းသာ ပြန်လည်ဆုံဆည်းကြအုံးမှာပါ...။

နေ့သစ်တွေအနာဂတ်တွေ လှပနိုင်ကြပါစေ။

ပြည့်စုံ

Continue reading ...

March 09, 2008

ဇာတိမြေ (သို့မဟုတ်) အိမ်

Unknown | 1:58 AM |
ပဲခူးတိုင်း၊ဝေါမြို့ဘူတာမှ ညောင်ခါးရှည် ရေနွေးငွေ့ရထား ညောင်ခါးရှည်ရွာသို့ထွက်ခွာနေပုံ

လူတိုင်းလူတိုင်းမှာ လွမ်းမောဖွယ်ရာ၊ နာကြည်းကြေကွဲစရာ၊ မေ့ပျောက်လွယ်တဲ့ ခံစားမှုတွေ ထို့အတူ နှလုံးသားထဲမှာ ထင်ကျန်ရစ်ခဲ့တဲ့ လွမ်းမောဖွယ်ရာ အတိတ်ဖြစ်ရပ်လေးတွေကိုယ်စီ ကိုယ်စီရှိကြပါတယ်။ အခုလိုအဝေးရောက်နေတုန်းမှာ လွမ်းအိပ်မက်တွေ အများကြီးမက်ခဲ့ရတယ်။ ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်ရပ်ရွာနဲ့ ဝေးရာဒေသကိုရောက်နေရသူတိုင်း ဟိုအရင်က သွားခဲ့လာခဲ့ နှစ်သိမ့်ကြည်နူးခဲ့ရတဲ့ လွမ်းစရာလေးတွေကို တမ်းတမ်းတတဖြစ်ကြလွမ်းမော တသသ ဖြစ်နေကြရတာ သဘာဝပါ။

နှစ်ရှည်လများ အကြာကြီးခွဲနေခဲ့ရသူများအဖို့တော့ ဆယ့်နှစ်လရာသီစလုံး လတွေရက်တွေကို လက်ချိုးရေတွက်ပြီး တမ်းတနေကြရတာချည်းပါပဲ။
မိုးတွေသည်းနေချိန်၊ မြူနှင်းမှုံပြပြ တစစနဲ့ဝေနေချိန်၊ ဖုံထူထူလမ်းမတွေ၊ အိပ်မပျော်တဲ့ညများစွာထဲက ညတည၊ ဒီညပေါ့ အတိတ်ကိုပြန်လည်တွေးမိခဲ့တယ်။ ငယ်စဉ်ကလေးအရွယ်ကတည်းက မတည်ငြိမ်ခဲ့တဲ့ဘ၀ရော်ရွက်ဝါလို လေလွင့်ခဲ့ရတယ်။ မျောလွင့်နေတဲ့နွေတိမ်တိုက်ကိုမော့ကြည့်ရင်း ဘာရယ်မဟုတ် ကြေကွဲစိတ်က ရင်ဘတ်ထဲရောက်ရောက်လာတယ်။ မျောလွင့်နေတဲ့ တိမ်တိုက်တွေဟာ ငါများလား၊ အဆုံးအစမရှိတဲ့ ကောင်းကင်ပြင်ထဲမှာ ဦးတည်ရာမဲ့ ပျံ့လွင့်နေတဲ့ဆေးရေးချယ်ထားတဲ့ တိမ်မိလ္လာတွေဟာ ကဗျာဆန်တယ် ကျယ်ပြန့်တယ်ဒါပေမယ့် မျောလွင့်နေတဲ့ ဟင်းလင်းပြင်ထဲမှာ အထီးကျန်ဆန်လွန်းလှတယ်။ ဒါတွေဟာ ဘယ်လိုဖြစ်ရတာလည်း...။
တခါတလေ အဆုံးအစမရှိ ဟင်းလင်းပြင်ထဲကိုငေးမောကြည့်ရင်း အားရပါးရအော်ဟစ်လိုက်ချင်တယ်၊ ပေါက်ကွဲမှုသက်သက်ဖြစ်မလား ငိုရှိုက်သံရောနေတဲ့ ကြေကွဲသံဖြစ်နေမလား၊ စိတ်ပြေလျှော့ရုံသက်သက်ပဲလား.....။
မွေးရပ်မြေ အမေ့အိမ်ရယ် ဇာတိမြေနဲ့ဝေးလေလေ ကံကြမ္မာရဲ့ ရိုက်ချက်တွေ ပြင်းထန်လေလေပါပဲလား။ တစုံတရာပိုင်ဆိုင်ဖို့အတွက်ဆိုတာ အိပ်မက်များလား၊ လှိုင်းကြမ်းကြမ်း လေနီကြမ်း၊ရိုင်းစိုင်းတဲ့ မုန်တိုင်းထဲကိုရောက်နေသလို မျှော်လင့်ချက်တွေဟာ လက်တွေ့ဘ၀တွေနဲ့ကွာခြားခဲ့တယ်။ ဆုံးရှုံးခြင်းတွေထပ်လာတော့ မမျှော်လင့်ရဲ့တော့၊ ရှင်သန်ကျွမ်းဝင်ရာ ၀န်းကျင်မှားယွင်းခဲ့လို့ လူသိမ်လူဖျင်းတယောက်လို ပတ်ဝန်းကျင်ကိုရှက်ရွံ့ထွက်ပြေးရမှာလား။ သေချာတယ် ငါလွတ်လပ်မှုကိုလိုချင်တယ်၊ ဖြူစင်ခြင်းကိုငါမြတ်နိုးတယ်။ တိတ်ဆိတ်ညရဲ့ နက်ပြာရောင်ကောင်းကင်ကြီးကို တနေ့တာအတွက်နှုတ်ဆက်ဖို့နောက်ဆုံးတချက်ကြည့်လိုက်မိ အိပ်မက်ကနေလန့်နိုးသလို ကြယ်တစင်းကြွေလွင့်သွားတာကို မြင်ခဲ့ရတယ်။ တကယ်ကြွေကျသွားခဲ့တာပါ ဆုတောင်းခဲ့မိ လူတိုင်းရဲ့နှလုံးသားမှာ ထာဝရမေ့မရတဲ့အရာ ဇာတိမြေနဲ့ အမေ့အိမ်ကိုပေါ့။ ကြီးကျယ်ခမ်းနား တဲ့နေရာအဆောက်အဦးဖြစ်နေပါစေ ပိုးသားဖဲမွေ့ယာနဲ့ခင်းကျင်းထားသော အခန်းဖြစ်နေပါစေ၊ ဇာတိမြေက အမေ့အိမ်လောက်လုံခြုံနွေးထွေးမှုရှိမည်မထင်ပါ။ အစားအသောက်တွေ ဘယ်လောက်ပဲ.. ပြီးပြည့်စုံနေပါစေ၊ အမေ့အိမ်က အချဉ်ရည်ဟင်းတခွက်လောက် အရသာရှိမည်မထင်ပါ….။
ဘယ်လောက်ပဲ ရိုင်းစိုင်းရက်စက် မာကျောခက်ထန်နေပါစေ၊ ဘယ်လောက်ပဲ နူးညံ့ပျော့ပျောင်းကြင်နာတတ်တယ်ဆိုဆို ထိုသူတွေရဲ့ရင်ထဲမှာ ထာဝရမေ့မရတဲ့အရာဟာ..... ဇာတိမြေ သို့မဟုတ် အိမ်.....

ဝေါမြို့မှ ပဲခူးစစ်တောင်းတူးမြောင်းနှင့်မီးရထားတံတား

ဒီပို့လေးဟာ တကယ်တော့ပြီးပြည့်စုံခြင်းမရှိသေးပါဘူး.. ထို့ကြောင့် ကျနော်၏ သူငယ်ချင်းများ အမ၊ ညီအစ်ကိုများဖြစ်သော ……..

အမစိုးဝှက်

ညီငယ်မောင်မျိုး

သူငယ်ချင်းလွမ်းစေ

သူငယ်ချင်းမလေးPinkgold

ပန်းခရေ(ခ) မမစိန်

ဟန်မဆောင်တတ်သော နှင်းပွင့်၊

ဒေးမူ ယုန်ကလေး

နှင်းလေး

ဆုဝေ

ညီငယ်ရှမ်းကလေး

သူတို့က ရင်ထဲရှိသမျှ ပုံဖော်သွားကြပါမည် သူတို့ဆီမှာ ဆက်လက်၍ ခံစားနိုင်ပါသည်။
အထူးအစီစဉ်အဖြစ်ကျနော်မဆက်သွယ်ခဲ့ရသော သူငယ်ချင်းညီအစ်ကိုများနှင့် ပို့စ်ကိုလာရောက်ဖတ်ဖြစ်သော သူများအားလုံးကို ဆက်လက်ရေးသားပေးကြပါရန် ဖိတ်ခေါ်တောင်းဆိုပါသည်။

ပြည့်စုံ

Continue reading ...

March 07, 2008

စတုတ္ထအဆင့်၊ ပြည်သူ့အာဏာနှင့် အမျိုးသားညီလာခံ

Unknown | 9:09 AM |
ညီလာခံပထမကာလ

(နအဖ) ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရေးဆွဲဖို့ဆိုပြီး အမျိုးသား ညီလာခံတရပ်ကို
(၁၉၉၃) ခုနှစ် ဇန်န၀ါရီလမှာ စတင်ခဲ့တယ်။ NLD ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် (၅) ဦးနဲ့ ရွေးချယ် တင်မြှောက်ခံရတဲ့ NLD က လွှတ်တော်ကိုယ်စားလှယ် (၈၆) ဦးတို့ တက်ရောက် ခဲ့ကြတယ်။ (၁၉၉၆) ခုနှစ် နိုဝင်ဘာလထဲမှာ NLD က (နအဖ) ကို တောင်းဆိုမှုတခု တင်ပြခဲ့တယ်။

အဲဒီတောင်းဆိုမှုဟာ ဘာလဲဆိုတော့ လက်ရှိကျင်းပနေတဲ့ အမျိုးသားညီလာခံက မြန်မာ ပြည်ရဲ့ပြဿနာ အရပ်ရပ်ကို ဖြေရှင်ပေးနိုင်မှာ မဟုတ်ပါဘူး၊ ဒီတော့ NLD အနေနဲ့ (နအဖ) ခေါင်းဆောင်တွေနဲ့တွေ့ပြီး ဆွေးနွေးချင်တယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးပြီးမှသာ NLD က အမျိုးသားညီလာခံကို ဆက်ပြီး တက်မှာဖြစ်တယ်။ မတွေ့ဆုံနိုင်သေးသ၍ NLD အနေနဲ့ အမျိုးသားညီလာခံကို တက်ရောက်နေခြင်းကနေပြီး ရပ်ဆိုင်းထားမယ်ဆိုတာပဲဖြစ်တယ်။

(နအဖ) ဟာ NLD နဲ့ မတွေ့ခဲ့ဘူး။ အဲဒီအတွက် NLD က အမျိုးသားညီလာခံကို တက်ရောက်နေ ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေ အားလုံးဟာလည်း ညီလာခံကို ဆက်မတက်ကြတော့ဘူး။ NLD က မတက်ရောက်တော့တာနဲ့ နောက်တနေ့မှာ (နအဖ) ရဲ့ အမျိုးသားညီလာခံဟာလည်း ရပ်ဆိုင်း ခဲ့ရတယ်။ အဲဒါက (၁၉၉၆) ခုနှစ် နိုဝင်ဘာလမှာဖြစ်တယ်။ (၁၉၉၃) ခုနှစ်ကနေပြီး (၁၉၉၆) ခုနှစ်အထိကို (နအဖ) ရဲ့ အမျိုးသားညီလာခံ ပထမပိုင်းလို့ ပြောရင်ရမယ်။

အဲဒီမှာ ညီလာခံကိုယ်စားလှယ်ပေါင်း (၇၀၂) ဦးရှိတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က (၉၉) ဦး။ NLD အပါအ၀င် နိုင်ငံရေးအဖွဲ့များက ကိုယ်စားလှယ်က (၃၈) ဦး။ ပေါင်းရင် (၁၃၇) ဦးဟာ လူထုရဲ့ကိုယ်စားလှယ်လို့ ပြောလို့ရတယ်။ ကျန်တဲ့ (၅၆၅) ယောက်က စစ်တပ်က စိတ်ကြိုက် ရွေးထားတဲ့သူတွေ၊ ဒီတော့ အဲဒီညီလာခံမှာ လူထုကိုယ်စားပြုတာဟာ (၁၈) ရာခိုင် နှုန်းပဲရှိတယ်။ ပြီးတော့ ညီလာခံ ကျင်းပရေးကော်မရှင်။ ညီလာခံကျင်းပရေး အလုပ်ကော်မတီ
စတဲ့ အဖွဲ့တွေအဆင့်ဆင့်မှာ စစ်တပ်က ပုဂ္ဂိုလ်တွေကြီးပဲ။ သူတို့ကညီလာခံကို တင်းတင်း ကြပ်ကြပ်ထိန်းချုပ်ထားတယ်။ လွတ်လပ်စွာဆွေးနွေး တင်ပြခွင့်မရဘူး။

ဦးတည်ချက် (၆) ရပ်
အမျိုးသားညီလာခံ ကျင်းပတဲ့အခါမှာ ဒီဦးတည်ချက် (၆) ရပ်နဲ့အညီ ကျင်းပရမယ်လို့ (နအဖ) က ချပေးထားခဲ့တယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ …
(က) ပြည်ထောင်စုမပြိုကွဲရေး
(ခ) တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး
(ဂ) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
(ဃ) စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေး
(င) နိုင်ငံတော်တွင် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု စတဲ့ လောကပါလတရားများ ထွန်းကားလာစေရေး
(စ) အနာဂတ်နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှု အခန်းကဏ္ဍမှ
ပါဝင်ရေးတို့ဖြစ်တယ်။ အဲဒီထဲမှာ အဓိကအကျဆုံးအချက်က အမှတ်စဉ် (စ) ဖြစ်တဲ့ စစ်တပ်က အနာဂတ်မြန်မာနိုင်ငံရေးမှာ ဦးဆောင်ပြီး အမြဲပါမယ်ဆိုတာပဲဖြစ်တယ်။ အဲဒီဦးတည်ချက်နဲ့ပဲ အခြေခံမူတွေကို ချတော့တာပဲ။

ညီလာခံဒုတိယကာလ
(၂၀၀၃) ခုနှစ်မှာ (နအဖ) က လမ်းပြမြေပုံဆိုပြီး လုပ်ငန်းစဉ် (၇) ဆင့်ပါတဲ့ လုပ်ငန်းစဉ်ကို ထုတ်ပြန်ခဲ့တယ်။ အဲဒီမြေပုံရဲ့ အဆင့် (၁) က အမျိုးသားညီလာခံကို ပြန်စဖို့ပဲဖြစ်တယ်။
အဲဒါနဲ့ (၁၉၉၆) ခုနှစ်ထဲက ရပ်ထားခဲ့ရတဲ့ အမျိုးသားညီလာခံကို (၂၀၀၄) ခုနှစ်မှာ ပြန်စခဲ့တယ်။ NLD က ပြန်မတက်ဘူး။ ဒါကလဲ ၁၉၉၆ ခုနှစ်မှာ NLD က တင်ပြခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေး အဆိုပြုချက်ကို နအဖဘက်က ငြင်းပယ်ခဲ့ပြီး NLD ကို အမျိုးသားညီလာခံကနေ တဘက်သတ် ထုတ်ပယ်ခဲ့လို့ပဲဖြစ်တယ်။

အဲဒီတော့ NLD နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မပါတဲ့ ညီလာခံဟာ လူထုကိုယ်စားပြုမှုမပါ သလောက်ပဲလို့ ပြောလို့ရတယ်။ အဲဒီမှာ နအဖဟာ အပစ်အခတ် ရပ်စဲထားတာရော ဘာရော အားလုံးကို သူ့ရဲ့အမျိုးသားညီလာခံကို တက်ကြဖို့ အတင်းအဓမ္မရော၊ အကျိုးစီးပွားပေးပြီး တော့ရော လုပ်တော့တာပဲ။ ပြီးတော့ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေဆိုပြီး ဆိုင်း ဘုတ်ကပ်လို့ ဒုတိယအကြိမ် ညီလာခံကို ညောင်နှစ်ပင်မှာ ပြန်စတော့တာပါပဲ။ ခုထိတော့ အမျိုးသားညီလာခံကနေပြီး ရေးဆွဲချမှတ်ထားပြီးဖြစ်တဲ့ အခြေခံမူပေါင်းဟာ (၁၀၄) ချက်
ရှိတယ်။ အဲဒါတွေရဲ့ အနှစ်သာရ အနှစ်ချုပ်ကိုတင်ပြပါမယ်။

ဥပဒေပြုရေး
အမြင့်ဆုံး ဥပဒေပြုရေးကတော့ ပြည်ထောင်စုလွှတ်တော်ဖြစ်တယ်။ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ လူမျိုးစုလွှတ်တော်တို့ ပါဝင်တယ်။ ပြည်သူ့လွှတ်တော်ကို ကိုယ်စားလှယ် (၄၄၀) နဲ့ ဖွဲ့စည်းတယ်။ (၃၃၀) ဦးကို လူထုက ရွေးချယ်တင်မြှောက်ရမယ်။ ကျန်တဲ့ (၁၁၀) က စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်က အမည်ပေးခန့်အပ်တဲ့ စစ်ဗိုလ်တွေဖြစ်တယ်။

လူမျိုးစုလွှတ်တော်ကိုတော့ (၂၂၄) ဦးနဲ့ ဖွဲ့စည်းတယ်။ (၁၆၈) ဦးကို လူထုက ရွေးချယ်တင်
မြှောက်ရပြီး ကျန်တဲ့ (၅၆) ယောက်ကတော့ စစ်တပ်က လွှတ်မယ့် စစ်ဗိုလ်ကိုယ်စားလှယ်တွေ ဖြစ်တယ်။ အဲဒီတော့ အမြင့်ဆုံး ဥပဒေပြုရေးမှာ စစ်တပ်က ကိုယ်စားလှယ်ဟာ လေးပုံ တပုံဖြစ်နေတယ်။ (၂၅) ရာခိုင်နှုန်းပေါ့။ အဲဒီအတိုင်းပဲ ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တွေမှာလဲ စစ်တပ်ရဲ့ပါဝင်မှုဟာ (၂၅) ရာခိုင်နှုန်းပဲဖြစ်တယ်။

အုပ်ချုပ်ရေး
အုပ်ချုပ်ရေးရဲ့အမြင့်ဆုံးအာဏာပိုင်က သမ္မတဖြစ်တယ်။ သမ္မတရဲ့အရေးကြီးဆုံး အရည် အချင်းက စစ်ရေးအမြင် ရှိရမယ်လို့ဆိုတယ်။ ဒီတော့ သမ္မတဟာ စစ်တပ်က လက်ရှိစစ်ဗိုလ် ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် စစ်မှုထမ်းဟောင်း ဖြစ်ရမယ်ဆိုတာ ဖြစ်နေတယ်။ ရွေးချယ်ပုံကလည်း လူထုက တိုက်ရိုက်မရွေးချယ်ရဘူး။ သမ္မတ ရွေးချယ်ရေးအဖွဲ့က ရွေးရမယ်။ သမ္မတရွေးချယ် ရေးအဖွဲ့ကို ဘယ်လိုဖွဲ့သလဲဆိုတော့ ပြည်သူ့လွှတ်တော်ထဲမှာရှိတဲ့ လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းထဲကနေပြီး ရွေးချယ်ထားတဲ့ သမ္မတရွေးချယ်ရေးအုပ်စုက တစု၊ လူမျိုးစုလွှတ်တော်ထဲမှာရှိတဲ့ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် (၇၅) ရာခိုင် နှုန်းထဲကနေပြီး ရွေးချယ်ထားတဲ့ သမ္မတ ရွေးချယ်ရေး အုပ်စုက တစု၊ လွှတ်တော် (၂) ရပ် စလုံးမှာပါဝင်တဲ့ စစ်တပ်က လူတွေထဲက သမ္မတ ရွေးချယ်ရေးအုပ်စုက တစု၊ အဲဒီ (၃) စုနဲ့
သမ္မတ ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့ပြီး အဲဒီအဖွဲ့က ရွေးချယ်ရမှာဖြစ်တယ်။

ဘယ်လိုရွေးချယ်ရမလဲဆိုရင်တော့ အဲဒီအုပ်စုတခုစီကနေပြီး သမ္မတလောင်း တယောက်စီကို အမည်တင်သွင်းကြရမယ်။ အဲဒီ သမ္မတလောင်း (၃) ယောက်ထဲကမှ သမ္မတကို သမ္မတရွေး ချယ်ရေးအဖွဲ့က ရွေးချယ်ရမှာဖြစ်တယ်။ အရွေးချယ်မခံရတဲ့ သမ္မတနှစ်ယောက်က ဒုသမ္မတ အဖြစ်ရှိမယ်။ အဲဒီတော့ စစ်တပ်က စစ်ဗိုလ်တယောက်ဟာ သမ္မတကြီးဖြစ်ရင်ဖြစ်။ မဖြစ်ရင်
တော့ ဒု-သမ္မတကတော့ ဖြစ်ရမှာပဲ။ ဒါက နိုင်ငံတော်ရဲ့ အကြီးအကဲဆိုတဲ့ အမြင့်ဆုံး အုပ်ချုပ် ရေးနေရာထဲမှာ စစ်တပ်က ပါဝင်နေတာဖြစ်တယ်။

သမ္မတရဲ့အာဏာ
သမ္မတဟာ အမြင့်ဆုံးအာဏာပိုင်ပဲ။ ပြည်ထောင်စု ၀န်ကြီးအဖွဲ့အရေအတွက်ကို သမ္မတက သတ်မှတ်ပေးရမယ်။ ၀န်ကြီးချုပ်ကို သမ္မတက အမည်စာရင်းတင် ခန့်အပ်ပေးရမယ်။ ပြည်ထောင်စုလွှတ်တော်ကို တင်ပြ အတည်ပြုချက်ယူရမယ်လို့ ဆိုထားပေမယ့် သမ္မတခန့်
ချင်တဲ့ လူကို ပြည်ထောင်စု လွှတ်တော်က ငြင်းပယ်နိုင်တဲ့ အခွင့်အရေးဆိုတာ မရှိသလောက်
ပါပဲ။

ဝန်ကြီးအဖွဲ့ထဲက ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ဒေသရေးရာဝန်ကြီး (၃) ယောက်ကိုတော့ စစ်တပ်က ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးတဲ့ စစ်ဗိုလ်ကို
သမ္မတက ခန့်ပေးရမှာဖြစ်တယ်။ ရှေ့နေချုပ်၊ တရားသူကြီးချုပ်တို့ကိုလည်း ပြည်ထောင်စု
ဝန်ကြီးချုပ်အတိုင်းပဲ သမ္မတကပဲ ခန့်အပ်နိုင်တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်
ဝန်ကြီးအဖွဲ့နဲ့ ၀န်ကြီးချုပ်တွေကိုလည်း သမ္မတကပဲ ခန့်အပ်နိုင်တယ်။

မြို့တော်ကြပ်ပြေး နေပြည်တော်ကိုလည်း ပြည်ထောင်စု အထူးဒေသလို့ခေါ်တယ်။ အဲဒီ ပြည်ထောင်စုအထူးဒေသရဲ့ အုပ်ချုပ်ရေး ကောင်စီဝင်တွေနဲ့ ကောင်စီဥက္ကဋ္ဌကိုလည်း
သမ္မတကပဲ ခန့်အပ်နိုင်တယ်။ ကောင်စီဝင်တွေထဲမှာ လုံခြုံရေးအတွက်ဆိုပြီး စစ်တပ်က စစ်ဗိုလ်တွေဟာ ကောင်စီဝင်အဖြစ် ပါဝင်ကြရမယ်။

ပြည်ထောင်စုဖွဲ့စည်းမှု
ပြည်ထောင်စုလို့ ခေါ်ဆိုပေမယ့် ဖွဲ့စည်းပုံကတော့ တိုင်းဒေသကြီး (၇) ခု။ ပြည်နယ် (၇) ခုနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တယ်။ အားလုံးက အဆင့်အတန်းတူတွေဖြစ်တယ်။ ဒီတော့ လူမျိုးစု တိုင်းရင်းသားတွေရဲ့ တန်းတူရေးဆိုတာ ဘယ်မှာလဲ။ မရှိဘူး။ ဗမာလူမျိုးက တိုင်း၊ ဒေသကြီး
(၇) အနေနဲ့ရှိပြီး ကျန်တိုင်းရင်းသား ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်စတာတွေက ပြည်နယ် တခုစီသာဖြစ်နေတယ်။ ဒီတော့ ဗမာနဲ့ ကျန်တိုင်းရင်းသားတွေဟာ (၇း၁) ဖြစ်နေတော့တယ်။

စစ်တပ် အခန်းကဏ္ဍ
စစ်တပ်က အနည်းဆုံး ဒုသမ္မတ တဦးအဖြစ် ပါဝင်နေမယ်။ ပြည်ထောင်စုလွှတ်တော်ထဲမှာ စစ်တပ်ရဲ့ပါဝင်မှု (၂၅) ရာခိုင်နှုန်းရှိတယ်။ အစိုးရ၀န်ကြီးဌာနကြီး (၃) ခုဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ဒေသရေးရာ စတဲ့နေရာ (၃) ခုမှာ စစ်တပ်ကပဲ ယူထားတယ်။ ပြည်နယ်၊ တိုင်းဒေသနဲ့၊ ပြည်ထောင်စု အထူးဒေသလို့ ခေါ်တဲ့ မြို့တော်ကောင်စီတွေမှာလည်း ပြည်ထဲရေး၊ လုံခြုံရေးနေရာတွေမှာ စစ်တပ်ကပဲ နေရာယူထားတယ်။ တပ်မတော်နဲ့ ပတ်သက်လို့တော့ သီးသန့်တောင်းဆိုထားပြန်တယ်။ အဲဒါက ဘာလဲဆိုတော့ စစ်တပ်ဟာ စစ်ရေးဆိုင်ရာကိစ္စ အားလုံးကို လွတ်လွတ်လပ်လပ် စီမံဆောင်ရွက်ခွင့်ရှိရမယ်။ ပြီးတော့ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စတွေမှာ စစ်တပ်ဟာ ပြည်သူလူထုတရပ်လုံးကို စိတ်ကြိုက် စီမံနိုင်ခွင့်ရှိရမယ် ဆိုတာပဲဖြစ်တယ်။

ပြည်သူ့အာဏာာနဲ့ အဆုံးအဖြတ်
သွားလေသူ ဗိုလ်ချုပ်ကြီးခင်ညွှန့် ၀န်ကြီးချုပ်အဖြစ်နဲ့ နအဖအတွင်း ရှိနေတဲ့အချိန်တုန်းက စစ်အုပ်စုအတွက် လမ်းပြမြေပုံဆိုပြီး အဆင့် (၇) ဆင့်ပါတဲ့ လုပ်ငန်းစဉ်တရပ်ကို ထုတ်ပြန်
ခဲ့တယ်။ ၂၀၀၃ ခုနှစ် ၊ သြဂုတ်လ (၃၀) ရက်နေ့ကပါ။ စစ်အုပ်အတွက်တော့ နေပြည်တော်
အိပ်မက်လို့ပြောရမယ်။ စစ်အုပ်စုရဲ့ မြေပုံညွှန်းအရ (၈) နှစ်ကျော် ရပ်နားထားခဲ့ရတဲ့ အမျိုးသားညီလာခံကို ညောင်နှစ်ပင်မှာ ဒုတိယအကျော့ ပြန်စတာဖြစ်တယ်။

ဒါက မြေပုံညွှန်းရဲ့ ပထမအဆင့်၊ ပြီးရင် ညောင်နှစ်ပင်အခြေခံမူတွေကို ဖွဲ့စည်းပုံအဖြစ်
ရေးဆွဲမယ်။ အဆင့် (၂) နဲ့ (၃) ပေါ့၊ ဘယ်လိုဆွဲမယ်၊ ဘယ်သူတွေက ရေးဆွဲမယ်ဆိုတာ
ထက် တင်ပြခဲ့တဲ့ အနှစ်သာရတွေအတိုင်းပဲ ဖြစ်လာမှာဖြစ်တယ်။ ပြီးရင် သူတို့ရေးဆွဲပြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို လူထုဆန္ဒ ခံယူမယ်လို့ဆိုတယ်။ ဘယ်လိုဆန္ဒခံယူမလဲ။ “ဘောလုံးကွင်း” ဆန္ဒခံယူပွဲ ပုံမျိုးလား၊ ဒါမှမဟုတ် အဖြူ၊ အမဲ မဲပုံးထောင်တဲ့ပုံစံလား၊ ဘာပဲဖြစ်ဖြစ် လူထုက အဆုံးအဖြတ်တော့ ပေးရမှာပဲဖြစ်တယ်။ ဒီနေရာမှာလည်း မြန်မာ နိုင်ငံမှာရှိတဲ့ မဲပေးနိုင်သူ ၅၀% က ထောက်ခံရင် အတည်ဖြစ်တယ်လို့ ဆိုပြန်တယ်။
ထားတော့၊ ပြည်သူတွေရဲ့ အနာဂတ်အတွက် စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို အဆုံးအဖြတ်ပေးကြရတော့မှာတော့ သေချာတယ်။ မဝေးတော့ဘူး။ ကိုယ့်ကြမ္မာ၊ ကိုယ့် အနာဂတ်အတွက် အဆုံးအဖြတ်ပေးရတော့မယ်။ ကိုင်း… ထောက်ခံမလား၊ ကန့်ကွက်
မလား။ ။

ခေတ်ပြိုင် သတင်းဂျာနယ်မှ ဆရာမင်းဟန်၏ ဆောင်းပါးကိုကူးယူတင်ပြသည်။
Continue reading ...

March 06, 2008

ပိုးထိုးတဲ့ ကြမ်း နှင့် အခြားကဗျာများ

Unknown | 4:10 AM | |
ပိုးထိုးတဲ့ကြမ်း

ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တိုင်း
အားမရဘူး
တောင်ကျရေလို အရိုင်းဆန်မှု အရှိန်မှာ
ငါဘာကြောင့်မစီးမျောနိုင်တာလဲ
သူတို့တွေ စိတ်ကြိုက် ထွန်ယက်နေရအောင်
ငါ့ရဲ့သွေးသားတွေက

သူတို့ပိုင်တဲ့
မြေယာတွေလား
လရောင်ချိုးချင်လို့ နေပူခံတာပါဆိုနေမှ
ညရောက်ရောက်ဖို့ကလည်း
ကြာလိုက်တာ အမေရယ်......။


ရေငွေ့ ပြန်ခြင်း

ငါ့ကိုယ်ငါ မိုးအဖြစ်ရွာသွန်းလိုက်ပါတယ်
(နယ်မြေသစ်မှာ စနစ်သစ်နဲ့ပေါ့)
ကံဆိုးပုံများ
မပြောင်းလဲတဲ့ ဟောဒီရေသေကန်ထဲမှာ
အရှေ့
အနောက်
တောင်
မြောက်
ဘယ်ကိုမှ စီးဆင်းခွင့်မရှိဘူး
တခါတခါ
ရေငွေ့အဖြစ်နဲ့
ကောင်းကင်ကို (အမေ့ရင်ခွင်)
ပြန်... တက်ချင်တယ်...။

မှတ်ချက်...ရေငွေ့ပျံ မဟုတ်ပါ (အိမ်ပြန်ခြင်းကိုဆိုလို၍-“ ပြန်”-ဆိုတာသုံးထားခြင်းပါ။)


အခွံ

ဘာမှမရှိတာကို အခွံ ပါလို့
ခဏခဏ ဘာသာပြန်နေရတာ
ကြာတဲ့အခါ
ခံတွင်းချဉ်လာရော
ရေကြည်ရာမြက်နုပါ
ခမ်းခြောက်နေတဲ့ ဒေသမှာ
ကန္တာရ ပီသဖို့
သဲမုန်တိုင်း တစ်ခုပဲ လိုတယ်
အလွမ်းသင့်ရာ စီးရင်းမျောရင်းနဲ့
ချောင်းရော မြောင်းပါ ကောသွားတာ ကြာလှပေါ့...
(ကျနော်ဟာ အဲဒီလိုချောင်းကော. မြောင်းကောပါ)
ထင်တဲ့အတိုင်းပဲ
ဘယ်ဦးထုပ်မှ ဦးခေါင်းကို တစ်လုံးထပ်ပိုပြီး
လုံခြုံမှုမပေးနိုင်ဘူးဆိုတာကိုလေ.....


ဆပ်ပြာ ပူပေါင်း

ပေါက်ပြီးကွဲတာဖြစ်ဖြစ်
ကွဲပြီးပေါက်တာဖြစ်ဖြစ်
နှစ်ခုစလုံးကို ပျက်သုဉ်းသွားတာပါလို့
ပြောမိတာလေးပါ...
ဒီမှာ
ခင်ဗျားဘယ်လောက်သိလည်း
ဒိုင်ယာရီထဲမှာ သေချာမှတ်ထားတာကွ
လှေနံဓါးထစ်တွေမဟုတ်ဘူး
တောက် ! !
ကိုယ့်ခေါင်း ကိုယ်ပြန်ထုဆစ်ရတာလောက်
လက်ဝင်တာမရှိဘူး.....။


နေနေ (နို့ဖိုးစခန်း)

ကျနော်၏သူငယ်ချင်းဖြစ်သူ နေနေသည် နို့ဖိုးစခန်းတွင်နေထိုင်နေရာမှ ကျနော့်အား သူ၏ရင်တွင်းဖြစ်ခံစားချက်များကို ကဗျာအဖြစ်ပုံဖော်၍ကျနော်ဆီကို ပေးပို့လိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ပေးပို့လိုက်သောကဗျာများအား ကျနော့်သူငယ်ချင်း မိတ်ဆွေများနှင့် မြန်မာပြည်သားအားလုံးကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ အားလုံးရဲ့ ရင်ထဲမှာ ကျနော့်သူငယ်ချင်းခံစားရတာကို မြင်နိုင်မယ် နားလည်ပေးနိုင်မယ်ဆိုရင် ကျေနပ်ပါပြီ...

လေးစားစွာဖြင့်
ပြည့်စုံ
Continue reading ...

March 05, 2008

ခွဲခွာချိန်

Unknown | 2:31 AM | |

အိပ်မပျော်တဲ့ည ဒီညပေါ့
ငါ ၀မ်းနည်းခြင်းတွေ ရေးခြစ်
အာရုဏ်ဦးကို
အိပ်မပျော်ခြင်းနဲ့ ရောက်ခဲ့
မြက်ခင်းစပ်က “နှင်း”တစက်ကြောင့် ဒီကဗျာဖြစ်ခဲ့တယ်။

ဥသြရဲ့ သံစဉ်
ရင်ဘတ်ထဲ အချိန်မတန်ခင် ပြန့်လွင့်
ချစ်ခြင်းမေတ္တာဆိုတာကို
ငါ့ပါးစပ်က ကြီးကြီးကျယ်ကျယ်မပြောခဲ့ပါဘူး။
ငါ့ကိုသူကမချစ်တာ သေချာခဲ့တယ်
ငါက သူ့ကိုချစ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

အဝေးလူက တေးသီလို့
ဖော်မဲ့ကြေကွဲမှု အထပ်ထပ်ရစ်ပတ်
အလွမ်းတွေရိုက်ခတ်မှုကြောင့်
မှိုင်းညို့ညို့တောင်တန်းတွေ လှိုင်းတံပိုးတွေထ
ပင်လယ်ပြင်ကျယ်က လှုပ်ခါပေါက်ကွဲ
စိမ်းလဲ့လဲ့မြက်ခင်းကျယ်ကြီးက မီးဟုန်းဟုန်းတောက်
စင်္ကြာဝဠာကြီးလည်း ဘောင်ဘင်ခတ်
အနန္တတန်ခိုးရှင်တွေလည်း ဘယ်ထွက်ပြေးကုန်ပြီမသိ။

ယုံကြည်ချက်တွေ ပါးလွှာပြီး
ခံစားချက်တွေ အင်အားမဲ့ခဲ့
ငါအော်ဟစ်မိ
ရင်ဘတ်ထဲက အသံနက်နက်
ပေါက်ကွဲမှုလား
နာမည်တစုံလား
ကြေကွဲမှု အငွေ့အသက်တွေလား
လွမ်းကွဲကြေ သံစဉ်တွေလား .....
........ ..... ...... ...... .......
..... ....... ........ ....... .......... ။

ပြည့်စုံ
Continue reading ...

March 03, 2008

နွေဦးရဲ့ လေထု

Unknown | 1:22 AM |
ဆောင်းနှောင်းလို့ နွေဦးရောက်တော့မည်၊ ထုံးစံအတိုင်း သစ်ရွက်အဟောင်းတွေကြွေဦးမည်။
နွေဦးမှာ ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန်ရေးကိုစခဲ့သည်။ ရန်သူကိုတိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်၍ စစ်မြေပြင်ကိုထွက်ခဲ့သည်။ နောက်မတ်လ(၂၇)ရက်နေ့မှာ ဖက်ဆစ်တွေကို စတင်တော်လှန်ခဲ့သည်။ ထို့အတူပီပြင်တဲ့နွေလေကလည်း ပီပြင်တဲ့အရပ်ဆီမှရောက်လာဦးမည်ဖြစ်သည်။ ပီပြင်တဲ့နွေဦးကိုရှုရှိုက်ပြီးထွက်ပေါ်လာသည့်အသံဖြင့် နွေဦးကိုပုံဖော်ရမည်ဖြစ် သည်။ ကျနော်တို့တိုင်းပြည်ရဲ့ လေထုဝန်းကျင်ကရော... ဘယ်လိုလည်း... လေဖိအားနည်းရပ်ဝန်းတစ်ခုလား၊ ရိုင်းစိုင်းလွန်းတဲ့မုန်တိုင်းအဖြစ်သို့ရောက်ရှိပြီး မိမိကိုယ်ရော ပတ်ဝန်းကျင်ကိုပါ ဖျက်ဆီးပြစ်ဦးမည်လား...။ ဒီလိုနဲ့ ပတ်ဝန်းကျင်လေထုကို စူးစမ်းမိခဲ့တယ်။

မေလမှာကျင်းပမဲ့ စစ်တပ်ရဲ့ ကောက်ကျစ်ပွဲကြီးအကြောင်းကိုကြားလိုက်ရတယ်..။ စစ်တပ်က ကောက်ကျစ်စဉ်းလှဲလာတာ ကြာပါပြီ လူတိုင်းသိပြီးသားပါ။ သေချာတာကတော့ တရားမျှတတဲ့ ဆန္ဒခံယူပွဲဖြစ်စေရမည်လို့ ပြောဆိုခြင်းမရှိသေးပါဘူး။ ထို့ကြောင့်ကျနော်တို့ ပြည်သူတွေဟာ စစ်တပ်ကရေးဆွဲမည့် မတရားတဲ့အခြေခံဥပဒေကိုအတည်ပြုမည့် ဆန္ခခံယူပွဲကြီးကိုရပ်တန်းကရပ်စေရန် ကန့်ကွက်ကြရမယ်၊ အသည်းကြားမှ မဲတပြားဖြင့်တမျိုး၊ လမ်းပေါ်ထွက်၍တဖုံ စသည်ဖြင့်နည်းမျိုးစုံနဲ့ကို ဆန့်ကျင်ကြရမှာဖြစ်ပါတယ်။ ကျနော်တို့ပြည်သူတွေဟာ အခုအချိန်မှမတိုက်ထုတ်နိုင်ရင် စစ်တပ်ရဲ့ မတရားတဲ့ အခြေခံဥပဒေကြီးဟာ နောင် မျိုးဆက်တွေ အစဉ်အဆက် သမိုင်းကြောင်းတွေပျောက်ကုန်လိမ့်မယ်။ နင်ပြားတွေဖြစ်နေအုံးမှာပါ။ ၎င်းဆန္ဒခံယူပွဲသည် ပြည်သူလူထုအား ကျွန်ဇာတ်ခင်းမည့် အဓမ္မဆန္ဒသဘောထားကောက်ခံပွဲသာဖြစ်သည်။ ထို့ကြောင့် ခွင့်သာခိုက်မှမလိုက်ချင်လျှင်ဆို သလို နောက်မှ အခွင့်သာမှ ပြန်တိုက်ယူမယ်ဆိုရင် အချိန်တွေအလဟသတ်ဆုံးရှုံးကုန်ပါမယ်.. ပေးဆပ်ခဲ့ရ ရင်းနှီးခဲ့ရတဲ့နှစ်တွေကလည်း မနည်းပါဘူး။ယခုဆိုလျှင် နှစ်ပေါင်း(၆၃)နှစ်ပြည့်တော့မယ် အကြမ်းဖက်ခံ ဖိနှိပ်ခံနေကြရတာ။ နောက်မှ အခွင့်သာမှဆိုလျှင်တော့ နှစ်ပေါင်းတော်တော်များရင်းနှီးပြီးမှ အရှိန်ယူပြီးမှ ပြင်ဆင်ဖို့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။သေချာတာက ကျနော်တို့ပြည်သူတွေသည် နာကြည်းမှုတွေနဲ့လုပ်နေတာမဟုတ် လက်စားချေနေတာမဟုတ် ညှိနှိုင်းဖြေရှင်းမှုကို မည်သည့်အခါမျှ ပြုလုပ်လေ့ မရှိဘဲ ဖိနှိပ်ရက်စက်မှုများ၊ အနည်းဆုံး ရိုက်နှက် ဖမ်းဆီးခြင်းဖြင့် ဖြစ်စေ၊ အဆိုးရွားဆုံး ပစ်ခတ် သတ်ဖြတ်ခြင်းဖြင့် ဖြစ်စေ ရက်ရက်စက်စက် နှိပ်ကွပ်ပစ်လေ့ရှိတဲ့ ဒီအစိုးရရဲ့မတရားမှုတွေကို ရပ်တန်းကရပ်စေရန်ဖြစ်သည်။အကြောင်း တိုက်ဆိုင်လို့ ဆရာနေမင်းနီရဲ့ ကဗျာလေးကိုဖော်ပြလိုက်ပါတယ်...။

တည်ဆောက်ရေး

အုတ်တချပ် ဆင့်ဆင့်
သဲတပွင့် ဖြည့်ဖြည့်
ပြည့်စုံမှုဆိုတာ
ခင်ဗျား မပါဘဲ မရဘူး...။

အုတ်တချပ် ကွဲကွဲ
သဲတပွင့် လျော့လျော့
အသဲပျော့တဲ့အထဲမှာ
ခင်ဗျားပါလို့ မဖြစ်ဘူး....။

ကျနော်တို့ရဲ့ ၀န်းကျင်လေထုက ရိုင်းစိုင်းလွန်းသည့်မုန်တိုင်းကြီးများ၊ အငြိုးကြီးလွန်းသည့် မိုးသီးမိုးပေါက်များကြားကနေ ကမ်းလွန်တနေရာမှ လှမ်းအော်ခေါ်နေသည့် လေထုဝန်းကျင်၊ ထို့ကြောင့် ကျနော်တို့ရဲ့ ကံကြမ္မာအမှောင်များနှင့် ၀န်းကျင်လေထုတွေကို ပီပြင်စေရန် ကျနော်တို့တွေ အသံမျိုးစုံဖြင့်နွေဦးမှာပုံဖော်ကြပါစို့။


ရုတ်သိမ်းခြင်းမရှိသေးသော စစ်အစိုးရအနေနှင် ၅/၉၆ကြေညာချက် ဖတ်ရှုလိုပါက ဤနေရာမှ ရယူပါ။

နအဖ၏ ဖွဲ့စည်းပုံမူကြမ်းကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် အတည်ပြုရေးဥပဒေမူကြမ်း ဖတ်ရှုလိုပါက ဤနေရာမှ ရယူပါ။

ပြည့်စုံ
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub