October 17, 2007

အမှန်တရားကိုဖော်ထုတ်ဖို့ ကျောင်းသား/ပြည်သူ လက်တွဲစို့

Unknown | 10:57 PM |

၂၀၀၇ မျိုးဆက်သစ်များသို့ အမှန်တရားကို ဖော်ထုတ်ဖို့ ကျောင်းသား / ပြည်သူ လက်တွဲစို့

ယနေ့အချိန်အခါ နိုင်ငံတော်တွင် ကြုံတွေ့နေရသည့် အခက်အခဲအခြေအနေများသည် မည်သည့် ခေတ်အခါနဲ့မျှ မတူတဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ငြီးတွားသံတွေဟာ အများပြည်သူတို့ နားနဲ့မဆံ့အောင် ကြားနေရတာ အမှန်တရားပါ။

ဘုန်းတော်ကြီးကျောင်းတွေကို စစ်မြေပြင်အလား စစ်သားတွေက ကြမ်းတမ်းစွာဝင်ရောက်ဖျက်ဆီး သံဃာတော်များစွာကို လည်းဖမ်းဆီး အဓမ္မလူဝတ်လည်း၊ လူငယ်လူရွယ်(အနာဂတ်၏ကြယ်ပွင့်)တွေကိုလည်း အကြောင်းအမျိုးမျိုးပြ၊ မသိနား မလည်သူများကို သက်သေအဓမ္မလုပ်ခိုင်း တရားမ၀င်ပုဒ်မများထုတ် ဖမ်းဆီးရိုက်နှက်နေတာတွေကို စိတ်မချမ်း မြေ့ဖွယ်ရာအဖြစ် မြင်တွေ့နေရတာ အမှန်တရားပါ။

ကိုယ့်တိုင်းပြည်၊ ကိုယ့်ရေမြေ၊ ကိုယ့်နေအိမ်၊ ကိုယ့်ကျောင်းတိုက်ဖြစ်ပါလျှက် ကိုယ့်နေရာမှာ မနေရဲ၊ မအိပ်ရဲ၊ မစားရဲ ဖြစ်နေကြရတဲ့ ရဟန်းသံဃာတွေ၊ ကျောင်းသားလူငယ်တွေ၊ ပြည်သူပြည်သားတွေ တရားမ၀င် ဒုက္ခအသီးသီးမှ လွတ်ကင်းလေမလား အတွေးတွေနဲ့ ပုန်းရှောင်နေကြရတဲ့ အဖြစ်အပျက်တွေ၊ နေ့စဉ်ညတိုင်း ဖြစ်ပျက်နေတာ နေ့စဉ်ထုတ် သတင်းစားပါမဟုတ်တဲ့ အမှန်တရားတွေပါ။

ကျောင်းသားပြည်သူများအနေနှင့် တိုင်းပြည်ရဲ့အနာဂတ်ရောင်ခြည်ကို ကမ္ဘာ့အလယ်မှာဝင့်ထည်စွာမြင်ရဖို့ဆိုလျှင် မတရားလှတဲ့ အာဏာရှင်အစိုးရ၊ ဆိုးရွားတဲ့စနစ်ဆိုးပုဒ်မတွေကို ဆက်ပြီးတည်ရှိခွင့်မပေးသင့်တော့တာ လက်တွေ့ကျတဲ့အမှန်တရားပါ။

အများပြည်သူများဘ၀တွေ မတရားတဲ့စီမံအုပ်ချုပ်ရေးစနစ်အောက်မှ မည်သည့်နည်းနှင့်မျှ ရှင်သန်တိုးတက်မလာ နိုင်တာတွေ၊ တစ်နေ့ရတဲ့ငွေ- တစ်မနက်စားလို့မလောက်ငှတာတွေ၊ အများပြည်သူတွေလက်ရှိဖြစ်ပျက်၊ ယုံကြည်ခံစားနေကြရတာတွေဟာ ကြေငြာ ပါသတင်းမဟုတ်တဲ့အမှန်တရားတွေပါ။

အတိတ်အစဉ်အဆက်နောင်တော်မျိုးဆက်တွေရဲ့ ပေးဆပ်တိုက်ပွဲ လူ့အခွင့်အရေးတောင်းဆို ခဲ့ကြတာတွေဟာ လုံးဝတရားတယ်ဆိုတာ ကျနော်တို့ မျိုးဆက်တွေအပါအ၀င် အများပြည်သူကြုံတွေ့လိုက်ရတဲ့ ဖြစ်ရပ်တွေက သက်သေပြနေပါတယ်။ နောင်တော် ကျောင်းသားကြီးတွေရဲ့ တာဝန်ကြေခဲ့တဲ့ သမိုင်းအစဉ်အလာတွေကို ကျနော်တို့ ၂၀၀၇ မျိုးဆက်သစ်တွေအနေနဲ့ ကိုယ့်တာဝန်ကိုယ် သိလက်ဆင့်ကမ်းသယ်ဆောင်ရင်း ဆိုးရွားတဲ့စနစ်ဆိုးကြီးကို အပြတ်ချေမှုန်းရန် လူငယ်များနှင့် ပြည်သူများ၏ စိတ်ဓါတ်ကို နိုးထစေ လိုက်ပါပြီ။

“ကျနော်တို့ကို မိဘပြည်သူတွေနဲ့ဝေးရာ၊ မြို့ပြင်တွေမှာ ကျောင်းသားအချင်းချင်းမစုဝေးနိုင်အောင် အစီအမံ ချထားသော်လည်း စိတ်တူကိုယ်တူ၊ ညီညွတ်သောအားတွေနဲ့ အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံးဖယ်ရှား ပစ်နိုင်ဖို့ စုဝေးနိုင်ရေးကို ကြိုးပမ်းကြရပါမည်၊ "လက်တစ်ဆုပ်စာ အာဏာရှင်လူတစ်စုကောင်းစားရေးကိုမလိုလားပဲ လူတန်းစားမရွေးတိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကောင်းစားရေး ” အတွက်လက်တွေ့ကျကျအကောင် အတည်ဖော်သင့်ကြောင်း တိုက်တွန်းနိုးဆော်လိုက်ရပါသည်။”

ရက်စွဲ - ၁၃ ရက်အောက်တိုဘာ ၂၀၀၇

၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများသမဂ္ဂ

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub