April 13, 2011

သင်္ကြန်ဆိုသည်မှာ

Unknown | 9:47 PM |

သင်္ကြန်.. “သင်္ကန္တ” ဟူသော ပါဠိဘာသာနှင့် “ သကြံင်္န္တ” ဟူသောသက္ကဋဘာတို့မှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး ကူးပြောင်းခြင်းဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ တစ်စက္ကန့်၊ တစ်မိနစ်မှ တစ်နာရီ၊ တစ်ရက်၊ တစ်လ စသည်အားဖြင့် ပြောင်းလဲရင့်သန်လာခြင်းသည် ကူးပြောင်းခြင်းပင်ဖြစ်သည်။ တစ်ဆယ့်နှစ်လပြည့်သော် တစ်နှစ်ဟောင်းချိန်ဖြစ်လျက် တစ်နှစ်သစ်ရန်တာဆူရပေမည်။
ထိုသို့ တစ်နှစ်အို၍ တစ်နှစ်ပျိုသည့် ကာလကို ကူးပြောင်းကာလ (သို့မဟုတ်) သင်္ကြန်အတာကာလ ဟုခေါ်တွင်သမုတ်ခဲ့ကြပါသည်။ တန်းခူးလသည် သက္ကရာဇ်ဦးခေါင်းပြောင်းတော့မည့်လ ဖြစ်ရာ နှစ်ဟောင်းမှ အညစ်များသည် နှစ်သစ်သို့ပါလာရန် မသင့်ပေ၊ လူတို့အနေအထားအရဆိုသော် နှစ်ဟောင်းမှ စွန်းထင်းပေကျံလာသော ဒုစရိုက်မှု၊ အပြစ်အညစ်အကြေးများသည် အနာတ်ဂတ်နှစ်ဆန်းသို့ လိုက်ပါလာမှုကို လိုလားကြမည်မဟုတ်ပါ။ ထို့ကြောင့် သင်္ကြန်၏ သဘောသရုပ်ကိုဆန်းစစ်ကြည့်လျှင် နှစ်ဟောင်းမှ မလိုလားအပ်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဘ၀အခြေအနေ အရပ်ရပ်ကို သံယောဇဉ်ကင်းကင်းနှင့် စွန့်ပယ်၍ နှစ်သစ်တွင် အားမာန်သစ်များကို ဖွင့်လှစ်လိုက်သော အခါသမယပင်ဖြစ်သည်ဆိုရမည်။ နှစ်ဟောင်းမှအညစ်အထေးမှန်သမျှကို သန့်စင်ကြည်လင်သော သင်္ကြန်ရေနှင့် ဆေးကြောပစ်ခြင်းဖြစ်နှစ်သစ်ကာလအတွက် ရွှင်းလန်းတက်ကြွမှု၊ ချမ်းမြေ့သာယာမှုစသော အလုပ်သုံးပါးတွင် ရှေ့နောက်ကြောင်းကျိုးညီညွတ်မှုသဘောကိုဆောင်ယူလေသည်။
ကူးပြောင်းခြင်းသဘောဆောင်သည့်အတာသင်္ကြန်ကို သင်္ကြန်ပန်းဖြစ်သည့် ပိတောက်ပန်းသည် ပြောင်းလည်းခြင်းကို ကိုယ်စားပြုသည့် သင်္ကေတပန်းဖြစ်လာသည်။ ထို့ကြောင့်ကျနော်တို့တွေသည် ၀င်းဝါသော ပိတောက်ရွှေဝါရိပ်မှာပင် တစ်ဦးနှင့်တစ်ဦး ရေပက်ဖြန်းကစားခဲ့ကြသလို ရေ၏သန့်စင်ခြင်း သဘောက နှစ်ဟောင်းမှ အညစ်အထေးများကို ဆေးကြောရာရောက်သည်။ ရေ၏အေးမြခြင်း သဘောက နှစ်သစ်ကို မေတ္တာဖြင့် ကြိုလိုက်သည့်နိမိတ်ဖြစ်သည်။

ဝေးနေရအုံးမယ် သင်္ကြန်ရေ....
လွမ်းတမ်းတနေရုံမှ အပ ဘာမှ မတတ်နိုင်ခဲ့တဲ့နေ့တွေပါ...။

ပြည့်စုံ
Continue reading ...

August 31, 2009

ဗလာကောင်းကင်

Unknown | 9:02 AM | |
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ အစကဒါတွေနားမလည်ခဲ့ဘူး ဒါလေးများဘာမိတွန်သောက်ပျောက်ပေါ့ထင်ခဲ့မိတယ်…။ တကယ်တော့ လူတစ်ဦးတစ်ယောက်တိုင်းမှာ အမှတ်ရစရာအတွေ့ကြုံလေးတွေဖြစ်ဖူး ရှိဘူးကြမှာပါ။
ကျနော်တို့ပျော်ရွှင်ခဲ့တယ်၊ ကျနော်တို့ဝမ်းနည်းခဲ့တယ်၊ ကျနော်တို့ ရူးသွပ်ခဲု့ကြတယ်၊ ကျနော်တို့ စွဲလမ်းခဲ့ကြတယ်၊ နောက်ဆုံးတော့လည်းကျနော်တို့လမ်းခွဲခဲ့ကြတယ်…။ တစ်စုံတယောက်က တစ်စုံတရာကို စောင့်ရသလိုမျိုး တစ်စုံတရာက တစ်စုံတယောက်ကို ထားခဲ့သလိုမျိုးနဲ့ နှလုံးသားရေလည်အုံကြီး စုပ်ကွဲတဲ့အထိပေါ့…။
တချိန်ကကျနော့်ရင်ထဲကို ပုစ္ဆာလေးတစ်ပုဒ်ဝင်ရောက်မွှေနှောက်ခဲ့တယ် ပျော်ရွှင်ပြီးလွတ်လပ်မှုကိုမြတ်နိုးတဲ့ ကျနော့်ကိုမှ ကံကြမ္မာက ကျီစယ်တာလား ရှေးရေစက်ကြောင့်လားမသိ ကျနော့်စိတ် ကျနော့်အသိ ကျနော့်အာရုံတစ်ခုလုံးကိုဖမ်းစားစေတဲ့ ပုစ္ဆာလေးပေါ့…။ အထိအတွေ့ကြောင့်လား ကျနော်တွေးတတ်လာခဲ့တယ်၊ ဆွေးတတ်လာခဲ့တယ်၊ ကျနော့်ကြိုးစားမှုကြောင့်လား ကံကြမ္မာမျက်နာသာပေးမှုလားတော့မသိ
နောက်ဆုံးပုစ္ဆာလေးရဲ့အဖြေကိုရရှိခဲ့တယ်...။
ကျနော်မျှော်လင့်ချက်နဲ့ အသက်ရှင်စိတ်ကူးယဉ်မှုတွေ အကောင်ထည်ဖော်ဖို့ ကျနော်ကြိုးစားခဲ့တယ် ကျနော်ရိုးသားခဲ့တယ်။
ဒါပေမယ့် မတည်မြဲတဲ့ပြောင်းလဲခြင်းတရားကြောင့် ကျနော့်အိပ်မက်ရှည်တွေပျက်သုဉ်းခဲ့ချိန်ပေါ့ ကျနော်ရရှိခဲ့တဲ့ဖြေ ကျနော်မြတ်နိုးတန်ဘိုးထားတဲ့အရာက အစစ်အမှန်မဟုတ်ခဲ့ဘူးလေ…။ ကျနော်နားလည်ပါတယ် ကျနော်တို့ထာဝရတည်မြဲတယ်လို့ထင်ခဲ့တဲ့ မိုးကောင်းကင်ကြီးတောင်မှ နေရာဒေသအလိုက် ရာသီဥတုအလိုက် ပြောင်းလဲဖောက်ပြန်ကုန်ပြီလေ…။
ကမ္ဘာ့မြေပြင်တောင် တစ်ခါတစ်ရံ ကွက်တိကွက်ကြား ငလျင်လှုပ်ခဲ့တယ်..။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ယုံကြည်ခဲ့တဲ့ကျနော် အဖြေမှားကိုမှ အမှန်ထင်ခဲ့တယ်…။
သူငယ်ချင်းတို့လည်းတစ်သက်မှာတစ်ခါလောက်တော့ ပုစ္ဆာလေးတစ်ပုဒ်လောက်တော့တွက်ဖူးမှာပါ ကိုယ်တွက်တဲ့ပုစ္ဆာလေး အဖြေမှန်ရဖို့ဆုတောင်းဖူးကြမှာပါ…।။

တစ်စုံတယောက်က တစ်စုံတရာကို စောင့်ရသလိုမျိုး
တစုံတရာက တစ်စုံတယောက်ကို ထားခဲ့သလိုမျိုးနဲ့
အရိုင်းဆန်တဲ့
နှလုံးသားရေလည်အုံကြီး စုပ်ကွဲတဲ့အထိ
နင့်နဲစွာ ကြေကွဲကြ
နင့်နဲစွာ ခံစားကြအုံးပေါ့॥။


ဗလာကောင်းကင်

ကိုယ့်ကောင်းကင် သူဖန်ဆင်းလို့
သူ့လမင်းနဲ့ ကိုယ်သာခဲ့
ကောင်းကင်နဲ့ ရင်ချင်းထပ်
ကြယ်တွေထက် ပိုလင်းလက်ဖို့
ကိုယ့်ရင်ခွင်ကြားမှာ
သူခဏ မှေးစက်ဘူးတယ်...၊
သူစံပျော်ရာ ကိုယ့်ကမ္ဘာမှာ
ပျော်ရွှင်မှုတွေ
ပြီးပြည့်စုံခြင်းတွေ
ခွန်အားတွေ
ယုံကြည်မှုတွေနဲ့
ကိုယ့်ကောင်းကင်သိပ်လှခဲ့တယ်…။
ကိုယ့်လမင်းလေး
အခုလည်း သာနေဆဲပါပဲ
ဒါပေမယ့်
ကိုယ့်ကောင်းကင်မှာတော့
မဟုတ်တော့ဘူးလေ...။

Anonymous + ပြည့်စုံ
Continue reading ...

April 15, 2008

ကူးပြောင်းခြင်း အတာသင်္ကြန်

Unknown | 7:51 PM |

သင်္ကြန်.. “သင်္ကန္တ” ဟူသော ပါဠိဘာသာနှင့် “ သကြံင်္န္တ” ဟူသောသက္ကဋဘာတို့မှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး ကူးပြောင်းခြင်းဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ တစ်စက္ကန့်၊ တစ်မိနစ်မှ တစ်နာရီ၊ တစ်ရက်၊ တစ်လ စသည်အားဖြင့် ပြောင်းလဲရင့်သန်လာခြင်းသည် ကူးပြောင်းခြင်းပင်ဖြစ်သည်။ တစ်ဆယ့်နှစ်လပြည့်သော် တစ်နှစ်ဟောင်းချိန်ဖြစ်လျက် တစ်နှစ်သစ်ရန်တာဆူရပေမည်။ ထိုသို့ တစ်နှစ်အို၍ တစ်နှစ်ပျိုသည့် ကာလကို ကူးပြောင်းကာလ (သို့မဟုတ်) သင်္ကြန်အတာကာလ ဟုခေါ်တွင်သမုတ်ခဲ့ကြပါသည်။ တန်းခူးလသည် သက္ကရာဇ်ဦးခေါင်းပြောင်းတော့မည့်လ ဖြစ်ရာ နှစ်ဟောင်းမှ အညစ်များသည် နှစ်သစ်သို့ပါလာရန် မသင့်ပေ၊ လူတို့အနေအထားအရဆိုသော် နှစ်ဟောင်းမှ စွန်းထင်းပေကျံလာသော ဒုစရိုက်မှု၊ အပြစ်အညစ်အကြေးများသည် အနာတ်ဂတ်နှစ်ဆန်းသို့ လိုက်ပါလာမှုကို လိုလားကြမည်မဟုတ်ပါ။ ထို့ကြောင့် သင်္ကြန်၏ သဘောသရုပ်ကိုဆန်းစစ်ကြည့်လျှင် နှစ်ဟောင်းမှ မလိုလားအပ်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဘ၀အခြေအနေ အရပ်ရပ်ကို သံယောဇဉ်ကင်းကင်းနှင့် စွန့်ပယ်၍ နှစ်သစ်တွင် အားမာန်သစ်များကို ဖွင့်လှစ်လိုက်သော အခါသမယပင်ဖြစ်သည်ဆိုရမည်။ နှစ်ဟောင်းမှအညစ်အထေးမှန်သမျှကို သန့်စင်ကြည်လင်သော သင်္ကြန်ရေနှင့် ဆေးကြောပစ်ခြင်းဖြစ်နှစ်သစ်ကာလအတွက် ရွှင်းလန်းတက်ကြွမှု၊ ချမ်းမြေ့သာယာမှုစသော အလုပ်သုံးပါးတွင် ရှေ့နောက်ကြောင်းကျိုးညီညွတ်မှုသဘောကိုဆောင်ယူလေသည်။
ကူးပြောင်းခြင်းသဘောဆောင်သည့်အတာသင်္ကြန်ကို သင်္ကြန်ပန်းဖြစ်သည့် ပိတောက်ပန်းသည် ပြောင်းလည်းခြင်းကို ကိုယ်စားပြုသည့် သင်္ကေတပန်းဖြစ်လာသည်။ ထို့ကြောင့်ကျနော်တို့တွေသည် ၀င်းဝါသော ပိတောက်ရွှေဝါရိပ်မှာပင် တစ်ဦးနှင့်တစ်ဦး ရေပက်ဖြန်းကစားခဲ့ကြသလို ရေ၏သန့်စင်ခြင်း သဘောက နှစ်ဟောင်းမှ အမုန်းများကို ဆေးကြောရာရောက်သည်။ ရေ၏အေးမြခြင်း သဘောက နှစ်သစ်ကို မေတ္တာဖြင့် ကြိုလိုက်သည့်နိမိတ်ဖြစ်သည်။ ထို့ကြောင့် နောင်ကျနော်တို့မျိုးဆက်တွေ အနာဂတ်လူငယ်တွေအတွက် အမွေထားခဲ့ကြရမှာဖြစ်တယ် ဒါ့ကြောင့် စစ်မှန်ပြီးတရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ်တည်ရှိရေး အာဏာရှင်စစ်အစိုးရကိုတော်လှန်ဖြုတ်ချရေး၊ ယခုစစ်အစိုးရ၏ဆန္ဒမဲကိုကန့်ကွက်မဲပေးရေး စသည်တို့ကို နောင်မျိုးဆက် သားစဉ်မြေးဆက် ယခုလို စစ်ကျွန်ဘ၀မရောက်ရလေအောင် အမှန်တရားတွေကိုဖော်ထုတ်သွားကြပါရန် တိုက်တွန်းလိုက်ပါသည်။

ပြည့်စုံ
Continue reading ...

March 26, 2008

ဒုတိယ ဖက်ဆစ်တော်လှန်ရေးနေ့ကို ကျင်းပကြပါစို့

Unknown | 1:04 AM |

မတ်လ(၂၇)ရက်နေ့သည် ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့သည်မှာယခုဆိုလျှင် (၆၃)ပြည့်ပြီဖြစ်သည်။ မတ်လ(၂၇)ရက်နေ့သည် တပ်မတော်နေ့ဖြစ်ပါသလား ? အဘယ့်ကြောင့်ဆိုသော အဖွဲ့အစည်းတစ်ခုသည် စတင်ဖွဲ့စည်းခဲ့သည့်နေ့ကိုအစွဲပြု၍ အထိမ်းအမှတ်ပြုလုပ်ကြသောကြောင့်ဖြစ်သည်။ ဥပမာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး စတင်ဖွဲ့စည်းတည်ထောင်သည့်နေ့ အောက်တိုဘာလ(၂၄)ရက်ကို ကမ္ဘာ့ကုလသမဂ္ဂနေ့အဖြစ်သတ်မှတ်ခဲ့သည်။ လွတ်လပ်ရေးရပြီးခါစနှစ်များတွင် မတ်လ(၂၇)ရက်နေ့ကို “ဖက်ဆစ်တော်လှန်ရေးနေ့”အဖြစ်အောင်ပွဲသဘင်ဆင်ယင်ကျင်းပခဲ့ကြသည်။ တကယ်တော့ မတ်လ(၂၇)နေ့သည် “ဖက်ဆစ်တော်လှန်ရေးနေ့”သာဖြစ်သည် တပ်မတော်နေ့မဟုတ်ပါ။ စတင်ဖွဲ့စည်းတည်ထောင်သောနေ့ဆိုလျှင် ဒီဇင်ဘာ(၂၆)ရက်နေ့သည်သာ ဗမာတမျိုးသားလုံးတိုင်းရင်းသားအားလုံး ကိုယ်စားပြုသောတပ်မတော်နေ့သာဖြစ်သင့်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် ၁၉၄၁ ဒီဇင်ဘာလ(၂၆)ရက်နေ့ စနေနေ့ည (၁း၀၀)နာရီအချိန်တွင် ယိုးဒယားပြည် ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏နေအိမ်တွင် (BIA)ခေါ် ဗမာ့တပ်မတော်ကိုစတင်ဖွဲ့စည်းပြီး လက်မောင်းသွေးဖောက်သောက်ခဲ့ကြသည်။ထို့နောက် ၁၉၄၅ မတ်လ(၁၇)ရက်နေ့တွင် ရန်သူကိုစတင်တော်လှန်တိုက်ခိုက်ရန်အတွက် တပ်မတော်ဦးဆောင်၍ စစ်မြေပြင်ကိုထွက်ခဲ့သည်။ မတ်လ(၂၇)ရက်နေ့တွင် တိုင်းသူပြည်သားများအား သေနတ်ဖြင့်ဖိနှိပ်၊ အမျိုးသမီးများအား အဓမ္မပြုကျင့်၊ ပြည်သူများ၏ပစ္စည်းများကို မတရားသိမ်းစည်းခဲ့ကြသော စက်ဆုပ်ရွံ့ရှာမုန်းတီးဖွယ်ကောင်းသော ဖက်ဆစ်ဂျပန်တို့ကို (BIA) ဗမာ့တပ်မတော်သည် ပြည်သူလူထုအားနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့နှင့် လက်တွဲ၍ တော်လှန်ဆင်နွှဲခဲ့သည့်နေ့ဖြစ်ပါသည်။
အာဏာရှင်စစ်အစိုးရသည် တိုင်းပြည်ချောက်ထဲကျတော့မည်၊ ပြည်ထောင်စုကြီးပြိုကွဲတော့မည် ဆိုသည့် အကြောင်းပြချက်ဖြစ် ၁၉၆၂ခုနှစ် မတ်လ(၂)ရက်တွင်အာဏာသိမ်းခဲ့သည်။ ယင်းသို့သိမ်းပိုက်ခဲ့သော အာဏာရှင်စစ်အစိုးရသည် ၁၉၆၂ခုနှစ်မှ စ၍ (၄၆)နှစ်ကျော်သက်ဆိုးရှည်ခဲ့တဲ့စစ်အုပ်စုသည် ယနေ့ထိ လူထုကို အမြဲတစေ ဗိုလ်ကျအနိုင်ကျင့်ဖိနှိပ်အုပ်ချုပ်ခဲ့သည်။ အကြမ်းဖက် ဖက်ဆစ်နအဖခေါင်းဆောင်များသည် မတ်လ(၂၇)နေ့ကို တပ်မတော်နေ့ဟူ၍ သတ်မှတ်ခြင်းဖြစ် တပ်မတော်၏ ဂုဏ်ရည်များကို ပစ်ပယ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ကျနော်တို့သည် အနာဂတ်သမိုင်းအတွက် ဒီစစ်အာဏာရှင်စနစ်ဆိုးကြီးကို မဖြစ်မနေပြောင်းလဲပစ်ကြရမည် ဒါမှသာ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်နဲ့ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ထူထောင်နိုင်မှာပါ…။ ဒါကြောင့်မို့လို့ မြန်မာမျိုးချစ်တပ်မတော်သားများအနေဖြင့် အာဏာရူးစစ်ဗိုလ်ချုပ်တစုမတရားသိမ်းပိုက်ထားသော အကြမ်းဖက် ဖက်ဆစ်နအဖတပ်မတော်အား အမြန်ဆုံးပြန်လည်သိမ်းပိုက်၍ ပြည်သူချစ်သော ပြည်သူ့တပ်မတော်အဖြစ်ပြောင်းလည်းသင့်ပါကြောင်းတိုက်တွန်းအပ်ပါသည်။

ပြည့်စုံ
Continue reading ...

March 23, 2008

လက်တွဲဖော်

Unknown | 1:08 AM |

မစိုးဝှက်က တက်ထားတာကြာပါပြီ.. ကျနော်လည်း ကွန်နက်ရှင်မကောင်းတာရယ်…. လမ်းခရီးမှာရောက်နေတာရယ် အလုပ်တွေများနေတာနဲ့ မရေးဖြစ်မတင်ဖြစ်တာပါ… အခုကျနော်လည်း စိတ်ကူးပုံဖော်မိတာလေးတွေတင်ပေးလိုက်ပါတယ်... အခြားသူတွေလို မည်သည့်စံနှုန်းတွေ ကိုယ်ကကြိုက်တာတွေ သူကတော့ ဘယ်လိုဘယ်ဝါဆိုတာတွေတော့ မပါပါဘူး.. ကျနော့်စိတ်ကူးထဲက ဖြစ်စေချင်တာလေးတွေကို လေ့လာမိသလောက်မျှဝေးပေးလိုက်တာပါ…။ တကယ်တော့ကျနော်က လက်တွဲဖော်တော့မရှိသေးပါဘူး.. ရည်ရွယ်သူတော့ရှိကောင်းရှိလိမ့်မည်...(တကယ်ပါ) ဒါပေမယ့်….

ဘာမှသေချာရေရာခြင်းမရှိတဲ့ လောကကြီးထဲမှာ အချစ်နဲ့ဘ၀ တစ်ထပ်တည်းကျဖို့ဆိုတာ မလွယ်ပါဘူး.. ကံစီမံရာပေါ့...။ ကျနော်တို့ မြန်မာအိမ်ထောင်မှုဓလေ့မှာရှောင်ရန် ဆောင်ရန်ဆိုတာကို အားလုံးသိကြမည်ထင်တယ်..။ “ဓမ္မာ ၊ သောက ၊ အင်းဝ၊ ရာဇာ”စတဲ့ မရွေးချယ်ရဘူးဆိုပြီးအဆိုရှိတယ်.. .နောက် “ ဥဿ၊ စိန်ပန်း၊ ဒန်းလှ” ကိုရှာဆိုပြီးအဆိုတွေရှိနေကြပေမယ့် ကိုယ်ကအရမ်းချစ်နေရင်တော့ မဖြစ်ပြန်ဘူး.. ဖူးစာပေါ့လေ..။

ကိုယ့်ရဲ့အတ္တ တစ်ဝက်ပေးဆပ်ရခြင်းမျိုးမဟုတ်၊ သူ့ရဲ့အတ္တ အလုံးစုံပုံနှစ်ထားခြင်းမျိုးလည်းမဟုတ်တဲ့ တစ်ထပ်တည်းကျတဲ့ ဆုံးဖြတ်ချက်တွေ တသားတည်းရှိတဲ့ ခံစားမှုတွေနဲ့ နွေးထွေးခြင်းမျိုးရှိတဲ့ လက်တွဲဖော်….။

လျှို့ဝှက်ချက်မရှိ ရိုးသားပွင့်လင်းခြင်းသာအခြေခံတဲ့ ကြိုးတစ်ချောင်းက လူနှစ်ဦးကို ဘ၀ထဲမှာ သူရှိနေတာ အနှောင့်အယှက်တစ်ခုမဖြစ်စေဘဲ ပျော်ရွှင်ခြင်းနဲ့ ကြင်နာခြင်းသာ မျှဝေလိုသူ…။ သံယောဇဉ်တွေ ရစ်ပတ်နှောင်ဖွဲ့လို့ကြုံဆုံလာရမယ့် ဘ၀ရဲ့ အကောင်းဆုံးဆိုတဲ့ လောကဓံတရားတွေကို ရင်ချင်းအပ်ကျောချင်းကပ်ပြီး အတူဖြေရှင်းကြလို့ ဘ၀ထဲ ကကောင်းတာတွေယူပြီး အကောင်းတွေပဲ ပြန်လည်ပေးဆပ်ခိုင်းဖို့ လျှောက်လှမ်းရမယ့် ခရီးလမ်းတိုင်းအတွက် သူ့ရဲ့ လက်တစ်စုံဟာ ခွန်အားဖြစ်စေလိမ့်မယ်…။
သို့မှသာ တွေးလိုက်တိုင်းပျော်ပြီး အပျော်တွေပဲ တွေးမိစေတဲ့ ဘ၀တစ်ခုလုံးအပျော်တွေနဲ့သာ လွှမ်းခြုံရစ်ပတ်ထားတဲ့ အဲဒီချစ်ခြင်းတွေသည် အရာရာပြီးပြည့်စုံစေမှာပါ….။

အနာဂတ်နေ့သစ်တွေအတွက် ခရီးဆုံးတိုင်အတူရှိကြမယ့် မနက်ဖြန်တွေ မနက်တွေတိုင်းဟာ လှပနေလိမ့်မယ်ဆိုတာ အသေအချာပါဘဲ….။

ပြည့်စုံ
(ခေတ္တ-နို့ဖိုးစခန်း)

Continue reading ...

March 09, 2008

ဇာတိမြေ (သို့မဟုတ်) အိမ်

Unknown | 1:58 AM |
ပဲခူးတိုင်း၊ဝေါမြို့ဘူတာမှ ညောင်ခါးရှည် ရေနွေးငွေ့ရထား ညောင်ခါးရှည်ရွာသို့ထွက်ခွာနေပုံ

လူတိုင်းလူတိုင်းမှာ လွမ်းမောဖွယ်ရာ၊ နာကြည်းကြေကွဲစရာ၊ မေ့ပျောက်လွယ်တဲ့ ခံစားမှုတွေ ထို့အတူ နှလုံးသားထဲမှာ ထင်ကျန်ရစ်ခဲ့တဲ့ လွမ်းမောဖွယ်ရာ အတိတ်ဖြစ်ရပ်လေးတွေကိုယ်စီ ကိုယ်စီရှိကြပါတယ်။ အခုလိုအဝေးရောက်နေတုန်းမှာ လွမ်းအိပ်မက်တွေ အများကြီးမက်ခဲ့ရတယ်။ ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်ရပ်ရွာနဲ့ ဝေးရာဒေသကိုရောက်နေရသူတိုင်း ဟိုအရင်က သွားခဲ့လာခဲ့ နှစ်သိမ့်ကြည်နူးခဲ့ရတဲ့ လွမ်းစရာလေးတွေကို တမ်းတမ်းတတဖြစ်ကြလွမ်းမော တသသ ဖြစ်နေကြရတာ သဘာဝပါ။

နှစ်ရှည်လများ အကြာကြီးခွဲနေခဲ့ရသူများအဖို့တော့ ဆယ့်နှစ်လရာသီစလုံး လတွေရက်တွေကို လက်ချိုးရေတွက်ပြီး တမ်းတနေကြရတာချည်းပါပဲ။
မိုးတွေသည်းနေချိန်၊ မြူနှင်းမှုံပြပြ တစစနဲ့ဝေနေချိန်၊ ဖုံထူထူလမ်းမတွေ၊ အိပ်မပျော်တဲ့ညများစွာထဲက ညတည၊ ဒီညပေါ့ အတိတ်ကိုပြန်လည်တွေးမိခဲ့တယ်။ ငယ်စဉ်ကလေးအရွယ်ကတည်းက မတည်ငြိမ်ခဲ့တဲ့ဘ၀ရော်ရွက်ဝါလို လေလွင့်ခဲ့ရတယ်။ မျောလွင့်နေတဲ့နွေတိမ်တိုက်ကိုမော့ကြည့်ရင်း ဘာရယ်မဟုတ် ကြေကွဲစိတ်က ရင်ဘတ်ထဲရောက်ရောက်လာတယ်။ မျောလွင့်နေတဲ့ တိမ်တိုက်တွေဟာ ငါများလား၊ အဆုံးအစမရှိတဲ့ ကောင်းကင်ပြင်ထဲမှာ ဦးတည်ရာမဲ့ ပျံ့လွင့်နေတဲ့ဆေးရေးချယ်ထားတဲ့ တိမ်မိလ္လာတွေဟာ ကဗျာဆန်တယ် ကျယ်ပြန့်တယ်ဒါပေမယ့် မျောလွင့်နေတဲ့ ဟင်းလင်းပြင်ထဲမှာ အထီးကျန်ဆန်လွန်းလှတယ်။ ဒါတွေဟာ ဘယ်လိုဖြစ်ရတာလည်း...။
တခါတလေ အဆုံးအစမရှိ ဟင်းလင်းပြင်ထဲကိုငေးမောကြည့်ရင်း အားရပါးရအော်ဟစ်လိုက်ချင်တယ်၊ ပေါက်ကွဲမှုသက်သက်ဖြစ်မလား ငိုရှိုက်သံရောနေတဲ့ ကြေကွဲသံဖြစ်နေမလား၊ စိတ်ပြေလျှော့ရုံသက်သက်ပဲလား.....။
မွေးရပ်မြေ အမေ့အိမ်ရယ် ဇာတိမြေနဲ့ဝေးလေလေ ကံကြမ္မာရဲ့ ရိုက်ချက်တွေ ပြင်းထန်လေလေပါပဲလား။ တစုံတရာပိုင်ဆိုင်ဖို့အတွက်ဆိုတာ အိပ်မက်များလား၊ လှိုင်းကြမ်းကြမ်း လေနီကြမ်း၊ရိုင်းစိုင်းတဲ့ မုန်တိုင်းထဲကိုရောက်နေသလို မျှော်လင့်ချက်တွေဟာ လက်တွေ့ဘ၀တွေနဲ့ကွာခြားခဲ့တယ်။ ဆုံးရှုံးခြင်းတွေထပ်လာတော့ မမျှော်လင့်ရဲ့တော့၊ ရှင်သန်ကျွမ်းဝင်ရာ ၀န်းကျင်မှားယွင်းခဲ့လို့ လူသိမ်လူဖျင်းတယောက်လို ပတ်ဝန်းကျင်ကိုရှက်ရွံ့ထွက်ပြေးရမှာလား။ သေချာတယ် ငါလွတ်လပ်မှုကိုလိုချင်တယ်၊ ဖြူစင်ခြင်းကိုငါမြတ်နိုးတယ်။ တိတ်ဆိတ်ညရဲ့ နက်ပြာရောင်ကောင်းကင်ကြီးကို တနေ့တာအတွက်နှုတ်ဆက်ဖို့နောက်ဆုံးတချက်ကြည့်လိုက်မိ အိပ်မက်ကနေလန့်နိုးသလို ကြယ်တစင်းကြွေလွင့်သွားတာကို မြင်ခဲ့ရတယ်။ တကယ်ကြွေကျသွားခဲ့တာပါ ဆုတောင်းခဲ့မိ လူတိုင်းရဲ့နှလုံးသားမှာ ထာဝရမေ့မရတဲ့အရာ ဇာတိမြေနဲ့ အမေ့အိမ်ကိုပေါ့။ ကြီးကျယ်ခမ်းနား တဲ့နေရာအဆောက်အဦးဖြစ်နေပါစေ ပိုးသားဖဲမွေ့ယာနဲ့ခင်းကျင်းထားသော အခန်းဖြစ်နေပါစေ၊ ဇာတိမြေက အမေ့အိမ်လောက်လုံခြုံနွေးထွေးမှုရှိမည်မထင်ပါ။ အစားအသောက်တွေ ဘယ်လောက်ပဲ.. ပြီးပြည့်စုံနေပါစေ၊ အမေ့အိမ်က အချဉ်ရည်ဟင်းတခွက်လောက် အရသာရှိမည်မထင်ပါ….။
ဘယ်လောက်ပဲ ရိုင်းစိုင်းရက်စက် မာကျောခက်ထန်နေပါစေ၊ ဘယ်လောက်ပဲ နူးညံ့ပျော့ပျောင်းကြင်နာတတ်တယ်ဆိုဆို ထိုသူတွေရဲ့ရင်ထဲမှာ ထာဝရမေ့မရတဲ့အရာဟာ..... ဇာတိမြေ သို့မဟုတ် အိမ်.....

ဝေါမြို့မှ ပဲခူးစစ်တောင်းတူးမြောင်းနှင့်မီးရထားတံတား

ဒီပို့လေးဟာ တကယ်တော့ပြီးပြည့်စုံခြင်းမရှိသေးပါဘူး.. ထို့ကြောင့် ကျနော်၏ သူငယ်ချင်းများ အမ၊ ညီအစ်ကိုများဖြစ်သော ……..

အမစိုးဝှက်

ညီငယ်မောင်မျိုး

သူငယ်ချင်းလွမ်းစေ

သူငယ်ချင်းမလေးPinkgold

ပန်းခရေ(ခ) မမစိန်

ဟန်မဆောင်တတ်သော နှင်းပွင့်၊

ဒေးမူ ယုန်ကလေး

နှင်းလေး

ဆုဝေ

ညီငယ်ရှမ်းကလေး

သူတို့က ရင်ထဲရှိသမျှ ပုံဖော်သွားကြပါမည် သူတို့ဆီမှာ ဆက်လက်၍ ခံစားနိုင်ပါသည်။
အထူးအစီစဉ်အဖြစ်ကျနော်မဆက်သွယ်ခဲ့ရသော သူငယ်ချင်းညီအစ်ကိုများနှင့် ပို့စ်ကိုလာရောက်ဖတ်ဖြစ်သော သူများအားလုံးကို ဆက်လက်ရေးသားပေးကြပါရန် ဖိတ်ခေါ်တောင်းဆိုပါသည်။

ပြည့်စုံ

Continue reading ...

January 05, 2008

နိုင်ငံရေးဆိုတာ

Unknown | 8:55 AM | |
“ ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ ”
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က...“ အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊ ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရှင်းရှင်လို့ ခေါ်နိုင်တယ်။ သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။ ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊ သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ နိုင်ငံရေးပဲ ”

အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည်
ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင် အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။ အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာ မိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။ ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့် အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး အိပ်ခန်းသို့ ပြန်သွားလေသည်။



နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ ....
“ ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် ”
“ မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်”
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော် သူငယ်ချင်းစာသင်သားတွေကိုပြောပြလိုက်တာက...။
အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ ”



Continue reading ...

December 30, 2007

ကြိုဆိုပါ၏..

Unknown | 3:00 AM |

Happy New Years

နှစ်သစ်ကူးတဲ့ ရောင်နီရဲ့အလှဆုံးအချိန်ကို...ကမ္ဘာ့ကွန်ယက်တွေနဲ့အနေဝေးဝေးက အာမထိလျှာမထိ(ဝေါ)မြို့လေးက သောကတွေစက်လက်နဲ့ ပူပင်ပူလောင်မှုတွေကိုရင်မှာပိုက် လို့ ရောင်နီလာအလှကိုစောင့်ကြည့်နေရရှာတယ်...။

တခေတ်ပြီးတခေတ်၊ တနှစ်ပြီးတနှစ် ရာသီတွေအလီလီပြောင်း ရွက်ဟောင်းတွေလည်း အခါခါကြွေကုန်ပြီ၊လွမ်းရယ်မပြေတဲ့ ဇာတိမြေနဲ့ ခွဲခွာခဲ့ရတာ... (၅)နှစ်ပြည့်တော့မယ် ရာသီအလီလီပြောင်းပေမယ့် မဟောင်းနိုင်သေးတဲ့ ဇာတိမြေမှာအရင် အတိုင်းရောရှိသေးလားမသိ ပကိုင်တာကျိုးလို့ ပဲခူးရေလျှံ တို့ရဲ့ ဝေါမြို့လေးက ပက်လက် လံနေပြီလား... ။ထင်ပါတယ်အခုလောက်ဆို မိုးယွန်းကြီးအင်းကို နောက်ခံထားပြီး လှသွေး ကြွယ်နေလောက်ပြီ...။

လူတွေကိုချစ်တဲ့မြို့ကတော့ လူကိုဖုန်မှုန့်လေးတွေနဲ့ အနမ်းလေးတွေပေးခဲ့ဘူးတယ်။ဒါပေမယ့် မြို့ကိုချစ်တဲ့လူတွေ ကတော့ ဖုန်မှုန့်လေးတွေနဲ့ဝေးရာကိုရောက်သွား...ထွက်သွားကြကုန်ပြီ... လတ်လတ် ဆတ်ဆတ်ကြီးကိုပဲ ဝေးခဲ့ကြတယ်၊ ဒီလိုနဲ့ မြို့ကလေးကတော့ ဆန့်ကျင်ဘက်ရလဒ်တွေကိုသာ ရင်မှာပိုက်လို့ ကြံ့ခိုင်ကြေကွဲနေဆဲပေါ့လေ...။

လယ်ထဲကိုင်းထဲ၊ အင်းအိုင်ချောင်းထဲကနေ ပြေးထွက်လာတဲ့မြို့၊

ရာသီဥတုနဲ့တသားထဲကျတဲ့မြို့...။

ခံစားမှု ဒုက္ခ

ထိတ်လန်မှုအဖုံဖုံနဲ့

ဘ၀အမောတွေနဲ့မြို့လေးကတော့

ချွေးစို့စို့ အိပ်တန်းပျံ ညနေရီမှာ

ဘ၀အမောတွေကို ချိုင့်ထဲထည့်လို့...။

ကျရည် ခါးခါးမကြိုက်ပေမယ့်

CS 2.A, CS 2.B ဆိုင်လေးတွေကတော့ တဆိုင်ပြီးတဆိုင်ပေါ့။

နှစ်သစ်ကူးရဲ့ ညမှာ လွမ်းတေးတွေလည်း သွေးချင်းနီရဲအောင်ကိုပဲ ဝေခဲ့ကြတယ်။ကြွေခဲ့ကြတယ်။ သူငယ်ချင်းစည်သူနဲ့တာတီးရေ...တို့တွေရဲ့နှစ်သစ်ကူးဟာ အရောင်တွေမစုံပေမယ့်ရိုးသားမှုတွေနဲ့ပြည့်နှက်ခဲ့ ကြပါတယ်။

အလွမ်းမပြေတဲ့ ဇာတိမြေကိုညီမလေး Pinkgold ကိုဆက်ပြီး Tag လိုက်ပါတယ်...။

Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub