October 31, 2007

ပခုက္ကူသံဃာတော်များက မေတ္တာပို့လမ်းလျှောက်ဆန္ဒပြပွဲကို ပြန်လည်စတင်ပြီ

Unknown | 1:52 AM |

ပခုက္ကူမြို့က သံဃာတော်အပါး(၂၀၀)ခန့်ဟာ ဒီနေ့မနက် (၈)နာရီခွဲမှာ ဗိုလ်ချုပ်လမ်းတလျှောက် ပေါက်လမ်းမကြီးအတိုင်း မြို့ကိုပတ်ပြီး ကြွချီမေတ္တာပို့သပါတယ်။
အရှေ့ဆုံးတန်းကသံဃာတော်များက သာသနာ့အလံ(၃)ခုကိုကိုင်ဆောင်ထားပြီး ကျန်သံဃာတော်များက (၃)ပါးတတန်း စီတန်းပြီး မေတ္တာသုတ်ကို ရွတ်ဆိုကြွချီကြပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ရဟန်းသံဃာတော်များနဲ့ ပြည်သူလူထုကို စက်တင်ဘာနောက်ဆုံးအပတ်အတွင်းမှာ စစ်အစိုးရအာဏာ ပိုင်တွေက အကြမ်းဖက်ရိုက်နှက်ပစ်ခတ်တဲ့အတွက် တလနီးပါး ငြိမ်သက်သွားပြီးနောက် ဒီကနေ့မနက်မပိုင်းမှာ ပခုက္ကူသံဃာများက မေတ္တာပို့ကြွချီလမ်းလျှောက်ပွဲကို ပြန်လည်စတင်လိုက်တာဖြစ်ပါသည်။
အမျိုးသားညီလာခံကို ထောက်ခံပြီးသံဃာတော်များဆန္ဒပြမှုကို ဆန့်ကျင်တဲ့ပွဲကို ပခုက္ကူအာဏာပိုင်တွေက အတင်းအဓမ္မကျင်းပခဲ့တဲ့အတွက် ဒါကို တန်ပြန်ဆန့်ကျင်တဲ့အနေနဲ့ သံဃာတော်များက အခုလိုမေတ္တာပို့ကြွချီတာ ဖြစ်ပါသည်။
ညီလာခံထောက်ခံပွဲကို လုပ်ခွင့်ပေးရင် သံဃာထုကိုလည်း လွတ်လွတ်လပ်လပ်စီတန်းကြွချီမေတ္တာပို့ခွင့် ပြုရမယ်လို့ အာဏာပိုင်တွေကို သံဃာတော်များက ကြိုတင်အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
အာဏာပိုင်တွေက အမျိုးသားညီလာခံထောက်ခံပွဲအတွက် ပြည်သူလူထုကို အဓမ္မဆင့်ခေါ်ခဲ့ကြောင်း၊ တက်ရောက်သူကို ကျပ်(၁၅၀၀)ပေးပြီး မတက်ရောက်ရင် ကျပ်(၃၀၀၀)ပြန်ပေးရမယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
အာဏာပိုင်တွေရဲ့ အမျိုးသားညီလာခံထောက်ခံပွဲ မနက်(၈)နာရီမှာ အဆုံးသတ်ပြီးနောက် တစ်နာရီခန့် အကြာမှာ ပခုက္ကူသံဃာတော်တွေက စီတန်းကြွချီခဲ့တာဖြစ်ပါတယ်။

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub