ကိုသက် | အောက်တိုဘာ ၂၆၊ ၂၀၀၇
ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူတင်ပြသည်။
စစ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် လွန်ခဲ့သည့်လ ၂၆ ရက်နေ့က ရဟန်း သံဃာတော်များ၊ အန်အယ်လ်ဒီအဖွဲ့ဝင် များနှင့် ကျောင်းသား၊ ပြည်သူများ ကျဆုံးခြင်း တလပြည့်အထိမ်းအမှတ်အဖြစ် အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် မစုစုနွေးကဦးဆောင်၍ ရွှေတိဂုံဘုရား အနောက်ဖက်မုခ်၌ ယနေ့နံနက် ၆ နာရီကျော်တွင် အနီရောင်ပန်းခြင်းချကာ သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြောင်း သိရသည်။
Type rest of the post hereပန်းခြင်းချ သစ္စာအဓိဋ္ဌာန်ပြုကြသူများတွင် ၈၈ မျိုးဆက် ကျောင်းသားတဦးနှင့် နိုင်ငံရေးလှုပ်ရှားသူ ၂ ဦးလည်း ပါဝင်ပြီး နိုင်ငံရေးအင်အားစုများ၏ကိုယ်စား ကျဆုံးသွားသူများအတွက် လွမ်းသူ့ပန်းခြင်းကို ချရခြင်းဖြစ်သည်ဟု မစုစုနွေးက
ဧရာဝတီကို ပြောဆိုသည်။
“ရဟန်းသံဃာတော်တွေကို စစ်အစိုးရလက်ကိုင်တုတ်တွေက အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့တာဟာ သာသနာ ညှိုးနွမ်း အောင်လုပ်တာ၊ ဒါကိုကျမတို့ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်လို့ သံဃာတော်အရှင်မြတ်တွေရဲ့ ကံဆောင်သပိတ် မအောင်မြင်မချင်း မေတ္တာတရားကိုရှေ့ထားပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်တောင်းဆို သွားမယ်လို့ ကျမကတိသစ္စာ ပြုခဲ့ပါတယ်” ဟု မစုစုနွေးက ပြောသည်။
သံဃာတော်များနှင့် ကျောင်းသားပြည်သူများ အကြမ်းဖက်ခံခဲ့ရသည့် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၌ လွန်းသူ့ပန်းခြင်းချရန် မူလကစီစဉ်ထားသော်လည်း ထိုနေရာတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တင်းကျပ်စွာ ချထားသောကြောင့် ဘုရား အနောက်ဘက်မုခ်တွင်ချရခြင်းဖြစ်ကြောင်း မစုစုနွေးက ပြောသည်။
စက်တင်ဘာလ ၂၆ ရက်နေ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြသည့် သံဃာတော်များနှင့် ကျောင်းသား ပြည်သူများကို စစ်သား၊ ရဲ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက မျက်ရည်ယိုဗုံးများ သုံးကာ အကြမ်းဖက်ရိုက်နှက် ဖြိုခွဲခဲ့ကြပြီး ရာနှင့်ချီသော ရဟန်းရှင်လူတို့ကို ဖမ်းဆီးခဲ့သည်။ ၎င်းအကြမ်းဖက်မှုတွင် ကျဆုံးခဲ့သည့် ရဟန်းရှင်လူစာရင်းကို မရရှိသေးပေ။
ယမန်နေ့မှစ၍ ရန်ကုန်မြို့ ရွှေတိဂုံဘုရားနှင့် ဆူးလေဘုရားပတ်ဝန်းကျင်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို တင်းကျပ်စွာ ချထားပြီး ကြံ့ဖွံ့၊ စွမ်းအားရှင်များကိုလည်း တွေ့နေရသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ရန်ကုန်မြို့ရှိ သာမန်ပြည်သူတချို့ကလည်း ရဟန်းရှင်လူများကျဆုံးသည့် တလပြည့်အထိမ်းအမှတ် ဆွမ်းကျွေးပွဲများကို ပြုလုပ်ကြောင်းသိရသည်။
ကမာရွတ်မြို့နယ် လှည်းတန်းတွင်နေထိုင်သည့် တလပြည့်အထိမ်းအမှတ် ဆွမ်းကပ်သူတဦးက “အမြဲပင့်နေကျ ဘုန်းကြီး ၃ ပါးကို အိမ်မှာပင့်ပြီး ဆွမ်းကပ်တယ်။ လွန်ခဲ့သောတလက ဆုံးပါးသွားတဲ့ ပြည်သူတွေနဲ့ ရဟန်း သံဃာတွေအတွက် အမျှဝေတာပါ” ဟု ဧရာဝတီကို ပြောသည်။
1 comment:
ကျေးဇူးပဲ.....ညီကို...ဒီသတင်းကို..ကိုယ်..ခုမှ..ဖတ်ဖူးတယ်....ဘာကြောင့် လဲဆိုတော့ ...ကိုယ်လဲ..ခုမှ..online.ပေါ်ကို..ရောက်လို့ ပါ....
Post a Comment