November 29, 2007

လွမ်းရိပ်

Unknown | 10:48 PM | |


နှင်းတွေဝေနေလိုက်တာ ခေတ်နဲ့အပြိုင်ပဲ
ခြင်တွေတောင် တုတ်ကွေးမိကုန်ပြီ။

မွန်းကြပ်မှုတွေများတော့
ရိုးသားမှုတွေတောင် မာယာတွေနဲ့ဖြစ်ကုန်ပြီ။

သတိရတယ်
ပဲခူး-စစ်တောင်းတူးမြောင်းထဲက လှိုင်းတွေလိုပါပဲ။

ချမ်းမြ-၃လမ်းထဲက စည်သူတို့အိမ်သွားတဲ့
လမ်းကြားလေးကော အရင်လိုပဲလား။

စားစရာမရှိ လျော်စရာတော့ရှိရမယ်
လုပ်အားပေး၊ ထောက်ခံပွဲ တွေနဲ့အတူ
အေးချမ်း၊ သာယာ၊ ဖွံ့ဖြိုး စတဲ့နားကလောစရာတွေ
ပြည့်နက်နေတဲ့ အာမထိလျှာမထိမြို့လေးကတော့
မြို့ပြ ၊ ကျေးလက်တွေနဲ့အပြိုင် ရှင်သန်နေလေရဲ့။

ဖိုးခွားတို့ ဖိုးမူတို့ကတော့
ဗမာစစ်သားမြင်ရင် ဘာလုပ်ရမယ်ဆိုတဲ့
အသိသူတို့တွေသိကြတယ်။


ပြည့်စုံ
(၆-၁၁-၂၀၀၇ ၊ အုန်းပြန်ဒုက္ခသည်စခန်း)
Continue reading ...

November 28, 2007

(၂၈-၁၁-၂၀၀၇) မြန်မာသတင်းများ

Unknown | 9:08 AM |


ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်မှပေးအပ်သည့် နိုင်ငံရေးထူးချွန်ဆုရရှိ
ဗြိတိန်ရှိ နိုင်ငံရေးလေ့လာမှုအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား တသက်တာ နိုင်ငံရေးအထူးဆုချီးမြှင့်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် မြန်မာ့အရေးဆွေးနွေးမည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြော
မစ္စတာ ဂန်ဘာရီသည် ယခုနှစ်ကုန်တွင် မြန်မာပြည်သို့ သွားလို ကြောင်း
ဂမ်ဘာရီကို ပြည်ထဲရေးဝန်ကြီး မောင်ဦး ပြင်းပြင်း ထန်ထန်ဝေဖန
မြန်မာစစ်အစိုးရ၏ ဆက်လက် ဖမ်းဆီးနေမှုအပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ပြစ်တင်ရှုတ်ချ
မဂ္ဂင် ဘုန်းတော်ကြီးကျောင်း အပိတ်ခံရ
သီးလေးသီး အလုပ်ဖြုတ်ခံရ
Amnesty International: Myanmar's junta still arresting activists 2 months after crackdown
Crackdown on Rangoon Monastery Housing HIV Patients
Monks ordered to leave Maggin monastery
Monks refuse funeral blessing for militia leader
Combat training held in monastery compound
Ethnic delegates seeks Indian support for tripartite dialogue
Continue reading ...

November 24, 2007

ဒုက္ခသည်စခန်းမှာ ရိက္ခာတွေဖြတ်တုန်းက

Unknown | 1:23 AM | |
တနေ့ တနေ့
ဒီလမ်းမ၊ ဒီတောင်တန်းတွေကိုဘဲ
ကောင်းကင်နဲ့အပြိုင် ငုံ့ငေးကြည့်နေရတယ်။

ဒုက္ခသည် …..
ပေးတာယူ၊ ကျွေးတာစား၊ ထားရာနေ
ပေါ်တာတော့မရှိဘူး၊ လုပ်အားပေးတော့ရှိတယ်
ထောက်ခံပွဲတွေမရှိပေမယ့် အမိန့်တော့နာခံရတယ်။

ဒုက္ခသည်က နိုင်ငံခြားသွား
နိုင်ငံခြားသားက ဒုက္ခသည်တွေဆီလာတယ်။
အခက်ခဲဆုံးတွေက ပေါများပြီး
အလွယ်ကူဆုံးတွေက ရှားပါးနေတယ်။

“ အ “ သုံးလုံးနောက်လိုက်တော့
မီးဖိုဆောင်မှာ မီးခိုးတိတ်ခဲ့ရတယ်။

မှတ်ချက်။ ။` အ `သုံးလုံးဆိုတာ အိုင်တီ၊ အင်တာနက်၊ အင်္ဂလိပ်စာ၊

ပြည့်စုံ
(၂၄-၁၁-၂၀၀၇ နို့ဖိုးဒုက္ခသည်စခန်း )
Continue reading ...

November 15, 2007

နိုင်ငံရေး အကျဉ်းသား ၆ ဦး အင်းစိန်ထောင်မှ ပြန်လွတ်လာ

Unknown | 7:27 PM |
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပီညဲရိုး မြန်မာပြည်မှ ပြန်လည် ထွက်ခွာသည့် ယနေ့တွင် အင်းစိန်ထောင်မှ အကျဉ်းသားပေါင်း ၇၅ ဦး ပြန်လည် လွတ်မြောက်လာရာတွင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ပါဝင်သည်။

ယနေ့ နေ့လည်ပိုင်းက ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၆ ဦးမှာ ကိုထွန်းလင်းကျော် (မြို့တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ)၊ မုံရွာ ဥပဒေကျောင်းသား ကိုသက်နောင်စိုး (မြို့တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ)၊ ကျောက်တံတား မြို့နယ်မှ ကိုဖုန်းအောင် (မြို့တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ)၊ မွန်ပြည်နယ် ကျိုက်ထိုမြို့မှ မရီရီဝင်း (ပြင်ပ မီဒီယာနဲ့ ဆက်သွယ်မှု)၊ ကိုသိန်းနိုင်ဦး (ဒလမြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ)နှင့် စစ်တိုင်းတိုင်း မုံရွာမြို့မှ အမည်မသိရှိရသေးသူ တဦးတို့ ဖြစ်သည်။
“ဒီနေ့ ၁၁ နာရီခွဲလောက်ကပါ။ အားလုံး လွတ်တဲ့အထဲမှာ ယောက်ျားလေးက ၆ဝ၊ မိန်းကလေးက ၁၅ ယောက်။ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားဆိုလို့ ကျနော်တို့ ၆ ယောက်ပဲ ပါတယ်” ဟု ပြန်လည် လွတ်မြောက်လာသူ ကိုထွန်းလင်းကျော်က မဇ္ဈိမကို ပြောသည်။

ကိုထွန်းလင်းကျော်သည် ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့တွင် တကိုယ်တော် ဆန္ဒပြခဲ့သဖြင့် ထောင်ဒဏ် ၇ နှစ် ကျခံထားရပြီး ထောင်တွင်း၌ နေထိုင်စဉ် အဆုတ်တွင် ဒဏ်ရာ အနာတရ ရခဲ့သဖြင့် ခွဲစိပ်ကုသရန် အတွက်ပင် အသက်အန္တရာယ် စိုးရိမ်နေရသူ ဖြစ်သည်ဟု သိရသည်။

သူက “ထောင်ထဲနေထိုင်မှု ပုံစံတွေက ကျနော့်ရောဂါကို ပိုပြီး ဆိုးဝါးလာစေတယ်။ ပိုပြီး ပြင်းထန်လာပါတယ်။ ကျနော့်အဆုတ် တခြမ်းလုံး မကောင်းတော့တဲ့ အနေအထား ဖြစ်သွားပါပြီ” ဟု ပြောသည်။

အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများအတွက် ဆေးဝါးကုသမှု လုံလောက်စွာ မရရှိခြင်း၊ သန့်ရှင်းမှု မရှိသော အစားအစာများ၊ သောက်သုံးရေများ အစရှိသည့် အကျဉ်းသားများ ရပိုင်ခွင့် အခွင့်အရေး မရရှိခြင်းကြောင့် ခန္ဓာကိုယ် ချို့ယွင်းလာရသည်ဟု ယနေ့တွင် ပြန်လည် လွတ်မြောက်လာသူ ဒလမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုသိန်းနိုင်ဦးက ပြောသည်။

“ကျနော် အခု ကိုယ်တခြမ်း လေဖြတ်ထားတယ်။ ညာဘက် တခြမ်းလုံး လေဖြတ်ထားတဲ့အတွက် ဆေးဝါးကုသခွင့်ကို သက်ဆိုင်ရာ အာဏာပိုင်များကို အမျိုးမျိုးအခါခါ တင်ပြပေမယ့်လည်း အာဏာပိုင်တွေ အနေနဲ့ ထိရောက်တဲ့ ဆေးဝါးကုသမှု ခံယူဖို့အတွက် အခွင့်မပေးခဲ့ပါဘူး။ ထောင်မှာ လုံလောက်တဲ့ ဆေးဝါးတွေ မရှိတာက တကြောင်း၊ ဒီ ဖြစ်တဲ့ရောဂါ ဝေဒနာအပေါ်မှာ တာဝန်ကျ ထောင်ဆရာဝန်တွေက စိတ်စေတနာ ပါပါနဲ့ မကုသတဲ့ အတွက်ကြောင့် ဆေးဝါးကုသမှုကို လုံလုံလောက်လောက် မခံစားခဲ့ရပါဘူး” ဟု သူက ပြောသည်။

ကိုသိန်းနိုင်ဦးသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အထက် မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း လိုက်ပါလာသူများကို ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က ဒီပဲယင်းတွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့သည်ကို ကန့်ကွက် ရှုတ်ချသောအားဖြင့် အာဏာပိုင်များထံ အကြိမ်ကြိမ် စာပို့ခြင်းနှင့် ဆန္ဒပြရန်အတွက် ကြိုးပမ်း ကြံစည်ခြင်းတို့ကြောင့် ၂ဝဝ၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

ယနေ့တွင် ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများသည် ၂ဝဝ၃ နှင့် ၂ဝဝ၄ ခုနှစ်များအတွင်း အင်းစိန်ထောင်၌ အကျဉ်းချထား ခံခဲ့ရပြီး၊ သူတို့ကို လွှတ်ပေးရခြင်းနှင့် ပတ်သက်၍ ထောင်အာဏာပိုင်များက အကြောင်းပြချက် မပြောဘဲ နိုင်ငံရေး လှုပ်ရှားမှုများ လုပ်ဆောင်မည် မဟုတ်ကြောင်း ဝန်ခံကတိ လက်မှတ် ရေးထိုးခဲ့ကြရကြောင်း သိရသည်။ လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည့် အင်းစိန်ထောင် အဆောင် ၄၊ အခန်းနံပါတ် ၆ မှ ကိုကျော်ကျော် (တပ်ကြပ်ကြီးဟောင်း) ဆိုသူကို ပြန်လွှတ်မပေးဘဲ ထောင်ထဲသို့ ပြန်သွင်းခဲ့ကြောင်း သိရသည်။

ကိုထွန်းလင်းကျော်က “ကျနော့်အထင်ကတော့ ကျနော့် ကျန်းမာရေး အခြေအနေက အထဲမှာ ဆက်ကုသဖို့က အန္တရာယ် အရမ်းများတယ်။ ကုသရင်လည်း တခုခုဖြစ်မှာ ကြောက်တယ်လေ။ သူတို့လက်ထဲ ဆက်မထားချင်တော့ဘူး။ သူတို့လက်ထဲမှာ သေသွားမှာစိုးလို့ လွှတ်လိုက်တဲ့ သဘောလို့ ထင်ပါတယ်” ဟု ပြောသည်။
Continue reading ...

ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေငြာချက်ကို အဓိပ္ပာယ်ဖော်ခြင်း

Unknown | 7:10 PM |
လွန်ခဲ့သည့် နှစ်ပတ်က အထိန်းသိမ်းခံနေရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ သတင်းစကား ကြားရစေသင့်ကြောင်း ကျနော်က သတင်းသုံးသပ်ချက်တခု ရေးခဲ့သေးသည်။ ယခုတော့ ကုလသမဂ္ဂ အထူးသံကိုယ်စား လှယ် အီဗရာဟင် ဂန်ဘာရီမှတဆင့် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ကြေငြာချက်တခု ပြုလာခဲ့သည်။ ဤသတင်းကို
ကြားရသည့်အပေါ် ၀မ်းသာကြိုဆိုရမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ယခုထုတ်ပြန်ကြေငြာချက်ဖြင့် ၂၀၀၃ ခုနှစ်မှစ၍ ယခုအကြိမ် အိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရစဉ်ကာလအတွင်း ကြီးစိုးနေခဲ့သည့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်သွားသည့် ဂန်ဘာရီ၏ ယခုခရီးစဉ်တွင် ထူးထူးခြားခြားပြောစရာ မရှိဘဲ ခရီးစဉ်လည်း အရှုံးဖြင့် အဆုံးသတ်ရတော့မလို ဖြစ်နေခဲ့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ဂန်ဘာရီ ကို ကယ်တင်ခဲ့ သည်ဟု ပြောနိုင်ပြီး ဂန်ဘာရီက ဒေါ်အောင်ဆန်းစုကြည်၏ ကြေငြာချက်ကို ကိုင်ကာ ကုလသမဂ္ဂသံတမန်ရေး ကြိုးပမ်း မှုအတွက် ရလဒ်အဖြစ် ပြန်၍တင်ပြနိုင်ခဲ့သည်။
ယခုအချိန်တွင် အရေးကြီးသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေငြာချက်အပေါ် ဂရုတစိုက်သုံးသပ် အဓိပ္ပာယ်ဖော်ကြရန် ဖြစ်ပြီး သူမအနေဖြင့် နိုင်ငံရေးအရ မည်သို့ရပ်တည်နေကြောင်း နားလည်အောင် ကြိုးစားရန်ပင် ဖြစ်သည်။
ပထမအချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန် ကို ကျေးဇူးတင် ကြောင်းဖော်ပြ၍ မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂ၏ အနေအထားကို အားဖြည့်ပေးခဲ့သည်။ သူ၏ မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကိစ္စများအတွက် မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ခဲ့မှု များအတွက် ကျေးဇူးတင်သည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းဆိုသလိုပင် အထူးအရေးကြီးသည့် ပြဿနာများကို ကိုင်တွယ်ဖော်ပြလာခဲ့သည်။ အတိတ်ကာလက စစ်အစိုးရ၏ “ဆက်ဆံရေးအရာရှိများ” ပေါ်လာလိုက်၊ ပျောက်သွားလိုက် ရှိခဲ့သည်ကို ကြုံခဲ့ရပြီး သူမက ဗိုလ်ချုပ် အောင်ကြည်ကို သူမနှင့် စစ်အစိုးရအကြား လွန်းထိုးဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ် သည်ကို ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။
“အောက်တိုဘာလ ၂၅ ရက်နေ့က ကျမတို့၏ ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် အပြုသဘောဆောင်ကြောင်း နှင့် ရှေ့ဆက်၍ ပုံမှန်ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်း” ဆိုခဲ့သည်။ “ပဏာမအဆင့် ဆွေးနွေးတိုင်ပင်မှု များသည် မကြာမီ အဆုံးသတ်နိုင်လိမ့်မည်ဟု ကျမက မျှော်လင့်ထားပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ခေါင်းဆောင်များနှင့် အဓိပ္ပာယ်ပြည့်ဝသော အချိန်ကန့်သတ်ချက်ရှိသည့် တွေ့ဆုံဆွေးနွေးမှုများကို အတတ်နိုင်ဆုံး စောလျှင်စွာ စတင်နိုင်ရန် မျှော်လင့်ထားသည်” ဟုလည်း ဖော်ပြထားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေးဝန်ကြီးခန့်အပ်မှုကို တည်တံ့စည်းနှောင်မှုရှိသည့် လုပ်ငန်းစဉ်တခုအဖြစ် ပါးနပ် လိမ္မာစွာ အလေးအနက်ထား ဖော်ပြခဲ့သည်။ အကြောင်းမှာ အတိတ်ကာလများက အလားတူဆက်ဆံရေးအရာရှိ ခန့်အပ် ခဲ့ခြင်းများမှာ စစ်အစိုးရက အချိန်ဆွဲရန်နှင့် လှုပ်သာလှည့်သာ ကစားနိုင်ရန် လျှို့ဝှက်ကြံစည်မှုများ ဖြစ်နေခဲ့သောကြောင့် ပင်။
ဤအချက်မှာ သူမပေးလိုသည့် သတင်းစကားတွင် သေချာတွက်ဆ၍ ရှေ့တိုးလိုက်သည့် ခြေလှမ်းတခုဖြစ်ပြီး သူမက စစ် အစိုးရ ခေါင်းဆောင်များနှင့် တိုက်ရိုက်စကားပြောရန်ကိစ္စကို တောင်းဆိုခဲ့သည်။ ဗိုလ်ချုပ် အောင်ကြည်နှင့် ပြော ဆိုနေရုံ မျှဖြင့် အပြောင်းအလဲများ ဖြစ်ပေါ်ရန်အတွက် လုံလောက်လိမ့်မည် မဟုတ်ပါ။
တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်ရန် တောင်းဆိုခဲ့ပြီးနောက် သူမက စစ်အစိုးရနှင့် စိတ်လိုလက်ရ ပူးပေါင်းဆောင်ရွက်လို ကြောင်း ဆန္ဒသဘောထားကိုလည်း ဖော်ပြခဲ့သကဲ့သို့ ဤဆွေးနွေးပွဲလုပ်ငန်းစဉ်များအတွင်း၌ ကုလသမဂ္ဂ၏ကြားဝင် ဆောင် ရွက်ပေးမှုကိုလည်း ကြိုဆိုခဲ့သည်။
“နိုင်ငံ၏ အကျိုးစီးပွားကိုကြည့်၍ ကျမက ဤတွေ့ဆုံဆွေးနွေးပွဲများ အောင်မြင်စေရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင် ရွက်ရန် အဆင်သင့်ရှိနေပါသည်။ ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ကျမတို့၏ ဤကြိုးပမ်းဆောင်ရွက်ချက်များ အဆင်ပြေ ချောမွေ့စေရန် လိုအပ်သလို ပူးပေါင်းကူညီပေးမှုကိုလည်း ကြိုဆိုပါသည်”ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။
ပို၍ စိတ်ဝင်စားဖွယ်အချက်မှာ သူမက သူမ၏ အတိုက်အခံပါတီ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ကို အလေးပေး ဖော်ပြခဲ့ခြင်း ဖြစ်သည်။
နိုဘဲလ်ဆုရှင် သူမက NLD ပါတီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်နေသည်နှင့်အညီ၊ သူမပါတီ၏ လမ်းညွှန်မူဝါဒ၊ ဆန္ဒ သဘောထားများ အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဟုလည်း ဆိုခဲ့သေးသည်။
အမှန်တွင် ဤအချက်များက အသစ်ဖြစ်သည့် အချက်များ မဟုတ်ကြပါ။ သို့သော်လည်း ဤတကြိမ်တွင် ဒေါ်အောင်ဆန်း စုကြည်က အလှည့်အပြောင်းအသစ်သို့ ဦးတည်လာခဲ့ပါသည်။ “ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ဒီမိုကရေစီ အင်အား စုများ၏ စုစည်းညီညွတ်မှုနှင့် အမျိုးသား ညီညွတ်မှုသည် မရှိမဖြစ် အထူးအရေးတကြီးလိုအပ်နေသည်။ သို့ အတွက်ကြောင့် အကျယ်အပြန့်သော နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်အားစုများ၊ အထူးသဖြင် တိုင်းရင်းသားလူမျိုးစုများ၏ အကျိုးစီးပွား ဆိုင်ရာကိစ္စများ၊ အမြင်များကို အလေးနက်ထား၍ ထည့်သွင်းစဉ်းစားသွားရန် ကျမတွင် တာဝန်ရှိနေသည်” ဟု ဖြည့်စွက် ဖော်ပြခဲ့ပါသည်။
အမှန်ဆိုရလျှင် ဤထုတ်ပြန်ကြေငြာချက်သည် သေချာတွေး၍ ဂရုတစိုက် ပြင်ဆင်ထားသော သတင်းစကား ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစုများကို ဖော်ပြထည့်သွင်းထားခဲ့သကဲ့သို့ နိုင်ငံအတွင်း ဖရိုဖရဲပြိုကွဲရသည့်အခြေအနေနှင့် နိုင်ငံတော် ပြိုကွဲမည်ဟူသော စိုးရိမ်ပူပန်ချက်များ၊ ကြောက်ရွံ့စိုးရိမ်နေမှုများကိုလည်း ပြေလည်စေအောင် ထည့်သွင်းဖော်ပြထားခဲ့ ပါသည်။
အိမ်တွင် ရေဒီယိုကို ပုံမှန်နားထောင်လေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်က တချို့သော “မြန်မာ့အရေးကျွမ်းကျင်သူ” ဆို သူများ၊ ဒေသတွင်းရှိ အစိုးရများက စိုးရိမ်ဖော်ပြနေကြသည့် မြန်မာနိုင်ငံသာ ရုတ်ချည်းအပြောင်းအလဲများဖြစ်ခဲ့လျှင် အီရတ်ကဲ့သို့၊ ယူဂိုဆလားဗီးယားကဲ့သို့ ၀ရုန်းသုန်းကား အနေအထားမျိုးနှင့် ကြုံတွေ့ရနိုင်သည်ဟူသော စိုးရိမ်ပူပန်ချက် များကိုလည်း ကြားသိထားပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
သူမ ပေးခဲ့သည့် သတင်းစကားမှာ သူမက အစိုးရပြောင်းလဲရေးလုပ်ရန်အတွက် မျှော်လင့်ထားချက်မရှိဘဲ၊ “ဒီမိုကရေစီ နည်းကျ စုစည်းညီညွတ်မှုနှင့် အမျိုးသား ညီညွတ်ရေး”သာ ရည်ရွယ်ထားကြောင်း ဖော်ပြထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်က အလေးပေးဖော်ပြထားသည်မှာ သူမအနေဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုသာ မျှော် လင့်ထားကြောင်းနှင့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စွပ်စွဲထားသလို အလုံးစုံ ပျက်သုဉ်းရေး၊ ထိပ်တိုက် ရင်ဆိုင်ရေးအတွက် လုပ်ဆောင်မည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။ “နောက်ဆုံးတိုင် ကျမအနေဖြင့် အပြု သဘော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုသာ ဦးတည်ချက်ထားရှိပြီး အစိုးရနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်း များကိုလည်း ဤစိတ်ဓာတ်ဖြင့် ကျမနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြပါရန် ဖိတ်ခေါ်ပါသည်” ဟု ဆိုခဲ့ပါသည်။
သူမ၏ သတင်းစကားက အချိန်ကိုက် စင်္ကာပူ အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ထိန်းသိမ်းခံနေရသော ဒီမိုကရေစီခေါင်းဆောင်က ဤဒေသဆိုင်ရာအဖွဲ့အစည်းကို ဖော်ပြရန် မေ့လျော့ မထားခဲ့ဘဲ အေဆီယံ အဖွဲ့၏ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြု ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားခဲ့ရာ၌ “ကျမအနေဖြင့် ယုံကြည်သည်မှာ ကျမတို့၏နိုင်ငံ သည် လူ့အခွင့်အရေးများကို အပြည့်အ၀ လေးစားလိုက်နာမှုနှင့်အတူ ငြိမ်းချမ်းစွာရပ်တည်လာပြီး တည်ငြိမ်မှု၊ သာယာ
ဝပြောမှုနှင့် ဒီမိုကရေစီတို့ ဖြစ်ထွန်းလာမည်ဆိုလျှင် အာဆီယံနိုင်ငံများ အပါအ၀င် အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးစွာ အကျိုး တူ ပူးပေါင်းဆောင်ရွက်ရင်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကောင်းဆုံးအကျိုးဆောင်ပေးနိုင် သည့် အလားအလာကောင်းများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ နိုင်ငံတကာမိသားစုတွင်လည်း လေးစားအပ်သည့် အပြု သဘောဆောင်သော အခန်းကဏ္ဍက ပါဝင်ဖြည့်ဆည်းလာနိုင်စေမည် ဖြစ်သည်” ဟု ရေးသားခဲ့ပါသည်။
အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားရန် တောင်းဆိုမှုများရှိနေသော်လည်း ဒေါ်အောင်ဆန်း စုကြည်က ၎င်းဒေသဆိုင်ရာအဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ကိုင်ရန် သဘောထားရှိကြောင်း ဖော်ပြခဲ့ပါသည်။ ဤသည်မှာ ဒေသဆိုင်ရာခေါင်းဆောင်များနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်း အင်အားကြီးနိုင်ငံ ၂ခု ဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံ ခေါင်းဆောင်များသို့ တိုက်ရိုက်ဖော်ပြလိုက်သည့် သတင်းစကားပင် ဖြစ်ပါသည်။ ဤနိုင်ငံများက ယခုအချိန်တိုင် မြန်မာ့ အရေးတွင်ပါဝင် ဆောင်ရွက်ရန် လက်ရှောင်နေကြပြီး စောင့်ကြည့်နေကြဆဲ မူဝါဒချမှတ်ကျင့်သုံးနေသော နိုင်ငံများလည်း ဖြစ်ပါသည်။
သူမက အနောက်နိုင်ငံများအကြောင်း အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို ထည့်သွင်းဖော်ပြခဲ့ခြင်း လုံးဝမရှိပါ။ စစ် အစိုးရက သူမကို “အနောက်နိုင်ငံ၏ ရုပ်သေးရုပ်” အဖြစ် စွပ်စွဲဖော်ပြနေခြင်းကိုလည်း လျစ်လျူပြုလိုဟန် တူပါသည်။
သူမ၏ စာက တိုတောင်းသည်။ သို့သော်လည်း အဓိပ္ပာယ်ပြည့်ဝလှပြီး ပြန်လည်သင့်မြတ်လိုသော သဘောထားလည်း
ပါဝင်နေခဲ့သည်။ နိုင်ငံအတွင်း၊ အပရှိ အဓိကကျသည့် အင်အားစုများအတွက်လည်း သတင်းစကားများ လိုအပ်သလို အချက်ပြ ဖော်ပြခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာကဏ္ဍနှင့် ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရှိ အကြပ်အတည်းများဖြေရှင်းရာတွင် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို အဓိကထား ပါဝင်ဆောင်ရွက်စေလိုပြီး တွေ့ဆုံဆွေးနွေးပွဲများဖြစ်မြောက်စေရေးအတွက် ဆက်လက်တိုက်တွန်း အားပေးသွားရန် ဆန္ဒရှိနေပါသည်။ သို့သော်လည်း အာဆီယံအဖွဲ့ အပါအ၀င် ဒေသတွင်းရှိအစိုးရ များ၏ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုခဲ့ပါသည်။
တိုင်းပြည်အတွင်းကိစ္စများနှင့် ပတ်သက်၍မူ သူမက တွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်ပါမည်ဟု အလေးပေးဖော်ပြခဲ့ပြီး အကျယ်အပြန့်သော နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်အားစုများ၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ အကျိုးစီးပွားဆိုင်ရာကိစ္စများ၊ အမြင်များကို အစဉ်အမြဲအလေးအနက်ထား၍ ထည့်သွင်း စဉ်းစားသွားမည်ဟု ဆိုခဲ့ပါသည်။
ယခုအခါ အာဆီယံအဖွဲ့၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ဤသတင်းစကားအပေါ် မည်သို့တုံ့ပြန် အဖြေပေးကြမည်ကို စောင့် ကြည့်ရန်သာ ရှိပါတော့သည်။ မြန်မာနိုင်ငံအတွင်းတွင်မူ အဓိကကျသော အင်အားစုများဖြစ်ကြသည့် ရဟန်းသံဃာများ၊ ၈၈ မျိုးဆက် ကျောင်းသားအင်အားစုများနှင့် တိုင်းရင်းသားခေါင်းဆောင်များကလည်း သူမပြောခဲ့သည့်အတိုင်း တုံ့ပြန်၍ ရပ်တည်လှုပ်ရှားကြရန် လိုအပ်နေပြီ ဖြစ်သည်။
နောက်ဆုံးအနေဖြင့် စစ်ဗိုလ်ချုပ်ကြီးများကလည်း သူမစကားကို တုံ့ပြန်ဖြေကြားရန်အတွက် တာဝန်ရှိနေပြီ ဖြစ်ပါတော့ သည်။
၂၀၀၇ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က ဧရာဝတီ အင်တာနက် မဂ္ဂဇင်း စာမျက်နှာတွင် အောင်ဇော် ရေးသားသည့် Decoding Aung San Suu Kyi's Statement ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
အောင်ဇော် | နိုဝင်ဘာ ၁၅၊၊ ၂၀၀၇
Continue reading ...

November 08, 2007

အန်အယ်လ်ဒီ ခေါင်းဆောင် ၃ ဦး ဂန်ဘာရီနှင့်တွေ့

Unknown | 4:39 AM |

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃ ဦးသည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီနှင့် တွေ့ဆုံရန် ယနေ့နံနက်ပိုင်းက နေပြည်တော်မြို့သစ်သို့ ထွက်ခွာသွားကြောင်း အန်အယ်လ်ဒီပါတီက အတည်ပြု ပြောဆိုသည်။
အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်ဝေတို့ ၃ ဦး ယနေ့နံနက်ပိုင်းက နေပြည်တော်သို့ လေယာဉ်ဖြင့် သွားရောက်ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ဧရာဝတီကို ပြောသည်။မစ္စတာ ဂန်ဘာရီသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ယနေ့တွေ့ဆုံရန် အစီအစဉ် ရှိသည်။
မစ္စတာ ဂန်ဘာရီသည် ယခုလ ၃ ရက်နေ့က မြန်မာ့နိုင်ငံရေးပြဿနာများ ကြားဝင်ဖြေရှင်းပေးရန်အတွက် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်ခရီးစဉ်ကိုစတင်ခဲ့ပြီး ယနေ့ပြန်လည်ထွက်ခွာမည်ဟု ရန်ကုန်အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂရုံးက ဧရာဝတီကို ပြောသည်။
မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ရောက်ရှိစဉ် လွန်ခဲ့သည့် တနင်္ဂနွေနေ့က နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ဆက်ဆံရေး ၀န်ကြီး ဗိုလ်ချုပ် အောင်ကြည်တို့ကို နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ အောက်တိုဘာလ ၈ ရက်နေ့က ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်အစိုးရအကြား ဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
၎င်းအပြင် မစ္စတာ ဂန်ဘာရီသည် နိုဝင်ဘာလ ၆ ရက်နေ့တွင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးစိုးသာ၊ သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းတို့အား နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနရုံးများတွင် တွေ့ဆုံခဲ့သည်။
ပြန်ကြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ဗိုလ်မှူးချုပ် ကျော်ဆန်းသည် မစ္စတာ ဂန်ဘာရီအား မြန်မာနိုင်ငံမှပြန်သွားအပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုတိုးမြင့်လာသည့်အပြင် ယခင်က ပိတ်ဆို့မှုတွင်မပါဝင်ခဲ့သည့် သြစတေးလျနိုင်ငံလည်း ပါဝင်လာကြောင်းတို့ကို ဝေဖန်ပြောဆိုကြောင်း ယမန်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
Continue reading ...

November 04, 2007

မျှော်လင့်ချက်ဆိုတာ

Unknown | 10:49 AM |

လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတယ်ဆိုတာ အားလုံးသိကြပါတယ်။ မျှော်လင့်ချက်သာမထားခဲ့ရင် အားလုံးသော သူတွေအသက်ရှင်လျှက်ဘ၀သေနေကြသူတွေဖြစ်ကုန်မှာပါ။ အဲဒီမျှော်လင့်ချက်ဆိုတာက ဘယ်ကလာသလဲ။ ဘာတွေလဲ။
လူဆိုတာ ဘ၀ရဲ့သားကောင်တဲ့ အဲဒီသားကောင်ဆိုတဲလူမှာ ဘာတွေရှိလည်းဆိုတော့ မျှော်လင့်ချက်ဆိုတာရှိတယ်။ အကြော်သည်ကလည်း ဒီနေ့ရင်းလို့ရတဲ့ပိုက်ဆံလေးကို မနက်ဖြန်အတွက်နောက်နေ့ နောက်နေ့တွေအတွက် ပြန်ပြီးတော့ အမြတ်ပြန်ရှာမယ်ဆိုတဲ့ မျှော်လင့်ချက်။
ဆိုက္ကားသမားကလည်း သူရဲ့ အုံနာခအတွက် နောက် သူ့ရဲ့ဇနီးသားမယားအတွက်၊ (တက္ကစီ)ကားဒရိုက်ဘာကလည်း သူ့ရဲ့ အုံနာခ နဲ့အိမ်အပြန်မျက်နှာပန်းလှဖို့။ သားပျောက်မိခင်ကလည်း သူ့သားလေးပြန်တွေ့ရင်ဆိုတဲ့မျှော်လင့်ချက်။
အဲဒီလို သူတို့ သူတို့ သူတို့တွေရဲ့အဲဒီမျှော်လင့်ချက်တွေက ဘယ်ကနေဘယ်လိုပေါက်ဖွားလာတယ်ဆိုတာကို ကဗျာဆရာမိုဃ်းဇော်ရဲ့ မျှော်လင့်ချက်ဆိုတာကို ခံစားကြည့်ကြပါ။

မျှော်လင့်ချက်

အဲဒီသတ္တ၀ါဟာ
စာအုပ်ထဲက ထွက်လာတယ်
ဆန်အိုးထဲကထွက်လာတယ်
ငွေစက္ကူအနွမ်းထဲကထွက်လာတယ်။


အဲဒီသတ္တ၀ါဟာ
အံဆွဲထဲက ထွက်လာတယ်
လက်ဆေးရေထဲက ထွက်လာတယ်
အဆုတ်ထဲက ထွက်လာတယ်။

အဲဒီသတ္တ၀ါဟာ
လယ်ကွင်းထဲက ထွက်လာတယ်
သားဇောသမီးဇောထဲက ထွက်လာတယ်
ရေဒီယိုအပျက်ထဲက ထွက်လာတယ်။

အဲဒီသတ္တ၀ါဟာ
ချောင်းကြည့်ပေါက်ထဲက ထွက်လာတယ်
အရက်ဆိုင်ထဲက ထွက်လာတယ်
လက်နှိပ်စက်ထဲက ထွက်လာတယ်။

အဲဒီသတ္တ၀ါဟာ
မိုက်ကရိုဖုန်းထဲက ထွက်လာတယ်
စဉ်းတီးတုံးထဲက ထွက်လာတယ်
တယ်လီဖုန်းထဲက ထွက်လာတယ်။

အဲဒီသတ္တ၀ါဟာ
တုတ်ကောက်ထဲက ထွက်လာတယ်
ကလေးပုခက်ထဲက ထွက်လာတယ်
ရုပ်ရှင်ရုံထဲကထွက်လာတယ်။

အဲဒီသတ္တ၀ါဟာ
ဓါတ်လှေကားထဲက ထွက်လာတယ်
မျက်မှန်အိတ်ထဲက ထွက်လာတယ်
ဝက်သစ်ချ ဂစ်တာထဲက ထွက်လာတယ်။

အဲဒီသတ္တ၀ါဟာ
စတိုးဆိုင်ထဲက ထွက်လာတယ်
ဂလူးကို့(စ်) ပုလင်းထဲက ထွက်လာတယ်
မြွေရေခွံဖိနပ်ထဲက ထွက်လာတယ်။

အဲဒီသတ္တ၀ါဟာ
သားဖွားခန်းထဲက ထွက်လာတယ်
မော်တော်ကား အိပ်ဇောပိုက်ထဲက ထွက်လာတယ်
နာရီဒိုင်ခွက်ထဲက ထွက်လာတယ်။

အဲဒီသတ္တ၀ါဟာ
အင်းလျားရေပြင်ထဲက ထွက်လာတယ်
ဇာခြင်ထောင်ထဲက ထွက်လာတယ်
ပိုးသတ်ဆေးထဲက ထွက်လာတယ်။

အဲဒီသတ္တ၀ါဟာ
သက္ကလပ်ဦးထုပ်ထဲက ထွက်လာတယ်
ထင်းခုတ်ဓါးမထဲက ထွက်လာတယ်
လိင်မှုကိစ္စထဲက ထွက်လာတယ်။

အဲဒီသတ္တ၀ါဟာ
ဆံပင်ညှပ်ဆိုင်ထဲက ထွက်လာတယ်
ချွေးသုတ်လက်ကိုင်ပ၀ါထဲက ထွက်လာတယ်
ပြက္ခဒိန်ထဲက ထွက်လာတယ်။

အဲဒီသတ္တ၀ါဟာ
ဘူတာရုံထဲက ထွက်လာတယ်
မြေအောက်အိမ်သာထဲက ထွက်လာတယ်
အလှပြင်ဆိုင်ထဲက ထွက်လာတယ်။

အဲဒီသတ္တ၀ါကို
လူတွေက မျှော်လင့်ချက်လို့ ခေါ်ကြတယ်။

အဲဒီသတ္တ၀ါဟာ
ပမာမခန့်နဲ့
တိုင်းပြည်အနှံ့ ခြေဆန့်နေလေရဲ့။ ။
Continue reading ...

ဆဌမအကြိမ်မြောက် မြန်မာပြည်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရရှိရေးဘာသာပေါင်းစုံဆုတောင်းပွဲ

Unknown | 8:14 AM |

မြန်မာပြည်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရရှိရေးဘာသာပေါင်းစုံဆုတောင်းပွဲကိုဆဌမအကြိမ်မြောက် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းတွင် ယနေ့မနက် ၈း၃၀ နာရီမှ ၁၀း၀၀ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ဆုတောင်းပွဲသို့ဆေးခန်းမှဝန်ထမ်းများ၊ကျောင်းသားကျောင်းသူများ
ဆေးခန်ရှိလူနာများ အားလုံး ၃၀၀ ခန့်တက်ရောက်ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

Continue reading ...

လူနှင့်လောကဆိုတာ နေရာတိုင်းမှာမရိုးစင်းဘူး

Unknown | 12:54 AM |

" ငါ့ရှင့်တို့ …
မသူတော်တရားတို့ မထွန်းကားသေးမီ၊
သူတော်ကောင်းတရားများ မမှေးမှိန်သေးမီ၊
အကျင့်ပျက်များ မထွန်းကားသေးမီ၊
အကျင့်ကောင်းများ မမှေးမှိန်သေးမီ၊
အဓမ္မဘက်သားများ အားမကောင်းသေးမှီ၊
ဓမ္မဘက်သားများ အားမယုတ်သေးမီ၊
အကျင့်ပျက်သမားများး အားမကောင်းသေးမီ၊
အကျင့်ကောင်းသမားများ အားမယုတ်သေးမီ၊
ဓမ္မနှင့် ၀ိနယကို ငါတို့ သင်္ဂါယနာတင်ကြပါစို့ "

(အရှင်မဟာကဿပ)အရှင်မဟာကဿပမထေရ်ရဲ့ တိုက်တွန်းနှိုးဆော်စာထဲက မထွန်းကားသေးမီ ၊ မမှေးမှိန်သေးမီ ၊ အားမကောင်းမသေးမီ၊ အားမယုတ်သေးမီဆိုတဲ့ ထိမိတဲ့ အသုံးအနှုံးတွေကို ကျနော်နှစ်သက်မိပါတယ်။ ကျနော်တော်တို့တွေတို့ရဲ့ သာသနာနဲ့ ဓမ္မဘက်တော်သားများဟာ မမှေးမှိန်သေးသလို အားလည်း မယုတ်သေးပါဘူး၊ ခွန်အားတွေ အပြည့်အ၀ရှိကြပါတယ်။ အဓိက ကတော့အရှင်မဟာကဿပမထေရ်ရဲ့ တပ်လှန့်သတိပေးသံတွေပါနေတယ်။ အဲဒီတပ်လှန်သတိပေးသံဟာ ဘယ်လောက်များ ထိရောက်လိုက်သလဲ၊။

ကျနော်တို့ယနေ့လောကကြီးမှာ လူတွေဟာ အလွယ်လမ်းလိုက်တတ်ကြတယ်။ Easy theory လို့ခေါ်တယ်။ နောက်တစ်ခါ အများကြီးကြိုက်ရာလိုက်ပြီး အပေါစားဆန်တဲ့ သိမ်းသွင်းမှုတွေနဲ့လည်း ရပ်တည်ရတယ်။ Cheap Popularity ပေါ့လေ။ ဒါပေမယ့် သူတို့တွေဟာ ရပ်တည်လို့ရကြပါတယ်။ လူပြိန်းတွေများတဲ့ လောကကြီးထဲမှာ လူပြိန်းကြိုက်အောင်နေတတ် ရင် အလုပ်ဖြစ်ပါတယ်။ အဲဒီတော့လည်းလူပေါ့၊ လူသွမ်းတွေ သူ့နည်းသူ့ဟန်နဲ့သူ အောင်မြင်နေကြဘာဆန်းတော့မှာလဲ။ " fools grow without watering " လူပေါ့လူသွမ်းတွေဟာ ရေလောင်းစရာမလိုဘဲ ပေါက်လာကြတယ်။

ကျနော်တို့တွေလက်ထက်မှာ အဲဒီလို လမ်းမှားတွေမရောက်ကြရအောင် သိတဲ့သူက ပိုသိအောင်လုပ်ကြပါ။ နည်းနည်းသိတဲ့သူကလည်း နည်းနည်းသိသလောက်လုပ်ကြပါ။ သိရဲ့သားနဲ့ မလုပ်တဲ့သူဟာ သူတကယ်မသိ သေးတာပါပဲလို့ယူဆပါတယ်။ သမိုင်းတွေကို ကိုဖော်ထုတ်ကြပါ ကောင်းအောင်လုပ်ကြပါ သမိုင်းအကြောင်းကို မမှန်တာပြောရင် မမှန်တာလုပ်ရင် ကျနော်တို့ရဲ့ ကျန်ခဲ့မယ့် ဆက်လက်ရှေ့ဆက်ရမယ့် လူငယ်တွေ အနာဂတ်ခေါင်းဆောင်တွေအတွက် ကျနော်တို့တွေဟာ တာဝန်မကျေသလို အနာဂတ်ကိုလည်းလိမ်ရာရောက်ပါတယ်။ ဒါကြောင့် သမိုင်းအကြောင်းကို မမှန်တာမပြောကြပါနဲ့ သမိုင်းအကြောင်းကိုမမှန်တာပြောရင် အနာဂတ်ကိုလိမ်ရာရောက်ပါတယ်။ စော်ကားရာရောက်ပါတယ်။ နောင်မျိုးဆက်တွေပါထိခိုက်ပါတယ်။

ပြည့်စုံ

ကိုးကား-
ချစ်ဦးညို- ပထမသင်္ဂါယနာသဘင်မြင်ကွင်းကျယ်
တာရာမင်းဝေ- ခေတ်နေ အတွက်စာရွက်
Continue reading ...

November 03, 2007

စိတ်နှစ်မျိုး ၊ ပါဝါအလှုပ်အရမ်းနှင့် ဆေးမီးတို ကုထုံး

Unknown | 10:37 AM |

(၁)
၂၀၀၇ခုနှစ်၊ ဇူလိုင်လထုတ် ကရင်သတင်းစဉ်တွင်ပါသည့် သတင်းတိုတစ်ပုဒ်ကြောင့် အတွေး“ဆန့်“ မိ၏ ။ “ဖြန့်ထွက်“ တွေးခြင်းတော့မဟုတ်။ 'focus' ပြု၍တွေးမိခြင်းသာ။
“ အမေရိကန်မျော်လင့်ချက်ဖြင့် ဒုက္ခသည်တစ်ဦး အပျော်လွန် သေဆုံး“
ဤကား သတင်းခေါင်းစီးဖြစ်သည်။
အသက် (၅၅)နှစ်ရှိသည့် ကေအင်အယ်အေမှ တပ်သား ဟောင်းကြီးတစ်ဦး အုန်းဖြန်ဒုက္ခသည်စခန်းမှ နေပြီး အမေရိကန်ပြည်ထောင်စုသို့ သွားရောက်အခြေချရန် ယူအင်အိတ်စီအာရ်တွင် အမည်စာရင်းပေးထား၏။ မိသားစုနှင့် ......။ ဇနီးတစ်ယောက်၊ သားသမီးငါးယောက်.....။ အိုပီအီးမှ တွေ့ဆုံမေးမြန်းမည့်ရက်အား စောင့်နေသည်။ ဤတွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်နေနှင့်သည့် သူငယ်ချင်း (ရဲဘော်ရဲဘက်ဟောင်းဖြစ်မည်) နှင့်အဆက်အသွယ်ရသည်။ တယ်လီဖုန်း စကားပြော၏။ စကားပြောရင်း နှလုံးရောဂါနှင့်ဆုံးသွားသည်။ အေအမ်အိုင်ဆေးရုံရောက်တော့ အသက်မရှိတော့.....။ ၂၀၀၇ ခုနှစ် ၊ ဇုလိုင်လ (၂၄)ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဤတွင် ကျနော်အတွေး “ဆန့်“ မိခြင်းဖြစ်၏။

(၂)
“ ကမ္ဘာပြားပြီး“ စာအုပ်ရေးသည့် အမေရိကန်ဂျာနယ်လစ် သောမတ်ဖရီးမင်းက ၂၀၀၃ ခုနှစ်၏ နေ့တစ်နေ့တွင် ပါလက်စတိုင်းနယ်မြေ “ရမန်ဒါမြို့“ သို့ရောက်၏။
အသက် ၂၀-ခန့်ရှိ ပါလက်စတိုင်း တစ်ဦးနှင့်တွေ့သည်။ သိသည့်အတိုင်း ဂျာနယ်လစ်က ပါလက်စတိုင်းကလေးအား အင်းတာဗျူးလုပ်သည်။ ထိုစဉ်က ပါလက်စတိုင်း ခေါင်းဆောင် “ရာဆာအာရာဖတ်“ ပင် မကွယ်လွန်သေး ......။
အမေရိကန်ဂျာနယ်လစ်က မေးခွန်းနှစ်ခုမေး၏။ “ ရာဆာအာရာဖတ်“ ကို အစ္စရေးတွေက သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ ......။ ပါလက်စတိုင်းလူငယ်သည် လက်သီးကိုဆုပ်၏။ သူ့မျက်နှာက နီရဲ၍လာသည်။ သူနှုတ်မှ တစ်ခွန်းသော စကားအား ဆို၏။
“ အစ္စရေးတစ်နိုင်ငံလုံး မီးလောင်တိုက်သွင်းပစ်မယ်“
အမေရိကန် ဂျာနယ်လစ် သောမတ်ဖရီးမင်းက မှတ်ထား၏။ ပြီးနောက် ဒုတိယမေးခွန်းအား ထပ်မေး၏။ မင်းရဲ့အနာဂတ်က ဘာလဲ .....။ ဤတွင် ...... ပါလက်စတိုင်းလူငယ်သည် ဆုပ်ထားသော လက်သီးအား ဖြေလိုက်၏။ သူ့မျက်နှာသည် နီရဲရာမှ ပန်းရောင် .......။ ပြီးနောက် ဖျော့၍ ဖျော့၍ .....။ သောမတ်ဖရီးမင်း၏အမေးအား ဖြေ၏။ တိုးတိုးညင်ညင် ......။
“ ကျနော့်ဦးလေး အမေရိကန်မှာရှိတယ်။ သူ့ဆီကို ကျနော်သွားမယ်။ ဟိုမှာ အင်ဂျင်နီယာ ဘွဲ့ ဆက်သင်ချင်တယ်“

(၃)
အမေရိကန် ဂျာနယ်လစ်က အငြိမ်မနေ။ “ရမန်ဒါမြို့“အတွင်း လမ်းသလား၏။ ကဖေးဆိုင်တစ်ခုတွင် ပါလက်စတိုင်း သူငယ်မတစ်ဦးနှင့် တွေ့ပြန်၏။ သူငယ်မက မြီးကောင်ပေါက်လေး .....။ ၁၈-နှစ်ခန့်ပင် ရှိလိမ့်မည်။ သောမတ်ဖရီးမင်းနှင့် စကားပြောကြ၏။ သူငယ်မက စကားပြောရင်း သောမတ်ဖရီးမင်းအား သူမ၏အိတ်ထဲမှ ဓါတ်ပုံနှစ်ပုံအား ထုတ်ပြသည်။ တစ်ပုံက ......၊ ခေါင်းဆောင်ကြီး “ရာဆာအာရာဖတ်“၏ပုံ။ နောက်တစ်ပုံက .....သူငယ်မ၏ချစ်သူ ပါလက်စတိုင်း လူငယ်တစ်ယောက်၏ပုံ .....။
ဤတွင် အမေရိကန်ဂျာနယ်လစ် သောမတ်ဖရီးမင်း ခေါင်းစား၏။

(၄)
“ဒီပဲယင်း“ အကြမ်းဖက်တိုက်ခိုက်မှုကြီးအပြီး အင်အယ်လ်ဒီမှ လူငယ်ရဲဘော်များ ထိုင်းနိုင်ငံ မဲဆောက်သို့ ရောက်လာကြ၏။ တစ်ယောက်ထက်ပို၍ ရဲဘော်များဟု သုံးခြင်းဖြစ်သည်။ မဲဆောက်တွင် ကျနော် သူတို့နှင့်တွေ့၏။ သူတို့က ဒီပဲယင်းအကြမ်းဖက်လုပ်ကြံမှုကြီးတွင်ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြရသူများ .....။ အကြမ်းဖက်သမားတို့၏ရိုက်နှက်မှုအား ခံခဲ့ကြရသည်။ ဒေါ်အောင်ဆန်းစုကြည်အား သူတို့၏ ခန္ဒာကိုယ်များဖြင့်ကာရံပြီး စောင့်ရှောက်ခဲ့ကြ၏။ သူတို့၏ ခန္ဒာဝန်၌ သွေးတို့ဖြင့် ရွဲရွဲနစ်၍ ......။ သို့သော် ..... ဒူးကမညွှတ်။ သူတို့၏ဒဏ်ရာများအား ပြ၏။ စိတ်မချမ်းမြေ့စရာ .....။ နအဖ၏ရက်စက်ကောက်ကျစ်မှုအား တွေ့ရ၏။ ဒေါ်အောင်ဆန်းစုကြည်အား နအဖမှ ရက်စက်ကောက်ကျစ်စွာနှင့်လုပ်ကြံသတ်ဖြတ်သော ပွဲ.....။ ဤဘေးဆိုးမှ ဤလူငယ်တို့ “ရင်ကို မြေကတုတ်“ “ ဦးခေါင်းကတံတိုင်း“ “ သွေးတို့သည် ကျုံးရေ“ ပြု၍ .....ရင်း၍ ကာကွယ်ခဲ့ကြ၏။

(၅)
အထူးပြောရန်လိုမည်မထင်.......။ ပါလက်စတိုင်းလူမျိုးတို့ လွတ်မြောက်ရေးတိုက်ပွဲနှင့် မြန်မာနိုင်ငံရေးအခြေအနေများသည် သွေးမတိတ်သည့်ပြသာနာများအဖြစ် ......။

(၆)
အမေရိကန်ဂျာနယ်လစ် သောမတ်ဖရီးမင်း ရမန်ဒါမြို့ ကဖေးဆိုင်မှ ထွက်ခဲ့ပြီးနောက် ..... သူ၏သတင်းစာတိုက်သို့ သတင်းဆောင်းပါးတစ်ပုဒ်ရေးပို့၏။ မြန်မာလိုခေါင်းစဉ်တပ်ပါက ......။ “ စိတ်နှစ်စိတ်ချိန်ခွင်လျှာ အပြောင်းအလဲ“ ဟုဆိုရမည်။ ရမန်ဒါတွင် သူတွင်တွေ့ဆုံခဲ့ရသည့် ပါလက်စတိုင်းလူငယ်တို့ စိတ်များအား ရေးထားခြင်းဖြစ်သည်။
သောမတ်ဖရီးမင်းပထမတွေ့ခဲ့သည့် လူငယ်ကောင်လေးက “ရာဆာအာရာဖတ်”အား ထိလျှင်မခံ၊ အသက်စွန့်ရန်ပင် အဆင်သင့်ရှိ၏။ ဤသည်မှာလည်း ပါလက်စတိုင်းလေး ကြွားဝါး၍ပြောခြင်းမဟုတ်။ ဖရီးမင်းယုံကြည်၏။ ပြီးလျှင် ပါလက်စတိုင်းလေးက ပြောသည့် “ဦးလေးရှိရာ အမေရိကန်သို့သွားပြီး အင်ဂျင်နီယာဘွဲ့တစ်ခုရအောင် ပညာသင်လိုသည် ”
ဤတွင် ပါလက်စတိုင်းလေး၏ စိတ်နှစ်စိတ်အား ဖရီးမင်းက 'focus' ပြ၏။
နောက်တစ်ယောက် .....၊ ပါလက်စတိုင်းသူငယ်မက ဓါတ်ပုံနှစ်ပုံပြ၏။ တစ်ပုံက ရာဆာအာရာဖတ်၏ပုံ၊ နောက်တစ်ပုံ သူ့ချစ်သူ ပါလက်စတိုင်းလေး၏ပုံ ....။
ဤနိမိတ်ပုံများအပေါ် သောမတ်ဖရီးမင်းက ပါလက်စတိုင်း ပြသာနာအား သူ့ဆောင်းပါးတွင် ဤသို့ နိဂုံးချုပ်၏။
“ ပါလက်စတိုင်းလူငယ်တို့ စိတ်၌ “ရာဆာအာရာဖတ်“အား လေးစားကြ၏။ ကြည်ညိုကြ၏။ သူ့အား ထိလျှင်မခံ။ အသက်စွန့်၍ ကာကွယ်ကြမည်။ အသက်စွန့်ရန်လည်း အသင့်ရှိကြ၏။ သို့သော် ...... သူတို့၏စိတ်တွင်ပင် သူတို့၏ဘ၀ ၊ အနာဂတ်အား မျှော်မှန်း၍နေပြန်သည်။ ပထမိစိတ်က အာရာဖတ်အတွက် ပါလက်စတိုင်းလူမျိုးများအတွက် အသက်စွန့်မည်။ ဒုတိယစိတ်က မိမိဘ၀အတွက် အသက်ရှင်သန်လိုကြ၏။ ဘ၀၏အနာဂတ်အိပ်မက်များအား လူ့ဘ၀တိုတိုလေးအတွင်း အရောင်တောက်ပလိုကြ၏။ ဤကား ...... “လူ“ ဖြစ်၍နေခြင်းဖြစ်သည်။ ပြီးပြီ။ ပြီးနောက် ..... သုံးသပ်ချက်အား ပေးသည်။ ဤက အရေးကြီး၏။ “ ဤအတွက် ပါလက်စတိုင်းအရေးပြသာနာအား သွေးတိတ်ရန် ဒုတိယစိတ်အား အမေရိကန်များမှ မွေးမြူအားပေးရမည်။ လက်တွေ့လုပ်ဆောင်ပေးရမည်.....“ ဟူ၏။

(၇)
ပြီးခဲ့သည့်ညတွင် အမေရိကန်ပြည်ထောင်စုမှ တယ်လီဖုန်းလာသည်။ တယ်လီဖုန်းအား “မ”၍ကိုင်လိုက်၏။ တစ်ဖက်မှ စကားပြောသံအား ကြားရသည်။
“ကျနော်ပါ .... ”
ကျနော်နှင့် မဲဆောက်တွင်တွေ့ခဲ့ဖူးသည့် အင်အယ်လ်ဒီမှ လူငယ်တစ်ဦး.....။ သူနှင့်စကားပြောရင်း သူ့ခေါင်းမှ ဒဏ်ရာအခြေအနေအား မေးမိသေးသည်။ ။

မင်းဟန်

ကိုးကား -
The World is Flat by T.L Friedman
ကရင်သတင်းစဉ် (၂၀၀၇၊ ဇူလိုင်လ)
Continue reading ...

ကျနော် ဘလော့ဂ်ရောဂါ စွဲနေပြီလား

Unknown | 8:22 AM |
88%How Addicted to Blogging Are You?



ကိုငတေ(ရန်ကင်း)ဆီသွားရင်းနဲ့တွေ့တာပါ " သင်…ဘလော့ဂ်စွဲနေပြီလား " ဆိုတာကို
ကျနော်လည်းစိတ်ဝင်စားသွားတယ်။ ကျနော်လည်း စမ်းသပ်မေးခွန်းလေးတွေကို ဒီနေရာလေးကနေ ဖြေကြည့်လိုက်တယ်၊ စမ်းသပ်ကြည့်သပ်ကြည့်လိုက်တာ ဟာ အဖြေကတော့ ဂုဏ်ထူးကျော်နေတာတွေရတော့ ကျောင်းတုန်းကတောင် ဂုဏ်ထူးတခါဘူးမှ မရခဲ့ဘူး အခုမှကြိုးစားအားထုတ်မှုတွေက တယ်ကောင်းပါလားလို့။ ကျနော်ကိုကျနော်လည်း လေးစားသွားတယ်။ ဒါတွေဟာဘာကြောင့်လည်းဆိုတော့ ကျနော့်ရဲ့ တီထွင်ကြံဆမှုတွေလည်းပါတယ်။ အဲဒီတခါမှ မအောင်မြင်တဲ့တီထွင်ကြံဆမှုတွေရဲ့ဒါဏ် အမြဲတမ်းခံနေရတဲ့ ကိုမှော်ဆရာကိုလည်းဤနေရာမှ ဂါဝရပြုပါတယ်။ ကျနော်ဖျက်ထားသမျှတွေကို စိတ်ရှည်ရှည်နဲ့ ကောင်းမွန်အောင်ပြုပြင်ပေးတဲ့အတွက် သူ့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကိုလည်း ကျနော်က ဖြုန်းတီးနေသလိုဖြစ်နေတယ်။ ကျနော့်ရဲ့ ရောဂါစွဲကပ်မှုကိုတော့ တွေ့ကြမှာပေါ့ဗျာ။ မိတ်ဆွေသူငယ်ချင်းတို့လည်း စမ်းသပ်ချင်တယ်ဆိုရင် စမ်းသပ်လို့ပါတယ်။

Continue reading ...

November 02, 2007

ကျနော့်ရဲ့ ဘလော့သူငယ်ချင်းများနဲ့ မြန်မာပြည်သူပြည်သားများသို့

Unknown | 12:51 PM |

ကျနော့်ရဲ့ဘလော့ဂါသူငယ်ချင်းများ ကိုယ့်ရဲ့ ကိုးကွယ်ယုံကြည်ရာဘာသာကို ယုံယုံကြည်ကြည်နဲ့ ယနေ့ဒီအချိန်ကစပြီး လုပ်ကြပါလို့ကျနော် တိုက်တွန်း ချင်ပါတယ်။ကုသိုလ်ယူရန်တိုက်တွန်းချင်တာ ဘာကြောင့်လည်းဆိုတဲ့အဖြစ် အပျက်လေးတစ်ခု ပြောပြချင်ပါတယ်။ ကျနော်တို့နေထိုင်ရာ ဒေသလေးမှာပေါ့။သူမဟာ ကျနော်တို့နဲ့ဆို အဒေါ်အရွယ် လောက်ရှိမယ် ဒါပေမယ့် ကျနော်က အမလို့ဘဲခေါ် ပါတယ်။ သူမကဘာသာတရားကိုလိုက်စားသူပါ ဒါပေမယ့် အလွန် အကြူးတော့ မဟုတ်ပါဘူး ဗုဒ္ဓဘာသာတို့ထုံးစံအရ ဘုရားသွားကျောင်းတက် ၀ါတွင်းကာလဆို ပုံမှန် ဥပုဒ်ဆောက်တည် သီလယူပါတယ်။ ဒါပေမယ့် သူမပြောင်းလည်းသွားပါတယ် စက်တင်ဘာ(ရွှေဝါရောင်တော်လှန်ရေး) ကာလမှာ သူမဟာ ဘာသာရေးကို အရမ်းယုံကြည်သက်ဝင်သွားပါတယ်။ အရမ်းလည်းတုန်လှုပ်ခြောက်ခြားသွားခဲ့တယ်။ အရင်ကထက် နှစ်ဆပိုလုပ်နေပါတယ်။ အပါယ်လေးဘုံထဲက ငရဲဘုံကိုရောက်မှာဆိုးလို့တဲ့ ကျနော် စိတ်ဝင်စားသွားတယ် ဘာကြောင့်လည်းပေါ့နော်။ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင်မကောင်း တာဖြစ်မယ်ပေါ့။ ကျနော်ကြားဖူး မှတ်ဖူးတာလေးပြောပြတာပေါ့ ရိုးရာသံပေါက်ကဗျာလေးပါ " သင် ပြုသောကံပဲ့တင်သံ သင့်ထံပြန်လာမည်တဲ့ " ဗုဒ္ဓ၀ါဒနဲ့ကိုက်ညီတဲ့ စကားလေးတစ်ခွန်းပါ လက်တွေ့မှာလည်း အင်မတန်မှန်တဲ့စကားလေးတခွန်းပါ။ ဒါကြောင့် "အပြစ်ကို ကျူးလွန်သူဟာ ကိုယ့်ကိုယ်ကို ကြိုးပေးစီရင်သူပဲဖြစ်တယ်လေ။ " သူမကပြောတယ် "အေးလေအဲဒါတွေကြောင့်လည်းပါတယ် နောက်ပြီငါငရဲဘုံကိုရောက်မှာဆိုးတာက ဟိုရောက်တဲ့အခါကြရင် ငါပြန်မဆုံချင်မတွေ့ချင်တဲ့သူနဲ့ပြန်ဆုံမှာဆိုးလို့ ငါအခုလို ကုသိုလ်တွေကို ဘာသာတရားတွေကို အရင်ကထက်ပိုလုပ်ဖြစ်တယ် ငရဲသွားရမှာ အရမ်းကြောက်သွားခဲ့တယ်သိလား ငါကုသိုလ်မလုပ်ဘူးဆိုရင် ဟိုမှာ လူကိုသတ်ရုံတင်မက သံဃာတွေကိုပါသတ်တဲ့ သန်းရွှေနဲ့ပြန်ဆုံမှာဆိုးလို့ပေါ့ " တဲ့ ။ ဟုတ်ပါတယ်ကျနော်တို့သူမလိုပဲ ကုသိုလ်တွေလုပ်ကြရအောင် ငရဲရောက်တဲ့အခါ ကျနော်တို့တွေပြန်ဆုံနေအုံးမယ်လေ။
ပြည့်စုံ
Continue reading ...

နအဖတပ်အတွင်း ထိပ်ပိုင်းရာထူးများတွင် ပြောင်းလဲခန့်အပ်မှုများပြုလုပ်

Unknown | 8:38 AM |
စစ်ရေးချုပ်နဲ့ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရာထူးအပါအ၀င် နအဖ စစ်တပ်ထိပ်ပိုင်းနေရာ တချို့ကို ဒီကနေ့(2.10.2007) ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရပါသည်။ ဒီခန့်အပ်မှုဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စိတ်ကြိုက်ရွေးချယ်ထားတဲ့ အရာရှိတွေဖြစ်ကြောင်းလည်းသိရှိရပါသည်။ပြီးခဲ့တဲ့ လကုန်ပိုင်းက ၀န်ကြီးချုပ်ဖြစ်သွားတဲ့ ဗိုလ်ချုပ်သိန်းစိန်ရဲ့ လစ်လပ်သွားတဲ့ စစ်ရေးချုပ်ရာထူးမှာ နတခ တိုင်းမှူး ဗိုလ်ချုပ်သူရမြင့်အောင်ကိုပြောင်းလဲခန့်အပ်လိုက်တာဖြစ်ပါသည်။ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ကြည်း၊ ရေ၊ လေ နေရာကို ကစထ (၄)မှူး ဒု-ဗိုလ်ချုပ်ကြီးမောင်ဘို၊ လစ်လပ်သွားတဲ့ ကစထ(၄)မှူးနေရာကို နမခတိုင်းမှူး ဗိုလ်ချုပ်သာအေး၊ အသစ်ဖွဲ့စည်းလိုက်တဲ့ ကစထ (၆)မှူးနေရာကို လပခ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်၊ လစ်လပ်သွားတဲ့ လပခတိုင်းမှူးနေရာကို ကကကြည်းမှ စစ်ဦးစီးအရာရှိ ဗိုလ်ချုပ်တင်ငွေတို့နဲ့ပြောင်းလဲခန့်အပ်လိုက်တာ ဖြစ်ပါသည်။ ဗိုလ်ချုပ်သာအေးနဲ့ ဗိုလ်ချုပ်သူရမြင့်အောင်တို့ကို စစ်ရေးချုပ်နဲ့ ကစထ(၄)မှူး အဖြစ်တိုးမြှင့်ခန့်လိုက်တာကြောင့် နတခနဲ့ နမခ တိုင်းမှူးနေရာတွေမှာ လစ်လပ်နေဆဲဖြစ်ပါတယ်။
Continue reading ...

မြန်မာနိုင်ငံကို အာစီယံအဖွဲ့ဝင် အဖြစ်က ရပ်ဆိုင်းထားဖို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က တိုက်တွန်း

Unknown | 4:17 AM |

မြန်မာစစ်အစိုးရ အနေနဲ့ အပြောင်းအလဲတွေ လုပ်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို ဆက်လက် ငြင်းဆန်နေမယ်ဆိုရင် မြန်မာနိုင်ငံကို အာစီယံအဖွဲ့ဝင် အဖြစ်ကနေ ခေတ္တ ရပ်ဆိုင်းထားဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက တိုက်တွန်း လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောာင်းသားတွေက စင်္ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယိုးတို့ထံ ပေးပို့တဲ့ စာမှာ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။မြန်မာစစ်အစိုးရရဲ့ လမ်းပြမြေပုံကနေ ပေါ်ထွက်လာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကိစ္စဟာ လက်ခံနိုင်စရာ မရှိဘူးဆိုတာ အာစီယံအဖွဲ့ အနေနဲ့ မြန်မာအစိုးရကို ရှင်းလင်းပြတ်သားစွာ ပြောကြားပေးဖို့ကိုလည်း ဒီပေးစာမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စဟာ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ဆန္ဒတွေ၊ မျှော်မှန်းချက်တွေလည်း မပါဝင်ဘူးလို့ ဆိုပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြီးတော့ တိုင်းရင်းသား နိုင်ငံရေး အစုအဖွဲ့တွေနဲ့ မြန်မာအစိုးရ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာဖို့ အတွက်လည်း အာစီယံအဖွဲ့ကို တိုက်တွန်း ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ၊ သံဃာ့ လှုပ်ရှားမှုအတွင်း အဖမ်းဆီးခံထားရသူတွေ အပါအဝင်၊ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးအတွက် မြန်မာအစိုးရကို တိုက်တွန်းသွားဖို့ကိုလည်း အာစီယံအဖွဲ့ကို နှိုးဆော်ထားပါတယ်။
အာစီယံအဖွဲ့ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ စင်္ကာပူနိုင်ငံ အနေနဲ့၊ မကြာခင် ကျင်းပမယ့် အာစီယံ ထိပ်သီးဆွေးနွေးပွဲမှာ၊ မြန်မာနိုင်ငံရေးပြဿနာ ပြေလည်ရေးအတွက် စဉ်းစားဆောင်ရွက်သင့်တဲ့ အချက်အလက်တွေကို ဖော်ပြတိုက်တွန်းတဲ့ အနေနဲ့၈၈ မျိုးဆက် ကျောင်းသားတွေက အခုလို စာပေးပို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
Continue reading ...

November 01, 2007

အတွေးအရေး

Unknown | 9:58 AM |
လူတစ်ယောက်ရဲ့ အတွေးအခေါ်ဟာ အဲဒီလူရဲ့ဘ၀ပဲ… လူတိုင်းလူတိုင်းဟာ သူ့စိတ်နဲ့ သူ့အတွေးအခေါ်နဲ့ လွတ်လွတ်လပ်လပ်ဆုံးဖြတ် လှုပ်ရှားနေတယ်ဆိုတဲ့အချက်ကိုနားလည်ပြီးရင် ဘယ်သူ့ကို စိတ်ဆိုးစရာ ရှိတော့မှာလဲ၊ တကယ်တော့ လူ့စိတ်ဆိုတာက သူ့ဘာသာသူ အရှိ … အရှိအတိုင်းလေးထားလိုက်သင့်တဲ့အရာမျိုးလေးပါ။

အရာရာကို အကောင်းမြင်ချင်တယ် မြင်တတ်အောင်လည်းကျနော်ကြိုးစားနေတယ်။ ကိုယ်က ကောင်းတိုင်းလည်း သူတို့ကကော ဘယ်လိုလည်း အခုတလော မြင်နေတွေ့နေရ တာတွေဟာအပြစ်မဲ့တဲ့သူတွေ တကယ်ရိုးသားတဲ့ အဖိုးတန်တဲ့ ဖြူစင်တဲ့ မိမိအကျိုးကိုမငဲ့ကွက်ပဲနဲ့ အားလုံးနဲ့ တသားတည်း တပေါင်းစည်းတည်းဆိုတဲ့စိတ်နဲ့ အစတေးခံသွားရတယ် တစိမ့်စိမ့်နဲ့ ယိုစီးကုန်ပြီဒါတွေကိုသင့်အနေနဲ့ ဘယ်လိုစိတ်မျိုးထားမလဲ။ (ကျနော်တို့မြန်မာပြည်မှာ လူပေါင်း(၅၄) သန်းကျော်ရှိပါတယ်။) အကောင်းဆိုတာကော ဘာလည်း အဆိုးဆိုတာကောဘာလည်း။ အမှန်ဆိုတာကော အမှားဆိုတာကော သင်ကောသိသလား။( အဓိပ္ပါယ်ဖွင့်ဆိုတတ်ပါသလား ) ကျနော်သိတာတစ်ခုရှိတယ်၊ လူ့သဘာဝသည် ကောင်း တာလုပ်တိုင်းလည်း ကောင်းတာမဖြစ် တတ်သော မှော်ဥယျာဉ်တစ်ခုဖြစ် သည်တဲ့ သင်ကောဘယ်လိုမြင်လည်း …..

လေပြည်သည် လည်းကောင်း …..
ပန်းပွင့်သည် လည်းကောင်း ……
ငှက်ငယ်သည် လည်းကောင်း …..
သဘာဝတရားနှင့် အငြင်းအခုမဖြစ်ကြ ၊ လောကနှင့် အငြင်းမပွားကြ၊ လောကသည်လည်း အရှိ ….အရှိအတိုင်းဖြစ်၏တဲ့ ….

သဘာဝပတ်ဝန်းကျင်ခပ်သိမ်းသည် အရှိ … အရှိတိုင်းပင်ဖြစ်တယ်။
လူ့စိတ်ဆိုတဲ့ စိတ်ဆိုတာလည်း လေပြေနှင့်အတူ ပန်းပွင့်နှင့်အတူ၊ ငှက်ငယ်နှင့်အတူ တသားတည်းလွတ်လပ် သန့်စင်ငြိမ်းအေးနေရမည့်အရာဖြစ်ပါသည်။

ဒါနဲ့ တခုတော့ရှိကြတယ်၊ လူတိုင်းလူတိုင်းမှာတော့ ကိုယ့်ဖာသာကိုယ်ခံယူထားကြတဲ့ အမှန်တရား (Truth) တစ်ခုစီရှိကြ တာချည်းပဲ၊ မတူညီတဲ့ အမှန်တရားချင်းထိပ်တိုက်ရင်ဆိုင်တဲ့အခါ ကိုယ့်ဟာကို လူအများစုက လက်ခံစေချင်ရင် ကိုယ့်အမှန် တရားမှာ အင်အား(Power) ပိုရှိဖို့လိုတယ်။

အဆိုးအကောင်း၊ အမှန်အမှားကို ခွဲခြားသုံးသပ်နိုင်ကြပါစေ။

ပြည့်စုံ
Continue reading ...

ဗေဒင်ဟောစာတမ်း

Unknown | 8:47 AM |
ဗေဒင်ဝါသနာပါသော သူငယ်ချင်းများအတွက် မြန်မာပြည်ရဲ့ထိပ်တန်းခေါင်းဆောင်တွေ ဘယ်လိုအဆုံးသတ်မလဲ ဘယ်လိုရှေ့ဆက်မလဲဆိုတာကို အကျိုးအကြာင်းစုံလင်စွာနဲ့ ဂြိုလ်နက္ခတ်တွေနဲ့တွက်ကိန်းများဖြစ်ပါသည်။
ဗြိစ္ဆာရာသီ (SCORPIO) တန်ဆောင်မုန်းလ အောက်တိုဘာလ(၂၃)ရက်မှ နိုဝင်္ဘာလ(၂၂)ရက်အတွင်း ဟောစာတမ်း
ဗြိစ္ဆာရာသီသည် ကင်းမီးကောက်ပုံသဏ္ဍာန်ရှိပြီး သင်္ကေတအားဖြင့် (M→) ဟုဖေါ်ပြကြသည်၊ ဗြိစ္ဆာရာသီသည် ကင်းမီးကာက်ပုံသဏ္ဍာန်ရှိသည့်အတိုင်း (မရာသီ)၊ ရေရာသီ၊ ထိရရာသီ၊ သမရာသီ၊ တိရိစ္ဆာန်ရာသီ၊ အဆိပ်ရှိသောရာသီ၊ ပါပဂြိုဟ်၊ သရဒဥတုသည် ဒက္ခိဏယဉ်စွန်းတန်းသို့ကျရောက်၍ ယခုနှစ်ကျရောက်သောဇာတာခွင်နှင့် ဖေါက်ပြန်ပြောင်းလွဲနေသော၊ ထူးခြားသောအတိတ်နိမိတ်တို့ကို ခြုံငုံ၍ ဝေဒကျမ်းအရ မြန်မာနိုင်ငံ၏ကံဇာတာကို ဟောစာတန်းထုတ်ရသော် ------
ဗိုလ်သန်းရွေဦးဆောင်သော နအဖစစ်အစိုးရသည်ဗိုလ်သန်းရွေ၏ကံဇာတာ ညံ့လာသည်နှင့်တပြိုင်နဲ့ စစ်အစိုးရ၏ အနာဂတ်ရည်ရှည်တည်တန့်အုပ်ချုပ်နိုင်မည့် အခြေအနေသည်လည်း မရေမရာသည့်အခြေအနေသို့ရောက်ရှိနေပေသည်။ ဗိုလ်သန်းရွေသည် အသက်(၇၅)နှစ်တွင်၎င်း၊ အသက် ၇၆၊၇၇ နှစ်တွင်၎င်း၊ အညံ့ဆုံးအခြေအနေသို့ကျရောက်သဖြင့် ဗိုလ်သန်းရွေ ဦးဆောင်သော နအဖစစ်အစိုးရသည် အီရတ်နိုင်ငံက စစ်အာဏာရှင် သမတဟောင်း (ဆတ်ဒန်ဟူစိန်)အလား စစ်ရှုံးပျက်သုဉ်းမည့်အခြေအနေသို့ ရောက်ရှိလာပေလိမ္မည်၊ ဗိုလ်သန်းရွေသည်လည်း (ဆတ်ဒန်ဟူစိန်)ကဲ့သိုဆိုးဆိုးရွားရွားဖြင့် ဘ၀နိဂုံးချုပ်ပေလိမ္မည်ဟု ဟောကိန်းထုတ်ရပေမည်။
အကြောင်းမူကား --- ဗိုလ်သန်းရွေတို့ စစ်အစိုးရသည် စက်တင်္ဘာလက ရဟန်းသံဃာများ စီတန်း မေတ္တာပို့ လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခြင်းကို ကြမ်းကြမ်းတန်းတန်း ဖြိုခွဲပြီးနောက်ပိုင်းမှစ၍ တရက်ထက်တရာက်၊ တလထက်တလ၊ တနှစ်ထက်တနှစ် အုပ်ချုပ်မှုယန္တရား အာဏာပါဝါသည် ဆုတ်ယုတ်၊ အားနည်း၊ ပျက်သုဉ်းရမည့်အခြေအနေသို့ရောက်ရှိလာပေလိမ္မည်။ ဖြစ်ပေါ်နိုင်သောအခြေအနေ အကြောင်းအရင်းများမှာ ----
၁။ စစ်ခေါင်းဆောင်များအချင်းချင်း စိတ်ဝမ်းကွဲပြားနိုင်ခြင်း၊ တပ်မတော်မှ ရဲဘော်စစ်သားများက အစိုးရကို မကျေမနပ်မှုများဖြစ်ပေါ်လာပြီး အာဏာဖီဆန်ခြင်း၊ အမိန့်မနာခံခြင်း၊ တော်လှန်ပုန်ကန်ခြင်း၊ စစ်ပြေး၊ တပ်ပြေးများ များပြားလာခြင်းများရှိမည်။
၂။ ပြည်တွင်းက ရဟန်းသံဃာ ကျောင်းသားကျောင်သူ၊ အလုပ်သမား၊ လယ်သမားစသော သန်း(၅၀)ကျော်သော မြန်မာပြည်သူပြည်သားများသည် အစိုးရကို မကျေမနပ်မှုများတိုးပွါးလာကာ မကြာခဏ ဆန္ဒပြလှုပ်ရှားမှုကြောင့် ဖမ်းဆီး၊ ထောင်ချ၊ ဖိနှိပ်ရက်စက်ခြင်းစသော အစိုးရနှင့်ပြည်သူပြည်သားများအကြား ပြဿနာများ ဆက်လက်ရှိနေမည်။ ဆက်လက်ပြီး နိုင်ငံရေးအရ မငြိမ်းချမ်းသည့်အခြေအနေ ရှိနေမည်။
၃။ စစ်အစိုးရ၏ ယုတ်မာမှုကြောင့် ပြည်ပရောက် ရခိုင်ပညာရှင် နိုင်ငံရေးသမားများသည်၎င်း၊ လက်နက်ကိုင်တော်လှန်နေကြသော တိုင်းရင်းသားလက်နက်ကိုင်ပါတီများသည်၎င်း၊ လက်နက်အင်အား လူအင်အားစုပြီး လက်နက်ကိုင်တိုက်ခိုက်မှုများရှိမည်။ စစ်အစိုးရထံ အညံ့ခံနေကြသော ငြိမ်းအဖွဲ့များသည်၎င်း၊ စစ်အစိုးရနှင့် သဘောထားကွဲလွဲလာနိုင်သည့် အခြေအနေရှိမည်၊ မပြေမလည်ရှိမည်။
၎။ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂစသော တင်းမာသောနိုင်ငံများသည်၎င်း၊ ပျော့ပျောင်းသောအာစီယံနှင့် အိမ်နီးချင်းနိုင်ငံများသည်၎င်း၊ စစ်အစိုးရ၏မတရားသော ဖိနှိပ်ရက်စက်မှုများကြောင့် ဆက်ဆံရေးမပြေလည်ခြင်း၊ တင်းမာစွာပြောဆိုဆက်ဆံခြင်း၊ အရေးယူပိတ်ဆို့မှုများရှိမည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် လူ့အခွင့်အရေးကောင်စီတို့ကလည်း အလားတူ လုပ်ဆောင်လာနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် စစ်အစိုးရသည် နိုင်ငံတကာဖိအား၊ တွန်းအား၊ အရေးယူခြင်းစသော ပြည်ပရန်များနှင့်၎င်း၊ ပြည်တွင်းရန်များနှင့်၎င်း၊ ရန်သူများ ၀ိုင်းပတ်လည်လျှက် ဤကျပ်တည်းကျဉ်းမြောင်းသောအခြေအနေသို့ ရောက်ရှိလာကာ ရည်ရှည်မရပ်တည်နိုင်သည်မှာ သေချာပေသည်။
ယခုကဲ့သို့ အခက်အခဲအကျပ်အတည်းများနှင့်၎င်း၊ ရန်သူများနှင့်၎င်း။ ထိပ်တိုက် ရင်ဆိုင်နေရသောကြောင့်၎င်း၊ အခက်အခဲအကျပ်အတည်းများလျော့ပါးသွားရန် ရည်ရွယ်၍ NLD ၏အထွေထွေအတွင်းရေးမှူး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးအာဇာနည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည့်အကြံဖြင့် အလုပ်သမားဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်ကြည်ကို ဗိုလ်သန်းရွေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲဖြစ်မြောက်ရန်အတွက် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ကာ ဟန်ပြဆွေးနွေးခြင်း၊ TV နှင့်သတင်းစာ စောင်များမှာ ထည့်ပေးဖေါ်ပြခြင်းများ ပြုလုပ်လာနိုင်သည်။ ၎င်းဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်ကို အညံ့ခံလာအောင်၊ ပျော့ပျောင်းလာအောင် ဆွဲဆောင်ဖျောင်းဖျမည့်သဘောအတိုင်း လုပ်ဆောင်နေမည်၊ လျော့စရာရှိတာကို ဒေါ်အောင်ဆန်းစုကြည်ကသာ လျော့ပါ၊ ဗိုလ်သန်းရွေက အလျော့မပေးဘဲ ဗိုလ်သန်းရွေ၏အလိုဆန္ဒအရ လမ်းညွန်မြေပုံ(၇)ချက်အတိုင်း ထောက်ခံပါဆိုသည့်သဘော ဒေါ်စုကိုနာားချလိမ္မည်၊ ဆွေးနွေးပွဲကား အပေါ်အယံအရ အဆင်ပြေပါသော်လည်း ပြန်လည်သင့်မြတ်ရန် ရည်ရွယ်ချက်မှာ အဆင်မပြေနိုင်ပေ၊ (ဖြေရှင်းမရနိုင်ပေ)။
ဗိုလ်သန်းရွေ စစ်အစိုးရသည် သူတို့၏ဘ၀လုံခြုံဖို့ အာဏာတည်မြဲရန်အတွက် လမ်းညွန်မြေပုံ(၇)ချက်အတိုင်း လျှောက်လှမ်းရန်အတွက် (၁၈၊၁၀၊၀၇) ကြာသပတေးနေ့က ဥပဒေရေးဆွဲရေးကော်မီတီကို (၅၄)ဦးနှင့်ဖွဲ့စည်းလိုက်သည်။ ထိုအဖွဲ့တွင် အတိုက်အခံ နိုင်ငံရေးပါတီမှ၎င်း၊ တိုင်းရင်းသားကိုယ်စားပြုပါတီမှ၎င်း၊ တဦးမျှမပါဝင်ပါ။ (MP)များကို မထည့်ဘဲ (ပါမောက္ခများ၊ ဥပဒေပညာရှင် ရှေ့နေများနှင့် ဗိုလ်ချုပ်များ ကြီးကြပ်ပါဝင်သည်။ ၎င်းတို့သည် ညောင်နှစ်ပင်ညီလာခံမှထွက်ပေါ်လာသော ဦးတည်ချက်(၆)ချက် အခြေခံမူ(၁၀၄)ချက် အတိုင်း ရေးဆွဲကြပေလိမ္မည်။
အကြောင်းပြချက်ကား ---- မြန်မာနိုင်ငံအနှံ့အပြားတွင် ပြည်သူပြည်သားများသည် ညီလာခံ ထောက်ခံပွဲများပြုလုပ်ပြီး ထောက်ခံနေကြသောကြောင့် ပြည်သူ့ဆန္ဒအတိုင်း အကောင်အထည်ဖေါ်ရလိမ္မည်ဟု အကြောင်းပြပေလိမ္မည်၊ ကော်မီတီစတင် ဖွဲ့စည်းသောနေ့ (၁၈)ရက် (၁+၈=၉)၊ ကော်မီတီဦးရေ (၅၄)ဦး (၅+၄=၉)ရသည်၊ ထို့ကြောင့်သူတို့သည် အောင်မြင်ကံကောင်းသည်ဟု အယူရှိသော (၉)ဂဏန်းကို အသုံးပြုခြင်းသည် သူတို့အလိုဆန္ဒအတိုင်း ဥပဒေရေးဆွဲခြင်းကိစ္စ အောင်မြင်စေချင်သောကြောင့်ပင်ဖြစ်သည်။
နအဖ စစ်အစိုးရသည် ပြည်နယ်တိုင်း၊ မြို့နယ်တိုင်းမှာ စစ်အစိုးရ၏ညီလာခံ ထောက်ခံပွဲများကို အတင်းအဓမ္မ ပြုလုပ်ဆောင်ရွက်နေလိမ္မည်၊ ဆန့်ကျင်သောရဟန်းသံဃာများကို ဖမ်းဆီးထောင်ချ၊ ခြိမ်းခြောက်ခြင်းများ၊ ဆက်လက်ပြုလုပ်နေမည်၊ သပိတ်ကံမဆောင်သော အစိုးရကိုထောက်ခံသော ရဟန်းသံဃာများကို လာဘ်ထိုးပြီး သံဃာများကို သင်းခွဲရန်တိုက်မည်၊ ဆန့်ကျင်သော ကျောင်းသားကျောင်းသူများ၊ ပြည်သူပြည်သားများကို ဆက်လက် ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်နေမည်၊ အဖမ်းအဆီးများ၊ အတားအဆီးများ ဆက်လက်ရှိမည်၊ ဆန့်ကျင်သူများလည်းရှိမည်၊ လက်နက်ကိုင်တိုက်ခိုက်မှုများလည်း ရှိနေမည်၊ ပြည်တွင်းဆူပူသောင်းကျန်းခြင်းနှင့် ပြည်တွင်းစစ်ဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာပေလိမ္မည်၊ နအဖစစ်အစိုးရနှင့် သူတို့တပ်မတော်သည်လည်း ဆုတ်ယုတ်ပျက်စီးလာမည်၊ မညီမညွတ်ဖြစ်လာမည်၊ ကွဲပြဲလာမည့်သဘောရှိသည်၊ နိုင်ငံရေးအရ မငြိမ်းချမ်းသောကြောင့်၎င်း၊ တက်နေသောကုန်ဈေးနှုန်းနှင့် စားဝတ်နေရေးပြဿနာများကို စစ်အစိုးရ မဖြေရှင်းနှိင်သောကြောင့် ပြည်သူပြည်သားရဟန်းရှင်လူများသည် ဆင်းရဲသည်ထက်ဆင်းရဲ၊ ကျပ်သည်ထက်ကျပ်၊ ငတ်သည်ထက်ငတ်၍လာမည်၊ ပြည်သူပြည်သားများ ဆင်းရဲဒုက္ခတွေ့မည်၊ မင်းဖီးမင်းဒဏ်သင့်မည်၊ ပြည်တွင်း၌ ဆူဆူပူပူရှိမည်၊ ပြည်ပကလည်း အလားတူရှိမည်။
နာမည်ကြီး နိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးစသော ပြည်သူချစ်သော (၀ါ) ပြည်သူပြည်သားများထောက်ခံသော ခေါင်းဆောင်တို့ကို အလွယ်တကူ ပြန်မလွတ်ပေးနိုင်ပါ၊ ရဟန်းသံဃာခေါင်းဆောင်တို့ကို၎င်း၊ ကျောင်းသားခေါင်းဆောင်တို့ကို၎င်း၊ နောက်ထပ်ဆူပူလည်မည့်အခြေအနေ ရှိနေသဖြင့် စိုးရိမ်နေသည်၊ NLD သည် စစ်အစိုးရအပေါ် တစုံတရာအထိ ဆန့်ကျင်လှုပ်ရှားမှုမရှိ၍ ဖမ်းဆီးထားသော NLD နှင့် သာမန်ပြည်သူပြည်သားများကို လူမြင်ကောင်းအောင် လွတ်ပြပေးလိမ္မည်၊ မကြာခင်ရောက်ရှိလာမည့် ကုလကိုယ်စားလှယ် မစ္စတာဂန်ဘာရီကို (၁)။ လိမ်လည်လှည့်စားလိမ္မည်၊ (၂)။ ဆွေးနွေးပွဲစနေဟန် အချိန်ဆွဲလိမ္မည်၊ (၃)။ ပြည်သူပြည်သားများ၏ ထောက်ခံမှုအရ၎င်း၊ သူတို့၏ဆန္ဒအရ လမ်းညွန်မြေပုံ(၇)ချက်အတိုင်းသာ နိုင်ငံရေးအပြောင်းအလွဲလုပ်မည်ဟု ဖြေရှင်းလတ္တံ၊ (၄)။ လမ်းညွန်မြေပုံ(၇)ချက်တွင် NLD ကို ထည့်သွင်းရန်မလိုသည့်သဘော (၀ါ) မစ္စတာဂန်ဘာရီတောင်းဆိုသည့် အတိုင်း မဆောင်ရွက်နိုင်သည့်သဘော၊ UN လုံခြုံရေးကောင်စီကို အာခံဆန့်ကျင်လိမ္မည်မြင်သည်။ ထို့ကြောင့် နအဖစစ်အစိုးရသည် ပြည်သူပြည် သားများချစ်ခင်သော ဒေါ်စုနှင့် ရဟန်းရှင် ကျောင်းသားခေါင်းဆောင်တို့ကို ပြန်လွတ်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်မည်မဟုတ်၊ နိုင်ငံတကာနှင့် UN လုံခြုံရေးကောင်စီကို အာခံမည်၊ စစ်ခံမည်မြင်သည်၊ သူတို့အညံ့ခံခြင်းကို အလိုမရှိကြ၊ အညံ့ခံခြင်းထက် စစ်ခံ၍သေဆုံးခြင်းသည် ပို၍မြတ်သည်ဟုဆိုသည့်အတိုင်း အညံ့မခံ အလျော့မပေး အာခံမည်၊ ခုခံမည်၊ စစ်ခံကြလိမ္မည်ဖြစ်သောကြောင့် မြန်မာပြည်သူပြည်သားများသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်လာနိုးနိုး စောင့်မျှော်၍မနေကြဘဲ အုံကြွဆန္ဒပြခြင်းနှင့် လက်နက်ကိုင်တော်လှန်ရေးအသွင် အနေအထားသို့ ဆက်လက်ချီတက်နေကြလိမ္မည်ဖြစ်ပေသည်။
ဗြိစ္ဆာရာသီ (SCORPIO) တန်ဆောင်မုန်းလ အောက်တိုဘာလ(၂၃)ရက်မှ နိုဝင်္ဘာလ(၂၂)ရက်အတွင်း မွေးဖွါးသူများ ဟာစာတန်း
ဗြိစ္ဆာရာသီသည် ကင်းမီးကောက်ပုံသဏ္ဍာန်ရှိပြီး သင်္ကေတအားဖြင့် (M→) ဟုဖေါ်ပြကြသည်၊ ဗြိစ္ဆာရာသီသည် ကင်းမီးကာက်ပုံသဏ္ဍာန်ရှိသည့်အတိုင်း (မြေအောက်၊ ချိုင့်ဝှမ်း၊ မီးဖိုနှင့် ခိုအောင်းနိုင်သောနေရာများ၊ ဥယျဉ်ခြံမြေ စသောနေရာများကို ကြီးစိုးတတ်သည်၊ ၎င်းရာသီ (လဂ်)တွင်မွေးဖွါးသူတို့သည် မြဲမြံတည်ကြည်ခြင်းကြောင့် လျှို့ဝှက်လုပ်ကိုင်ရသောလုပ်ငန်းများတွင်၎င်း၊ ထောက်လှန်းရေးလုပ်ငန်းများ၊ ဓါတုဗေဒဆေးလုပ်ငန်းများ၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင်လုပ်ကိုင်၍ တိုးတက်ကြီးပွါးတတ်ပြီး ကိုယ်ကျိုးစွန့်၍ ကြိုးကြိုးစားစားလုပ်ကိုင်ဆောင်ရွက်တတ်သဖြင့် ကြီးမားသောဂုဏ်ဒြပ်တို့ဖြင့် ပြည့်စုံသူများဖြစ်တတ်ပေသည်။
ကိုယ်အင်္ဂါအစိတ်အပိုင်းအားဖြင့် အင်္ဂါဇာတ်၊ လိင်၊ ဆီးအိမ်၊ သားအိမ်စသည်တို့ကို ကြီးစိုးပြီး အရပ်ဒေသမှာ မြောက်အရပ်ကိုကြီးစိုးကာ အရောင်အဆင်းအားဖြင့် ရွေရောင်စသည်တို့ကို ကြီးစိုးပေသည်။ ထို့ကြောင့် ဗြိစ္ဆာရာသီ၌ မွေးဖွါးသော(၇)ရက်သားသမီးတို့အနက် -----
၁။ တနင်္ဂနွေနေ့မွေးဖွါးသော သားသမီးများသည် ---- ချမ်းသာကြွယ်ဝတတ်ပြီး ပညာဂုဏ်ဒြပ်နှင့် ပြည့်စုံလေ့ရှိသည်၊ လိမ္မာပါးနပ်ကြသဖြင့် နိုင်ငံရေး၌ အထူးအောင်မြင်သူများ၊ လူရိုသေ ရှင်ရိုသေသော နိုင်ငံရေးသမားဖြစ်လေ့ရှိသည်၊ အထူးသဖြင့် မျက်စိမကောင်းသူများ၊ မျက်စိရောဂါရသူများဖြစ်တတ်ကြသည်၊ အကျိုးပေးသောအရောင်မှာ နီရဲရဲ၊ ကြေးနီရောင် ဖြစ်သည်။
၂။ တနင်္လာနေ့မွေးဖွါးသော သားသမီးများသည် --- အများအားဖြင့် စဉ်းစားဆင်ခြင်သူများ၊ စိတ်ကူးယဉ်ဆန်သူများဖြစ်ပြီး အများအလိုကျ အကျိုးပြုလုပ်ငန်းများကို လုပိကိုင်တတ်ခြင်း၊ ခရီးသွား၊ ကုန်သည်အလုပ်ကိုဝါသနာပါခြင်း၊ မိမိပတ်ဝန်းကျင်၌ ခေါင်းဆောင်လူကြီးများ ဖြစ်လေ့ရှိကြသည်၊ တနင်္လာသားသမီးများ၏ ကံကောင်းသောအရောင်မှာ (အဖြူရောင် ဖြစ်သည်)။
၃။ အင်္ဂါနေ့မွေးဖွါးသော သားသမီးများသည် --- စစ်ရေး၊ နိုင်ငံရေး၌ ထူးချွန်အကျိုးပြုတတ်ပြီး ရဲစွမ်းသတ္တိ ဥာဏ်ပညာနှင့် ပြည့်စုံတတ်သည်၊ ကုန်သည်၊ ပွဲစား၊ ရောင်းဝယ်ရေးစသော စီးပွါးရေးအလုပ်အကိုင်တို့တွင်လည်း အထူးအကျိုးပေးတတ်သည်။ အင်္ဂါနေ့သားသမီးများ၏ ကံကောင်းလာဘ်ရှိသော အရောင်မှာ (နီရဲရဲ)အရောင်ဖြစ်သည်။
၎။ ဗုဒ္ဓဟူးနေ့မွေးဖွါးသော သားသမီးများသည် --- အနုပညာ၊ အက၊ အတီး၊ အဆို၊ အပျော်အပါး အသောက်အစားစသော မကောင်းမှုများကို အထူးနှစ်ကြိုက်လေ့ရှိပြီး ပညာရေးနှင့် စီးပွါးရေးကဏ္ဍတွင် တိုးတက်မှုနှေးကွေးတတ်သည်၊ ဗုဒ္ဓဟူးနေ့မွေးဖွါးသော သားသမီးများ၏ သင့်လျော်သောအရောင်မှာ (အစိမ်းအရောင်) ဖြစ်သည်၊ အရေးကိစ္စကြုံပါက ၀တ်ဆင်၍သွားပါ၊ သင်ကံကောင်းမည်။
၅။ ကြာသပတေးနေကမွေးဖွါးသော သားသမီးများသည် ---- စိတ်နှလုံးကောင်းမွန် ဖြူစင်တတ်ပြီး ပညာရေးတွင် ကံကောင်းသူများ၊ ကိုယ်စိတ်ချမ်းသာသော သူများဖြစ်တတ်သည်၊ အိမ်ထောင်ရေးအကျိုးပေးပြီး ချမ်းသာသုခခံစားရတတ်သည်၊ ကြာသပတေးနေ့မွေးဖွါးသော သားသမီးများ၏ လိုက်ဖက်အကျိုးပေးသောအရောင်မှာ (ရွေရောင်၊ အ၀ါရောင်)ဖြစ်သည်။
၆။ သောကြာနေကမွေးဖွါးသော သားသမီးများသည် ---- အာရုံခံစားမှုကို လိုက်စားတတ်ပြီး ကိုယ်ကျင့်တရားပျက်ပြားသူများ၊ ဂုဏ်သိက္ခာထိခိုက်သူများ၊ အိမ်ထောင်ရေးတွင် အကျိုးဆုတ်ယုတ်မှုများနှင့် တွေ့ကြုံရတတ်သည်၊ သောကြာနေ့ သားသမီးများ၏ အောင်မြင်ကံကောင်းသောအရောင်မှာ (အဖြူရောင်နု၊ အဖြူပြာ) အရောင်သာဖြစ်ပေသည်။
၇။ စနေနေ့မွေးဖွါးသော သားသမီးများသည် ----- ဥာဏ်ပညာနည်းခြင်းကြောင့် အများအားဖြင့် မတရားသော၊ ရိုင်းစိုင်းယုတ်မာသောအလုပ်အကိုင်တို့ကို လုပ်ကိုင်ရင်း အသက်မွေးရတတ်သည်၊ ပင်ပင်ပန်းပန်းလုပ်ကိုင်စားသောက်ရတတ်သည်၊ မျိုးချစ်စိတ်ဓါတ်၊ ပရဟိတစိတ်မရှိဘဲ ကိုယ်ကျိုးကိုသာကြည့်တတ်လေ့ရှိကြသည်၊ စနေနေ့သားသမီးများ၏ ကံကောင်း၍ လူချစ်လူခင်များစေတတ်သောအရောင်မှာ (ခဲရောင်၊ ခရမ်းရောင်) စသည်တို့ ဖြစ်သည်။ အထူးသဖြင့် အရေးကြီးအခြေအနေ၊ အရေးပေါ်ကိစ္စတခုခု ပေါ်ပေါက်လာပါက မိမိနှင့်သင့်လျော်သော လိုက်ဘက်သော အ၀တ်ရောင်ကို ၀တ်ဆင်၍သွားပါက အမြဲကံကောင်းနေပေလိမ္မည်ဖြစ်ပါသည်။
သက္ကရာဇ် ၂၀၀၇ ခုအတွက်မြန်မာနိုင်ငံ၏ကံကြမ္မာဟောစာတမ်းအားဤနေရာမှကြည့်ရန်
အသျှင် က္ကုန္ဒာစက္က (MA သမိုင်း)
ဗေဒင်နှင့်သမိုင်းသုတေသီ
ရခိုင်အမျိုးသား ဗုဒ္ဓဘာသာကျောင်းတိုက်
သံသီးရွာ၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ
ဖုံး၊ ၀၁၅၅၈၄၁၃၁၄၅

နေရဉ္စရာ ရခိုင်သတင်းမှ ကူးယူတင်ပြလိုက်ပါသည်။
Continue reading ...

စစ်အစိုးရအား အာဆီယံမှ ဖိအားပေးရန် ၈၈ မျိုးဆက်တောင်းဆို

Unknown | 8:28 AM |
ိုနိုင်ငံတကာအသိုင်းအ၀န်းကတောင်းဆိုသည့် တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို မြန်မာ စစ်အစိုးရက မသိကျိုးကျွံပြုနေပါက မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားရန် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက တောင်းဆိုလိုက်သည်။၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုထွန်းမြင့်အောင်၊ မနီလာသိန်းနှင့် ကိုစိုးထွန်းတို့ ၃ ဦး လက်မှတ်ထိုးကာ စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးထံသို့ ပေးပို့သည့်စာတွင် မြန်မာစစ်အစိုးရ အနေဖြင့် အတိုက်အခံများနှင့် အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

အာဆီယံအဖွဲ့အနေနှင့်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အန်အယ်လ်ဒီပါတီနှင့် တိုင်းရင်းသား ကိုယ်စား လှယ်များ ပါဝင်ရေးဆွဲခွင့်မရသည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံကြောင်းကို ကြေညာရန်လည်း ၈၈ ကျောင်းသားခေါင်းဆောင်များ၏စာတွင် တိုက်တွန်းထားသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျော့ယို သည် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဌဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စင်ကာပူနိုင်ငံတွင် ပြုလုပ်မည် ဖြစ်သည်။ မြန်မာ နိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။

ထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲစတင်ရေးတို့အတွက် အာဆီယံအဖွဲ့က စစ်အစိုးရအား ပိုမိုဖိအားပေးသွားရန်ကိုလည်း ၈၈ ကျောင်းသားခေါင်းဆောင်များ၏ ပေးစာတွင် တောင်းဆိုထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် အေ ဂန်ဘာရီသည် လာမည့် စနေနေ့တွင် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ သွားရောက်မည်ဖြစ်ပြီး စတုတ္ထအကြိမ် သွားရောက်မည် ဖြစ်သည်။

စစ်အစိုးရက ချီတက်ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွဲခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း မြန်မာနိုင်ငံသို့ တကြိမ် သွားရောက်ခဲ့သည်။ ၎င်းအကြိမ်သွားရောက်ခဲ့စဉ်က မစ္စတာဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် နအဖခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့သည်။
၈၈ ကျောင်းသားခေါင်းဆောင်များသည် စစ်အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းကို ရှောင်တိမ်းရင်း အာဆီယံအဖွဲ့သို့ အထက်ပါ စာကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီး၊ ကိုဌေးကြွယ် နှင့် ကိုပြုံးချိုတို့အပါအ၀င် ၈၈ ကျောင်းသားအဖွဲ့ဝင် ၄၀ ကျော်ကို ဖမ်းဆီးထားကြောင်း စာတွင် ဖော်ပြထားသည်။
Continue reading ...

နောက်ဆုံးတိုက်ပွဲ

Unknown | 1:36 AM |
ဂျပန်မှသူငယ်ချင်းတယောက်မှ အီးမေးဖြင့်ပို့လာသော သူ၏ရင်တွင်း ခံစားချက်အား ကဗျာဖြင့်ပုံဖော်ထားပါသည်။


နောက်ဆုံးတိုက်ပွဲ

အမျိုး ဘာသာ သာသနာနဲ့
ယဉ်ကျေးမှုပြုန်း ဝဇီသုန်းလို့
ရင်ထုမနာ ခံရပါလည်း
ငါတို့ သွေးသည် ရဲရဲနီ
ငါတို့ သားသည် မျိုးချစ်သည်
စစ်အစိုးရကို ဖြုတ်ချမည်
နောက်ဆုံးအထိ တိုက်ပွဲဝင်မည်
အရေးတော်ပုံ အောင်ရမည် ။
အရေးတော်ပုံ အောင်ရမည် ။
အရေးတော်ပုံ အောင်ရမည် ။

J.P.H
2007/10/31
Continue reading ...

“ အင်္ဂလိပ်စစ်သားတွေ၊ဂျပန်စစ်သားတွေဆိုးပုံ၊ ရက်စက်ပုံများကတော့ ကွာ ......"

Unknown | 12:21 AM |

ခုနောက်ပိုင်းနှစ်တွေအတွင်း မြန်မာပြည်မှာ တော်လှန်ရေး နဲ့ပတ်သတ်တဲ့ ဗွီဒီယို၊ ရုပ်ရှင်ကားတွေကို ပုဂ္ဂလိကကုမ္ပဏီ တွေက အပြိုင်အဆိုင် ထုတ်လုပ်ရိုက်ကူးလာကြတာ ကိုတွေ့ ရပါတယ်။ အေးသလို ကားမျိုးတွေက ခွင့်ပြုချက်အမြန်ကျပြီး နအဖစစ်အစိုးရဆီကလည်း အခွင့်အရေးတွေ ရရှိတာမို့ ကုမ္ပဏီ တွေက အပြိုင်အဆိုင် ထုတ်လုပ်လာကြတာဖြစ်တယ်လို့ သိရှိရ ပါတယ်။ နအဖရဲ့ ဗွီဒီယို ဆင်ဆာအဖွဲ့ကလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး နဲ့ပတ်သက်တဲ့ ဇာတ်ကားတွေ စကားတွေ မပါရင်ပြီးရော့။ ကျန်တာအကုန်ခွင့်ပြုတယ်။ နအဖရဲ့ ရည်ရွယ်ချက်ကတော့ တိုင်းတပါးနယ်ချဲ့တွေ မကောင်းဘူး။ (တကယ်ပြောချင်တာက အင်္ဂလိပ်နှင့် အမေရိကန် မကောင်ကြောင်း ပြောချင်တာ။) နအဖပဲ ကောင်းတယ် ၊ နအဖပဲ ကယ်တင်ရှင်၊ နအဖကဘဲ တိုင်းပြည်ကိုချစ်တယ်။ ကျန်တဲ့လူက မချစ်ဘူးပေါ့ ။ ဒါကြောင့်စစ်တပ်ကိုပဲ ကိုးကွယ်ကြရမယ် ဆိုတဲ့သဘောပါဘဲ။
အေးသလိုနဲ့ကျတော့ အင်္ဂလိပ်ခေတ်နဲ့ ဂျပန်ခေတ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဗွီဒီယို ခွေတခွေတောရွာတရွာကို ရောက်လာပါသတဲ့။ ပိုစတာတွေမှာ အင်္ဂလိပ်၊ ဂျပန်တွေက သေနတ်တွေ တကားကားနဲ့၊ တော်လှန်ရေးသမားတွေကလည်း ခမောက်ကြီးတွေဆောင်ပီး လက်ပတ်အနီတွေနဲ့ ရိုင်ဖယ်ခေါင်းတုံးတွေကို ကိုင်လို့ဆိုတော့ တရွာသားလုံးက ကားကောင်းမယ်ဆိုပြီး အုတ်အော် သောင်းနင်း လာကြည့်ကြပါသတဲ့။
ဇာတ်ကားကတော့ ထုံးစံအတိုင်းပါဘဲ၊ ဂျပန်စစ်သားတွေက လူတွေကိုသတ်၊ အရက်သောက်၊ အမျိုးသမီးတွေကို ဖျက်ဆီ။ အလားတူပါဘဲ အင်္ဂလိပ်စစ်သားတွေကလည်း မြန်မာလူမျိုးတွေ အပေါ် အနိုင်ကျင့်တာတွေ၊ အရင်းရှင်ကြီးတွေပီပီ လူထုတွေကို ဂုတ်သွေးစုတ်ပြီး အနိုင်ကျင့်ပုံတွေ၊ အင်္ဂလိပ်စစ်ပုလိပ်တွေက မျိုးချစ် တော်လှန်ရေးသမားတွေကို ဖမ်းဆီးနှိပ်စက်၊ ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကိုသိမ်း ၊ ကာယကံရှင်တွေကို ဖမ်းဆီးလို့မမိတိတဲ့အခါ မိဘဆွေမျိုးသားသမီးတွေကို ဖမ်းဆီးနှိပ်စက်။ လာအဖမ်းမခံရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက် ၊ပြန်ပေးဆွဲ၊ ပြီးတော့ ရွာထဲက သမီးပျိုတွေဆိုရင်လည်း စစ်ပုလိပ်တွေရ့ မုဒိမ်းကျင့်ခံရမှာကြောက်လို့ ထင်ခွေ ရေခပ်တောင် မထွက်ရဲတဲ့ဘ၀။နောက်ဆုံးတော့ အင်္ဂလိပ်နှင့် ဂျပန်တွေကို တော်လှန်ရေးသမားတွေက အပြတ်ချေမှုန်းပြီး မျိုးချစ်တော်လှန်ရေးသမားနဲ့ ကျေးတောသူ ညားသွားကြတဲ့ ဇာတ်လမ်းပါဘဲ။
ဇာတ်ကားဆုံးတော့ လူအုပ်ကြီးက အိမ်ပြန်မယ်ဆိုပီး ဗွီဒီယိုရုံထဲက တိုးဝှေ့ထွက်လာကြပါသတဲ့။ အေးသလိုပြန်အထွက်မှာ ရွာသားတယောက်ရဲ့စကားကြောင့် ဗွီဒီယိုကြည့် ပရိတ်သတ်တွေအားလုံး တ၀ါးဝါးပွဲကျသွားကြပါသတဲ့။
သူပြောလိုက်တဲ့စကားကတော့ “အင်္ဂလိပ်စစ်သားတွေ၊ဂျပန်စစ်သားတွေဆိုးပုံ၊ ရက်စက်ပုံများကတော့ ကွာ နအဖ စစ်သားတွေနီးနီးပဲ”
Continue reading ...

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်၏ ထုတ်ပြန်ကျေငြာချက်

Unknown | 12:05 AM |
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub