October 20, 2007

စစ်အစိုးရ၏ ဥပဒေမူကြမ်းကော်မရှင် အတိုက်အခံများ လက်မခံ

Unknown | 12:22 AM |


စစ်အစိုးရက ဖွဲ့စည်းထုတ်ပြန်လိုက်သည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်ကို အတိုက်အခံ အဖွဲ့များက လက်မခံကြောင်း သိရသည်။

နအဖ စစ်အစိုးရက ကြေညာချက်အမှတ် ၂/၂၀၀၇ ဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မရှင်ကို အောက်တိုဘာ ၁၈ ရက် နေ့စွဲဖြင့်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ထုတ်ပြန်ကြေညာ ထားသည်။

ယင်းဖွဲ့စည်းပုံ ရေးဆွဲရေး ကော်မရှင်ကို တရားသူကြီးချုပ် ဦးအောင်တိုးက ဥက္ကဌအဖြစ် ဆောင်ရွက်၍ ပြန်ကြားရေး
ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းအပါအ၀င် အဖွဲ့ဝင် ၅၄ ဦးနှင့် ဖွဲ့စည်းလိုက်ကြောင်း နအဖ အတွင်းရေးမှူး (၁) ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်အနေနှင့် ထုတ်ပြန်ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၁၉၉၀ ခုနှစ်မေလ ရွေးကောက်ပွဲ အပြီးတွင် ထုတ်ပြန်သည့် ၁/၉၀ ကြေညာချက်အရ အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကသာ ရွေးဆွဲရမည်ဖြစ်သည်ဟု မြန်မာနိုင်ငံရှေ့နေများ ကောင်စီမှ ဦးအောင်ထူးက ပြောသည်။

“၁/၉၀ ကြေညာချက်က အခုအချိန်အထိ တရားဝင် ဖျက်သိမ်းသေးတာ မဟုတ်တဲ့အတွက် အခြေခံဥပဒေကို အရွေး ကောက်ခံ ကိုယ်စားလှယ်တွေကသာ ရေးဆွဲခွင့်ရှိပါတယ်၊ တခြားသူ ရေးဆွဲခွင့်မရှိပါဘူး”ဟု ဦးအောင်ထူးက ဧရာဝတီသို့ ပြောသည်။

ယင်း ၁/၉၀ ကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပါဝင်လက်မှတ်ရေးထိုးထားသည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းညွန့်က ပြောသည်။

ထို့ပြင် ၎င်းက စစ်အစိုးရ ထုတ်ပြန်သည့် ၅/၉၆ ကြေညာချက်ကိုလည်း ပယ်ဖျက်ရန်ပြောဆိုသည်။

“၅/၉၆ က အခြခံဥပဒေ ရေးဆွဲရေးမှာ အများပြည်သူ ပါဝင်ပတ်သက်ခွင့်မရနိုင်တဲ့ ကြေညာချက် ဖြစ်ပါတယ်၊ ဒီအခြေခံ ဥပဒေဆိုတာ မြန်မာနိုင်ငံသား အားလုံးနဲ့ဆိုင်တယ်” ဟုလည်း ဦးသိန်းညွန့်က ပြောသည်။

အန်အယ်လ်ဒီ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ ကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရထားသော ပါတီဖြစ်သည်။

“လူထုပါဝင် ပတ်သက်နိုင်မှုကို စနစ်တကျ ငြင်းပယ်ခြင်းခံထားရတဲ့ အခြေခံအောက်ကနေ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲတယ်ဆိုတာ ဘယ်တော့မှ တိုင်းပြည်အတွက် လူထုအတွက် ရေးဆွဲတဲ့ ဖွဲ့စည်းပုံ မဖြစ်နိုင်ဘူး၊ ဘာမှ အကျိုးမရှိနိုင်ဘူး”ဟု ဦးအောင်ထူးက ပြောသည်။

ဆက်လက်ပြီး ဦးအောင်ထူးက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်နှင့် ၁/၉၀ ကြေညာချက်ကို ဥပေက္ခာပြုပြီး စစ်အစိုးရက ၁၉၉၂ ခုနှစ် တွင် အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင် ဥပဒေကို ထုတ်ပြန်၍ အမျိုးသား ညီလာခံကို ဖော်ဆောင် လာခြင်းဖြစ်သည်ဟုလည်းဆိုသည်။

အဆိုပါ အမျိုးသားညီလာခံသည် အတုအယောင် ညီလာခံဖြစ်သောကြောင့် ၎င်းကထွက်ပေါ် လာသော နောက်ဆက်တွဲ ဖြစ်စဉ်များကိုလည်း လက်မခံကြောင်း ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ က ပြောသည်။

“ပြည်သူလူထုရဲ့ဆန္ဒ၊ တိုင်းရင်းသားတွေရဲ့ဆန္ဒအစစ်အမှန်မဟုတ်လို့ လက်မခံနိုင် တာဖြစ်ပါ တယ်၊ ဒါကြောင့် အခုဖွဲ့ လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်ကိုလည်း အသိအမှတ်မပြုပါဘူး”ဟု ဖဒိုမန်းရှာ က ပြောသည်။

မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးတာဝန်ခံ နိုင်အောင်မငေးကလည်း အမျိုးသားညီလာခံ၏နောက်ဆက်တွဲ ထွက်ပေါ်လာသည့် အကျိုးဆက်များကို မထောက်ခံကြောင်း ပြောဆိုသည်။

“ကျနော်တို့က အမျိုးသား ညီလာခံရဲ့ လုပ်ထုံးလုပ်နည်းကို မကြိုက်လို့ ၊ ပြကတိ အခြေအနေနဲ့ လိုက်လျော ညီထွေ မရှိလို့ ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်ပြီး တော့ လေ့လာသူအနေနဲ့ပဲ စောင့်ကြည့်နေတာပါ၊ ဒါကြောင့် အမျိုးသားညီလာခံရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဟာ ကျနော်တို့နဲ့လည်းမဆိုင်ဘူး၊ ပတ်လည်း မပတ်သက်ဘူး၊ ထောက်လည်း မထောက်ခံပါဘူး”ဟု နိုင်အောင်မငေး ကပြောသည်။

ယနေ့ထုတ် အစိုးရ သတင်းစာတွင် စက်တင်ဘာ ၂၉ ရက်နေ့က စတင်သည့် နိုင်ငံနှင့် အ၀န်း အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထောက်ခံကြိုဆိုပွဲများတွင် ပြည်သူလူထုက တခဲနက်ထောက်ခံအားပေးကြကြောင်း၊ ထိုထောက်ခံ မှုကို လေးစားသောအားဖြင့် ပြည်သူ့ ဆန္ဒအရ ယခုကော်မရှင်ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဖော်ပြ ထားသည်။

“အဲဒီသတင်းစာမှာပါတဲ့ ပြည်သူရဲ့ ထောက်ခံ ဆန္ဒကို လေးစားလို့ ဆိုရင် ပြီးခဲ့တဲ့ သြဂုတ် စက်တင်ဘာ ဆန္ဒပြပွဲ တွေ က ပြည်သူလူထုရဲ့ ထုတ်ဖော်တဲ့ဆန္ဒကိုလည်းလေးစားဖို့လိုပါတယ်၊ အဲဒီမှာ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေး အရ ဖြေရှင်းရေး၊ နိုင်ငံရေး အကျဉ်းသားတွေပြန်လွှတ်ရေးတွေကို တောင်းဆိုတာတွေရှိပါတယ်၊ ဒါတွေဟာ ပြည်သူလူထုရဲ့ ဆန္ဒအစစ် ဖြစ်ပါတယ်”ဟု နိုင်အောင်မငေးက ဆက်လက်ပြောသည်။

စစ်အစိုးရ၏ လူထုထောက်ခံပွဲများသည်အစစ်အမှန်မဟုတ် အမိန့်ဖြင့် စေခိုင်းခြင်းဖြစ်သောကြောင့် ပြည်သူလူထု ဆန္ဒဟု လက်မခံနိုင်ကြောင်း ဖဒိုမန်းရှာကလည်း ပြောသည်။
“တိုင်းပြည်ရဲ့ပြဿနာတွေကို စစ်အစိုးရဟာ တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှ အဖြေမှန်ရမှာ ဖြစ်ပါတယ်”ဟု ဖဒိုမန်းရှာက ပြောဆိုသည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub