July 15, 2011

မမေ့နိုင်သော ၁၉ ဂျူလိုင်

Unknown | 5:02 PM |


အာဇာနည်တွေသေသွားကြပြီ်...

ဗိုလ်ချုပ်သေသွားပြီလို့ပြောကြတယ်….

ဗိုလ်ချုပ်ရဲ့ စကားတွေ… ဗိုလ်ချုပ်ရဲ့ ၀ါဒတွေ တည်ထွန်းနေသမျှ ဗိုလ်ချုပ် တကယ်မသေနိုင်သေးပါ…. ဗိုလ်ချုပ်ကိုချစ်သူတွေ ရိုသေသူတွေ အများကြီးရှိပါတယ်….
ထို့ကြောင့် ကျနော်တို့တွေ… ဗိုလ်ချုပ်ရဲ့ ၀ါဒတွေ၊ လမ်းစဉ်တွေကို ဆက်လက်ပြီးတော့ အသက်သွင်းကြရမယ်..….

`အာဏာရှင်ဝါဒ၊ လူမျိုးအချင်းမုန်းတီးရေးဝါဒ၊ စစ်တပ်ကသာ လွှမ်းမိုးရမည်ဆိုတဲ့ ဖက်ဆစ်အာဏာရှင်ဝါဒ၊ မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးမျိုးရှိနေလျှင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှား ပေါ်ထွက်လာနိုင်တယ်။ ဒီဝါဒမျိုးပေါ်လာရင် ပြည်သူလူထုဟာ လွတ်လပ်ရေး ဆိုတာမရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့အားလုံး ဒီမိုကရေစီဝါဒကို ခေတ်စားလာအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးရအောင် လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားကြရမယ်။´

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုလျှက်

ပြည့်စုံ
Continue reading ...

July 17, 2009

၆၂ နှစ်မြောက် အာဇာနည်နေ့

Unknown | 9:25 PM |
ဤဓါတ်ပုံအား ကိုနစ်နေမန်းဘလော့မှ ကူးယူသည်။

အမျိုးသား သူရဲကောင်းတစ်ယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး၊ ရန်သူများတယ် အများဆုံး သုံးနှစ်ပဲခံမယ်၊ ကျနော့်အတွက်တော့ ….. နောက် (၁၈)လထက်မပိုဘူးလို့ ယူဆတယ်….
ဗိုလ်ချုပ်အောင်ဆန်း
(မောရစ်ကောလစ်၏ Last And First in Burma စာအုပ်၊ စာမျက်နှာ ၂၆၉၊၂၇၀)မှ


ကျဆုံးခဲ့ရသော အာဇာနည်များ

ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ
(၃၂) နှစ်။ မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ခေါင်းဆောင်ကြီး။ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒု-ဥက္ကဌ(သို့) တကယ့်လက်တွေ့အားဖြင့်လွတ်လပ်ရေးမရမီ ၀န်ကြီးအဖွဲ့ ၏၀န်ကြီးချုပ်။၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး။ ကျည်ဆန် (၁၃) ချက်သင့်သော ဒါဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ဒီးဒုတ်ဦးဘချို
(၅၄) နှစ်။ စာရေးဆရာ။ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ။ပြန်ကြားရေးဝန်ကြီး။ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲဝင်သွားသော ကျည်ဆန် အပါအ၀င် ကျည်ဆန်(၅) ချက်ရရှိသည့်တိုင် နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးကြီးတွင်အသက်ရှင်လျက် ရှိနေသေးသည်။

သခင်မြ
(၄၉) နှစ်။ လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်။ ဘဏ္ဍာရေးဝန်ကြီး။ အဆုတ်ကို ထွင်းဖောက်သွားသော သေနတ်ဒါဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသည်။

ဦးအဗ္ဗဒူရာဇတ်
(၄၉) နှစ်။ မန္တလေးမြို့ မူဆလင်ခေါင်းဆောင်။ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး။ ဒါဏ်ရာ (၆) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

ဦးဘ၀င်း
(၄၆) နှစ်။ ဦးအောင်ဆန်း၏ အကို။ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး။ ကျည်ဆန်ဒါဏ်ရာ(၈) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

မန်းဘခိုင်
(၄၃) နှစ်။ ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်ကပြန်လည်ခုခံတော်လှန်ရာ၌ပါဝင်ခဲ့သည်။စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာန၀န်ကြီး၊ ကျည်ဆန် (၁၅) ချက်ထိမှန်ခဲ့သည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

စပ်စံထွန်း
(၄၀) နှစ်။ ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး။ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး။ ဦးခေါင်းတွင် ဒါဏ်ရာ (၂)ချက်ရရှိပြီး (၂၀) ရက်နေ့ မွန်းတည့်ချိန်တွင်ရန်ကုန်မြို့။ ပြည်သူ့ဆေးကြီး၌ သေဆုံးသွားသည်။

ဦးအုန်းမောင်
(၃၄) နှစ်။ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန။ ဒုတိယအတွင်းဝန် (I.C.S)၊ အစီရင်ခံစာတခုကို လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

ကိုထွေး
(၁၈) နှစ်။ ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင် သိပံ္ပရပ်မှမူဆလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့်အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏ ပစ်ခတ်ခြင်းကိုခံရပြီး ဒါဏ်ရာ(၄) ချက်ရရှိပြီး ဆေးရုံတွင် သေဆုံးသည်။

ယခင်ရေးခဲ့သော ပို့စ်အားဖတ်ရှုလိုလျှင်

ပြည့်စုံ
Continue reading ...

June 14, 2009

အဖေများနေ့

Unknown | 4:32 AM |


အဖေ မရှိတော့ပေမယ့် အဖေက သားရင်ထဲ အမြဲရှင်သန်နေပါတယ်…အဖေသားတို့ကို အပြီးအပိုင်ခွဲခွာသွားတာ ဒီနေ့ဆို ၂ လနဲ့ ၉ ရက်ရှိပြီနော်… တချို့တွေကပြောကြတယ်. အဖေဆိုတာ သမီးတွေကို ပိုချစ်တယ်ပြောကြတယ်… ဒါပေမယ့် အဖေက သားကိုပိုချစ်တယ်နော်…
အဖေ … နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ပြန်ဆုံပါရစေအဖေ… သားလေ လူတွေအကြောင်းကို သိသင့်သလောက်သိနေပြီ… အဖေ့ကိုပြောပြချင်တယ်ဗျာ….။

အဖေ… ကောင်းရာသုဂတိလားပါစေ….

ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်သံကြားနိုင်ပါစေ…..
Continue reading ...

May 04, 2009

အဖေကောင်းရာသုဂတိလားပါစေ...

Unknown | 10:23 PM |
အဖေ သားကိုမေးသွားတယ်နော်… သားဖြေသိမ့်မရဘူးအဖေရယ်… ဒီနေ့ဆို အဖေ ဆုံးတာ တစ်လပြည့်ပြီနော်…
သားကိုယ်သား သိနေသလိုပဲအဖေရယ်… စိတ်တွေလေးနေတယ်… ဘာလုပ်လုပ်အဆင်မပြေဘူးဖြစ်နေတယ်… အားလုံးက အလွဲလွဲအချော်တွေချည်းပဲ… သားအိမ်ကို အရမ်းသတိရနေတယ်… ဆက်သွယ်ချင်ပေမယ့် မြန်မာပြည်ရဲ့ ဆက်သွယ်မှု ကွန်ယက်တွေကြောင့် ဘယ်လိုမှ အဆက်အသွယ်မရဘူး… နောက်ညီဝမ်းကွဲတစ်ယောက် ပြောတယ်… အခုဆက်လို့ရပြီတဲ့ အော်တိုတွေဆင်လိုက်ပြီတဲ့ သားဝမ်းသာလိုက်တာ အဲဒီသတင်းကြားတော့လေ… သားဖုန်းဆက်တော့ ဘယ်လိုမှ ခေါ်မရဘူး.. ဖုန်းလိုင်းတွေက ပြတ်တောက်ပြတ်တောက်ဖြစ်နေတာ… အဲဒါနဲ့ ကျနော့်ကိုအရမ်းခင်တဲ့မန္တလေးက အမတစ်ယောက်က မောင်လေးဘာမှ မပူပါနဲ့တဲ့ သူဆက်သွယ်ပေးမယ်တဲ့… သူဆက်သွယ်ပေးခဲ့တယ်… အဲဒါနဲ့ ကျနော်အဆက်အသွယ်ရခဲ့တယ်… ၀မ်းသာစရာပေါ့ဗျာ.. အဒေါ်အိမ်မှာ အော်တိုဖုန်းရှိတယ်တဲ့.. အဲဒီကိုဆက်ပါတဲ့… အဲဒီသတင်းကြားတော့ဝမ်းသာလိုက်တာ… ငါခဏခဏဆက်လို့ရပြီဆိုပြီး အဲဒါနဲ့ မန္တလေးက အမက သူဆက်သွယ်ပေးတယ် ကျနော်ဆက်မယ် ဖုန်းစောင့်နေပါဆိုပြီး အိမ်ကိုလှမ်းဆက်သွယ်ပေးတယ်… ကျနော့်ဘ၀ရဲ့ အမှတ်တရနေ့ပေါ့…. ဧပြီလ ၂၄ရက်နေ့ကပေါ့… အမေ့ကိုခေါ်ပေးပါလို့ကျနော်ပြောတော့ ကျနော့်အစ်ကိုဖြစ်နေတယ်…သူက ညီမင်းနေကောင်းလားတဲ့ အမေရန်ကုန်သွားတယ်ညီမလေးရောပါသွားတယ်... မင်းကိုငါတို့ဆက်သွယ်တာ ဘယ်လိုမှ ဆက်လို့မရဘူး… မင်းအဆင်ပြေလားတဲ့ အေးငါအားလုံးအဆင်ပြေတယ် ငါလည်းဆက်သွယ်တာ ဘယ်လိုမှ ဆက်သွယ်လို့မရဘူး ငါအိမ်ကို အခုတလော အရမ်းသတိရတယ်ကွာလို့ ကျနော်ပြောတော့သူ ၀မ်းနည်းသံကြီးနဲ့ သူပြန်ပြောတယ်… မင်းကိုငါပြောစရာရှိတယ်.. ငါပြောမယ်နော်တဲ့ မင်းဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့… စိတ်ခိုင်ခိုင်ထားနော်တဲ့… အေးပါ ငါဘာမှ မဖြစ်ပါဘူး… မင်းရောနေကောင်းလားဆိုတော့ အေးကောင်းပါတယ်…ငါပြောမယ်နော်တဲ့.. အဖေဆုံးပြီ ဒီလ (၅)ရက်နေ့တနင်္ဂနွေနေ့ မနက်(၄)နာရီက မင်းကိုဖုန်းဆက်တာဆက်လို့မရဘူး အဖေက သူမဆုံးခင်မှာ မင်းကိုပဲမေးနေတယ်… အဲဒါနဲ့မင်းကိုဆက်သွယ်တာဘယ်လိုမှ ဆက်မရဘူး.. မင်းကလည်း မဆက်သွယ်တော့ ဘယ်လိုမှ ဆက်သွယ်မရဘူးဖြစ်နေတာ… မင်းဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ သေသွားပြီပဲ မင်းလည်း အဖေ့အတွက် ဆုတောင်းပေးပေါ့တဲ့… အစ်ကို ငါနေ့တိုင်းဆုတောင်းတယ် ညတိုင်းဘုရားရှစ်ခိုးတိုင်းပေါ့ ငါအရမ်းဝမ်းနည်းကွာ… ငါဘယ်လိုဖြေသိမ့်ရမလည်းကွာ… မင်းသိတဲ့အတိုင်း ငါတို့ခွဲခွာခဲ့တာ အခုဆို ၅ နှစ်ပြည့်တော့မယ်… အဖေနဲ့ စကားတစ်ခါမှ ကောင်းကောင်းမပြောဖြစ်ခဲ့ဘူး… အခုအဆက်အသွယ်ရတော့ အဖေဆုံးပြီဆိုတော့ ငါဘယ်လိုဖြေသိမ့်ရမလည်းကွာ… အမေဘယ်တော့လောက်ပြန်လာမလည်းဆိုတော့ တစ်ရက်နှစ်ရက်လောက်နေရင်ပြန်လာမယ် အိုကေ အဲဒါဆို နောက်နေ့ငါဖုန်းထပ်လိုက်မယ်.. အမေ့ကိုပြောလိုက်နော်…
ကံကြမ္မာကလည်း ရင်နာချင်းတွေပဲ ပေးခဲ့တယ်… နောက်…ကျနော်ဖုန်းထပ်ဆက်တော့ အမေနဲ့ဆုံတယ်… သားအခုနေကောင်းလားတဲ့ ကျန်းမာရေးဂရုစိုက်နော်တဲ့… သားဘယ်လိုခံစားရမယ်ဆို အမေသိပါတယ် ဒါပေမယ့်သားရယ် ဘယ်တတ်နိုင်မလည်း ဖြစ်သွားကြပြီဘဲ… ဆုတောင်းပေးပေါ့သားဖေဖေကို ကောင်းရာသုဂတိလားပါစေလို့တဲ့…. အခု တလပြည့်အတွက် အမေတို့လုပ်မယ် သားအဲဒီကနေ အမျှဝေပေးပါ ညနေ(၅)နာရီလောက်မှာ ဘုန်းကြီးတရားနာမယ် သားဖုန်းဆက်နော်တဲ့…

အကုသိုလ်က ၀င်လာရင် အပေါင်းအဖော်ပါ ပါလာတတ်တယ်တဲ့ ကျနော့်အတွက်တော့ ဆွေမျိုးတွေပါပါတယ်ဗျာ… နောက်တစ်ရက်ဖုန်းထပ်ဆက်တော့ အမေ မရှိဘူးတဲ့ နင့်အန်တီအိမ်မှာတဲ့.. ဘာဖြစ်လို့လည်း မေးတော့ နင့်အစ်ကို ၀မ်းကွဲဆုံးပြီညကဘဲ.. ကားကားချင်းတိုက်တာတဲ့… ပွဲချင်းပြီးဘဲကြားရတဲ့သတင်းတွေကလည်းတစ်ခုမှ မကောင်းဘူး…. သူဆုံးတာ ၂၉ ရက်နေ့ သူ့ရက်လည်ဆွမ်းကျွေးက အဖေတစ်လပြည့်တဲ့နေ့နဲ့တိုက်ဆိုင်နေတယ်…. ၀မ်းနည်းစရာအဖြစ်အပျက်တွေချည်းပဲ… ၀ဋ်ကြွေးရှိခဲ့ရင် ဒီဘ၀မျှနဲ့ကြေပါစေလို့ဆုတောင်းပါတယ်….

အဖေ…ကောင်းရာသုဂတိလားပါစေအဖေ …. ဘ၀ဆက်တိုင်းဆက်တိုင်း… ကွေကွင်းခြင်းတွေနဲ့ ကင်းဝေပါစေအဖေ…. သားဘုရားရှစ်ခိုးရင်တောင်အခုသားပြောင်းပြီးရှစ်ခိုးနေရပြီအဖေ… အရင်က သားဘုရားရှစ်ခိုးတိုင်း အဖေကျန်းမာပါစေကိုယ်စိတ်နှစ်ပါးအေးချမ်းပါစေ အမေလည်းကျန်းမာပါစေ ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေ… အခုတော့ အဖေကောင်းရာသုဂတိလားပါစေလို့ ပြောင်းပြီးရှစ်ခိုးနေရပြီ…

အစ်ကိုရေ…. ကောင်းရာသုဂတိလားပါစေ… ဘ၀ဆက်တိုင်း ဒီလို အဖြစ်မျိုးနဲ့ကင်းဝေးပါစေ….

မိသားစုနဲ့ အဆက်အသွယ်ရအောင်ကူညီပေးခဲ့ကြသော ကိုကျော်ကျော်( အကောင်းဆုံးမြေသြဇာ)၊မန္တလေးမှအမ (မန္တလာသူ)ရန်ကုန်မှ ညီမ ဒါလေး၊ ညီလေး ချန်တူးဝမ် တို့အား အထူးကျေးဇူးတင်ရှိပါတယ်...။

ပြည့်စုံ
Continue reading ...

May 11, 2008

ကူညီကြပါရန်

Unknown | 2:30 AM |
၂၀၀၈ ဧပြီလ ၂၇ ရက်နေ့မှ စတင်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ မြန်မာနိုင်ငံကို မေလ ၂ နေ့ ညနေပိုင်းမှစတင်၍ ပြင်းထန်စွာတိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်းဟာမြန်မာနိုင်ငံသို့ ရက်စက်ကြမ်းတမ်းစွာ ထိုးနှက်ခံခဲ့ရပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာ ဘ၀တွေပေးခဲ့ရ အပြစ်ကင်းပြီး ဖြူစင်တဲ့ပြည်သူတွေ အနာဂတ်ရဲ့ ကြယ်စင်လေးတွေ ကြွေလွင့်ခဲ့ရတယ်၊အသက်တွေပေးခဲ့ရတယ်။ ဒါတွေဟာ ဘယ်သူ့ကြောင့်လည်း ဘာကြောင့်လည်းဆိုတာတော့အားလုံးသိကြမှာပါ။





အချိန်အခါ မသင့်ပဲကြွေလွင့်ခဲ့ရသော ကြယ်ပွင့်လေးများနှင့် အပြစ်ကင်းစင်သောပြည်သူအပေါင်းအား ကောင်းရာသုဂတိလားပါစေကြောင်းဆုတောင်းလိုက်ပါတယ်။ ဘ၀ဆက်တိုင်း ဆက်တိုင်း.. အခုလိုအဖြစ်မျိးနဲ့ကင်းဝေးကြပါစေလို့...

မင်းဆိုးက နှိပ်စက် မုန်တိုင်းဒါဏ်က နှိပ်စက်ခံနေကြရသောလက်ရှိအိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်နေကြသော ပြည်သူများကို ကူညီကြပါ။ ထိရောက်သောအကူအညီများလိုအပ်နေပါသည်။
Continue reading ...

April 17, 2008

သမဂ္ဂသမီး

Unknown | 11:42 PM |


ရဲဘော် ခင်မာအေး(ခ) မိဥာဏ် (ခ) မဂျိုးဖြူ (ကေတု) (ခ) ဥာဏ်ဇံ
တောင်ငူမြို့ အဖ သခင်ဘဘောင်း အမိဒေါ်သိန်းတို့မှ ၂၁-၇-၁၉၄၀ နေ့တွင်မွေးဖွားပြီး ၁၄-၁၁- ၁၉၃၈ နေ့တွင် မွေးဖွားသူ (၆၂)ကျောင်းသားခေါင်းဆောင်ကြီး ရဲဘော်လှရွှေနှင့် ၁၉၆၂ခုနှစ်တွင် လက်ထပ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသူဘ၀တွင်ပင် ဒေါ်ခင်မာအေးသည် သမဂ္ဂ၏ တ.က.သ - ဗ.က.သ၏ အမျိုးသမီးကျောင်းသားခေါင်းဆောင်ဖြစ်ပါသည်။



ရဲဘော် ခင်မားအေး(ခ) မိဥာဏ် (ခ) မဂျိုးဖြူ (ကေတု) (ခ) ဥာဏ်ဇံ
တောင်ငူမြို့ အဖ သခင်ဘဘောင်း အမိဒေါ်သိန်းတို့မှ ၂၁-၇-၁၉၄၀ နေ့တွင်မွေးဖွားပြီး ၁၄-၁၁- ၁၉၃၈ နေ့တွင် မွေးဖွားသူ (၆၂)ကျောင်းသားခေါင်းဆောင်ကြီး ရဲဘော်လှရွှေနှင့် ၁၉၆၂ခုနှစ်တွင် လက်ထပ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသူဘ၀တွင်ပင် ဒေါ်ခင်မာအေးသည် သမဂ္ဂ၏ တ.က.သ - ဗ.က.သ၏ အမျိုးသမီးကျောင်းသားခေါင်းဆောင်ဖြစ်ပါသည်။

ရဲဘော်လှရွှေသည် ဘိုကလေးမြို့တွင်အချမ်းသာဆုံးစာရင်းဝင် မြကလပ် ဆေးတိုက်ပိုင်ရှင် ဦးချစ်ညွှန့်၏ သားကြီးဖြစ်သည်။ ရဲဘော်မခင်မာအေးသည် တောင်ငူမြို့မှ ချမ်းသာသူမိဘများမှ ဖွားမြင်သော်လည်း ဂုဏ်ပကာသနပါသော မင်္ဂလာပွဲထက် နှစ်ဦးသဘောတူနားလည်မှုအပြည့် နိုင်ငံရေးသစ္စာဖြင့် လက်တွဲခဲ့သည်။ သမဂ္ဂ၏ ရဲဘော်များ တက္ကသိုလ်ကျောင်းသား/သူများ ဆရာဆရာမများမှ လေးစားချစ်ခင်၍ မင်္ဂလာလက်ဖွဲ့အား ကျောင်းသားသမဂ္ဂ တ.က.သ သို့ပေးပို့ခဲ့သည်။ ဆဲဗင်းဂျူလိုင် (၇.၇.၆၂) ကျောင်းသား သမဂ္ဂအဆောက်အဦးအားအာဏာရူးနေ၀င်းမှဖြိုခွဲဖျက်ဆီးအကြမ်းဖက်လူသတ်ရာတွင် မင်္ဂလာလက်ဖွဲ့ ပစ္စည်းအားလုံး သမဂ္ဂနှင့်အတူ စတေးခံခဲ့ရခြင်းဖြင့် အိမ်ထောင်သည်ဘ၀အစပြုခဲ့ပြီး ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကျောင်းသား သမဂ္ဂအဆောက်အဦး ဖြစ်မြောက်ရေး တ.က.သ- ဗ.က.သ ရဲ့မူ(၅)ချက်ဖြစ်တဲ့ အမျိုးသားရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေး ဒီမိုကရေစီပညာရေးနဲ့ အလံတွေဟာ ဒေါ်ခင်မာအေးရဲ့ အသွေးအသားထဲမှာ စီးဆင်းနေပြီး ကျောင်းသားရှင် ကျောင်းသားသမဂ္ဂရှိတယ် ကြွေးကြော်တိုက်ပွဲဝင်ပြီး သမဂ္ဂအလံကို အမြင့်ဆုံးလွင့်ထူခဲ့သည်။ ၇၄-၇၅ မှိုင်းသန့် ဇွန်ကျောင်းသားခေါင်းဆောင်ကြီးတွေ ကိုအောင်စောဦး၊ ကိုဟန်ထွန်း(ခ)စာရေးဆရာဝင်းတင့်ထွန်း၊ ကိုမိုးမြင့်၊ ကိုဗဟိန်းအောင် စတဲ့မျိုးဆက်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ဆက်အောင်နိုင်၊ ထက်မိုး၊ ခင်ထားရီ၊ နိုဗယ်အေးစတဲ့ ၈၈ မျိုးဆက်တွေကို ဦးဆောင်လမ်းပြခဲ့သည်။

ထူးခြားဖြစ်စဉ်သမိုင်းအကျဉ်း
သမဂ္ဂအမေ ဆုံးရှုံးပြီး ရက်ပိုင်းအတွင်း သမဂ္ဂသမီးဆုံးရှုံးရခြင်းကြောင့်- ဒေါ်ခင်မာအေးသည် သူ၏ဒေါ်ဒေါ်(အမေလူထုဒေါ်အမာ) အပေါ်မည်မျှလေးစားချစ်ခင်ကြောင်း ထင်ရှားပါသည်။သူမ၏ အလေးစားဆုံး နိုင်ငံရေးခေါင်းဆောင်နှင့် သူရဲကောင်းမှာ အမျိုးသားစာပေဆုပေးသည်ကိုထောင်ကျခံ၍ မယူဘဲဆန့်ကျင်ခဲ့သူ ပြည်သူလူထုစာဆို ဆရာဗန်းမော်တင်အောင်ဖြစ်ပါသည်။ သူဖြတ်သန်းခဲ့သော ခေတ်တိုင်း၊ အချိန်းတိုင်း၊ နေရာတိုင်း၊ သူမ ပခုံးပေါ်က သမိုင်းတာဝန်ကျေခဲ့ပေသည်။ သမဂ္ဂအမေ သီးချင်းနားထောင်တိုင်း နေရာတိုင်း မျက်ရည်ကျ၍ သမဂ္ဂအကြောင်းပြန်ပြောပြတတ်သူ သမဂ္ဂ၏ အသွေးအသား သမဂ္ဂ္ဂသမီးဖြစ်ပါသည်။
ဗ.က.သ ၏ ဖေါက်ပြန်ရေး ဖေါ်ကောင် သစ္စာဖောက် ဘခက်နှင့်အပေါင်းအပါးများ-(သခင်သန်းထွန်းနောက်ဆုံးနေ့စာအုပ်စာရေးသူများ) ဖော်ကောင်လုပ်ရာတွင် ဒေါ်ခင်မာအေး မှာ ကမ္ဘာကျော် “ရေကြည်အိုင်” ထောက်လှမ်းရေးစခန်းတွင် (၃)နှစ်ကြာစစ်ဆေးခံ နှိပ်စက်ခံ၊ နှိပ်စက်ခံခဲ့ရပါသည်။ ထောက်လှမ်းရေးမှူးချုပ် မျက်မှန်ကြီးဦးတင်ဦး ကိုယ်ပိုင် စစ်ဆေးခဲ့ပြီး ဒေါ်ခင်မာအေး၏ သတ္တိကို မင်းတော်တော်ခေါင်းမာတဲ့ အမျိုးသမီးဘဲဟု အသိအမှတ်ပြုခံခဲ့ရပေသည်။ ဗမာပြည်၏ ခေတ်အဆက်ဆက် နိုင်ငံရေးအကျဉ်းသားသမိုင်းတွင် မည်သည့် အမျိုးသမီးမှ စစ်ဆေးခြင်းမခံရဘူးသော စစ်ဆေးခြင်းမျိုးဖြင့် နှိပ်စက်ခံခဲ့ရသော တဦးတည်းသော အာဇာနည်အမျိုးသမီးဒေါ်ခင်မာအေး၏ မိန်းမအင်္ဂါ(ယောနိ) အားလျှပ်စစ်ဖြင့် ကျဉ်စက်တို့၍ ရက်စက်ယုတ်မာစွာ စစ်ဆေးခံခဲ့ရပါသည်။ ရေကြည်အိုင်ငရဲမှ လွတ်မြောက်ပြီး ကျဉ်စက်ဒဏ်ကြောင့် သားအိမ်ထိခိုင်သဖြင့် ကိုယ်ဝန်မမြဲဘဲ သားအိမ်ပူလွန်းသဖြင့် ကိုယ်ဝန်ထိခိုက်မှုကို ရင်ကွဲမတတ်ခံစားခဲ့ရရှာပါသည်။ သားကြီး ဆက်အောင်နိုင်(၂၉.၁၁.၆၂) သားငယ်ဆက်အောင်ခိုင် အပြင်နောက်သမီးတစ်ဦး မွေးဖွားချင်ခဲ့လေသည်။ သူငယ်ချင်းသမားတော် ဒေါက်တာ M.O ၏ ဆေးပညာပံ့ပိုးမှုဖြင့် နေ့စဉ် နို့ (၂၅)ကျပ်သားသောက်၍ တင်ပါးနှစ်ဖက်လုံးနေ့စဉ်ဆေးထိုး၍ တင်ပါး“ ပုတ်”သည်အထိ မိဘမေတ္တာကြီးမားစွာဖြင့် သမီးငယ် နေခြည်အား၁၂-၇-၇၇တွင် မွေးဖွားခဲ့သည်။ မနေခြည်မှာ ယခု အင်းစိန်ထောင်ထဲတွင် ဖမ်းဆီးခံထားရသူ ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်နိုင်(ကိုမင်းကိုနိုင်၏ညီ)၏ ဇနီးဖြစ်သည်။
ဒေါ်ခင်မာအေးသည် ၆-၆-၉၂နေ့တွင် ကျောင်းသားခေါင်းဆောင်အချို့ကိုစုစည်း၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ယာယီ)အား ဖွဲ့စည်းပေးခဲ့ပြီး ၁၉-၆-၉၂ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် န.၀.တ ညီလာခံဆန့်ကျင်ရေးကြေညာချက်အား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(ဗ.က.သ)(ယာယီ)ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ(ရ.က.သ)၊ မန္တလေးခရိုင်ကျောင်းသားသမဂ္ဂ(မ.က.သ)တို့ကို ပံ့ပိုးကူညီ၍ ကြေငြာချက်(၃)ခုထုတ်ခဲ့သည်။ အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့နှင့် န၀တ ညီလာခံ ဆန့်ကျင်ရေး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေစဉ် ဖမ်းဆီးခံရပြီး ထောင်(၃)နှစ်ကျခဲ့သည်။ ထောင်မကျခင် ၁၉၉၂ နှစ်ကုန်ပိုင်းတွင် လာရောက်သော ကုသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဂျပန်လူမျိုး ယိုဇိုယိုကိုတာနှင့် ရဟန်းရှင်လူ ကျောင်းသားအဖွဲ့များတွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့သည်။ ဗကသမှ ဥက္ကဌ အိုးဝေဇော် (ခ) ကိုထက်မိုး (ABSDF) ဗဟိုကော်မတီနှင့် ဇော်ဇော်လှိုင် (ယခု USA)နှင့် ယခု ပြည်တွင်းမှ ၈၈ ကျောင်းသူတစ်ဦးတို့ ကျောင်းသမဂ္ဂကိုယ်စားပြုတွေ့ဆုံစေခဲ့သည်။
ဒေါ်ခင်မာအေး အင်းစိန်ထောင်တွင် ထောင်(၃)နှစ်ကျခံသောအခါ သူ၏ အရင်ထောင်ကျနေသော ခင်ပွန်းဦးလှရွှေ (မန္တလေးထောင်) သားကြီးဆက်အောင်နိုင်(သရက်ထောင်) တို့၏ ထောင်ဝင်စာတွေ့သူ သမီးမနေခြည်အား သူ့အားလာမတွေ့ဘဲ ဦးလှရွှေနှင့် ဆက်အောင်နိုင်ကိုသာ တွေ့ရန် အနစ်နာခံ တွေ့ခိုင်းခဲ့သည်။ မိသားစု (၃)ဦး တပြိုင်ထောင်ကျမှုဖြစ်၍ ထိုစဉ်က အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်မှ နော်ဝေး ဒီမိုကရက်တစ် မြန်မာ့အသံမှ ဂုဏ်ပြုသီချင်းတောင်းပေးခဲ့သည်။
ဦးလှရွှေသည် ထောင်ကျနှစ်အားလုံးပေါင်း နှစ်ပေါင်း(၂၀)ကျော်ဖြစ်ပြီး ဆက်အောင်နိုင်မှာ န၀တ-နအဖ လက်ထက် ၈၈ နောက်ပိုင်း ထောင်(၄)ကြိမ်ကျသူ အများဆုံးထောင်ကျ အကြိမ်များသူဖြစ်၍ ဒေါ်ခင်မာအေးဘ၀တလျှောက်လုံး ထောင်ဝင်စာအတွက် ထောင်ပေါင်းများစွာအား နှစ်ပေါင်းများစွာရင်းနှီးပေးဆပ်ခဲ့ရသည်။
မန္တလေးထောင်ဝင်စာတွေ့ရာတွင် နေပူဒါဏ်ကြောင့်မူးလဲ၍ မန္တလေးဆေးရုံတင်ရသော်လည်း ဆေးမကုပေးဘဲ အမေလူထုဒေါ်အမာ သတင်းကြားကြားခြင်း ချက်ခြင်းလိုက်သွားရာ ဆေးမကုရဘဲ အမေ့မျက်နှာ အမေ့အပြုံးဖြင့်ရောဂါ ပျောက်ပြီးဆေးရုံမှ ဆင်းခဲ့ရသည်။
မဂျိုးဖြူ (ကေတု)အမည်ဖြင့် ကဗျာ ဆောင်းပါးများ ရေးသားပြီး ဥာဏ်ဇံအမည်ဖြင့် နိုင်ငံရေးအကျဉ်းသားများအကြောင်းစာရေးခဲ့သည်။ ကိုအောင်စောဦး၏ နာမည်ကြီးစာအုပ်တွင် စာအုပ်နောက်ပိုင်း အမျိုးသမီးထောင်အကြောင်းမှာ ဒေါ်ခင်မာအေးလက်ရာဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် ကျောင်းသား/သူများနေ့စဉ်နီးပါး သွားရောက်တွေ့ဆုံလေးစားမှုဖြင့် နိုင်ငံရေးအတွေ့အကြုံများ တိုင်ပင်ခံရသူဖြစ်သည်။
ကျဆုံးကွယ်လွန်ချိန်အထိ နိုင်ငံရေးတာဝန်ပေါင်းများစွာ၊ နိုင်ငံရေးအကျဉ်းသားများထောင်ဝင်စာ၊ သာရေး၊ နာရေ၊ လူမှုရေးပေါင်းများစွာတို့ကို ကိုယ်ကျိုးစွန့်ဆောင်ရွက်နေသူဖြစ်ပါကြောင်း အကျဉ်းချုပ်ထောက်ပြအပ်ပါသည်။

သမိုင်းတာဝန်ကျေတဲ့
သမဂ္ဂသမီး
သမဂ္ဂသမီး - ၆၂ကျောင်းသူ
၈၈ မျိုးဆက်တို့ရဲ့အမေ
ရဲဘော် မခင်မာအေးသို့ …….

(သေးစိတ်သိလိုလျှင် wawlay@gmail.com, burmahlamg@gmail.com တွင်မေးမြန်းနိုင်ပါသည်)

Continue reading ...

April 10, 2008

သမဂ္ဂအမေ

Unknown | 9:59 AM |




အမေလူထုဒေါ်ဒေါ်ကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်


ရှိနေသေးသည်
အနေဝေး၍
မတွေ့သည်သာ
ယုံကြည်စွာဖြင့်…။

အမေ့စကား

နိုင်ငံရေးမလုပ်ရင် 'အ' တယ်သားရဲ့ ...။

သားတို့ အမေ မသေချင်သေးဘူး
သေမယ်ဆိုလျှင်တောင်
အသက်အောင့်ထားမယ်
အမေ ဒီလူသတ်စစ်အာဏာရူးတွေ ပြုတ်ကျတာကို မြင်ချင်သေးတယ်။

အမေတို့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖို့ လက်နက်တွေ တရုတ်က ပေးနေတယ် ဒါကြောင့်မို့ တရုတ်ပြည်ကို အမေတို့ ဗမာပြည်သူပြည်သားအားလုံး ဆန့်ကျင်ရမယ် မုန်းတီးရမယ် ဒီစကား ဆွေစဉ်မျိုးဆက် သားတို့ လက်ဆင့်ကမ်းပြီး ပြောသွားရမယ် ။
အမေတို့ မန္တလေးက ဆွေမျိုးတွေနဲ့ ရဲဘော်မိတ်ဆွေတွေကို အမေမှာထားတယ် ငတ်သေသွားပါစေ ဒီနယ်ချဲ့တရုတ်တွေကိုတော့ အိမ်တွေခြံတွေမရောင်းကြပါနဲ့…..။

အမေကြိုက်တဲ့ သီချင်းတစ်ပုဒ်

သမဂ္ဂ အမေ…

(နယ်ချဲ့ဆန့်ကျင်ရေးမှာ စတင်တော်လှန်ခဲ့ရာ နန်းတက္ကသိုလ်ရင်ခွင်ဦးမှာ ကိန်းဝပ်ခဲ့သူအမေ
သူ့ကျွန်မခံလိုဘူးဟေ့ စတင်တော်လှန်ကြစေ
ပုန်ကန်တာသားတို့ တရားလို့အမေ ဟိုစဉ်မှာ လမ်းပြခဲ့တဲ့အမေ/
သွန်သင်ကာ သားကောင်းသမီးကောင်းတွေ ထိုစဉ်ခါ မွေးထုတ်ခဲ့တဲ့အမေ)၂

(ဒေါင်းမိခင် ဂုဏ်ဒြပ် ကျေးဇူးကြီးမားလှပုံတွေ သား/သမီး တို့တတွေ ရင်မှာအောင်းမေ့ ဦးညွှတ်မိတယ်လေ)၂

တိုင်းအကျိုးဆောင်ဖို့လေ အများအကျိုးဆောင်ဖို့လေ အမျိုးကောင်းမောင်တို့ရေ… အမျိုးကောင်းမယ်တို့ရေ အရာရာမှာ စွန့်လွှတ်ဝံ့ကြစေ မြန်ဌာနေ မလွတ်လပ်သေးတော့လေ

(အောင်ဆန်းတို့အမေ ဗဟိန်းတို့အမေ အောင်ကျော်တို့အမေ ချွန်မြကြစေ တွန်ကကြစေ ဇာဏီအိုးဝေ )၂
(မြန်ဌာနေ မလွတ်လပ်သရွေ့တော့ လွတ်လပ်ဖို့လေ တပ်လှန့်လို့နေ မြန်ဌာနေ လွတ်လပ်တဲ့အခါ အမျိုးသားရေးကို ကြိုးပမ်းလို့လေ)၂

အမေ အမေ အစဉ်အလာကြီးမားခဲ့တဲ့အမေ
သမိုင်းတခေတ်မှာလေ အသဲနင့်စရာအဖြစ်ဆိုး တို့ကြုံပြီလေ အာဏာလွှမ်းမိုး လက်နက်အားကိုးလေ ပလ္လင်ခြေမှာလေ သမဂ္ဂမြေ လဲကျမွကြွေ ဇူလိုင်မြေသွေးစွန်းခဲ့ရပေ
အမေ ကျဆုံးသူများဝိညာဉ်တွေ အမေ့အား အစဉ်စောင့်ရှောက်ကာနေ ယုံကြည်အမေ ကမ္ဘာတည်အောင် သေနိုင်ရိုးလားအမေ
သမိုင်းသစ်လာ ရှစ်ဂဏာန်းတွေ အရိုင်းတခေတ်ဟာ ညစ်နွမ်းနေ ဘယ်လိုဖြိုဖျောက်ဖျက်လည်းလေ သမဂ္ဂအမေ မပျောက်ပျက်ခဲ့ပေ ဒီမိုရွှေ အုတ်ချပ်အသစ်တွေ အစားထိုးလို့လေ ကျေးဇူးတရားတွေ အမေ…. အမေ…. ကျေပြွန်အောင် သားတို့ဆပ်ပါရစေ…

(အောင်ဆန်းတို့အမေ ဗဟိန်းတို့အမေ အောင်ကျော်တို့အမေ ချွန်မြကြစေ တွန်ကကြစေ ဇာဏီအိုးဝေ )၂

(မြေသီလာနန်းတက္ကမြေ ခေါင်းလောင်းထိုးချွေ ဒေါင်းလည်းအိုးဝေ ကြိုနေမယ် သမဂ္ဂအမေ အပြုံးနုလဲလေ… ရင့်ကျက်တဲ့အမေ)၂
အမေ… အမေ… အမေဟာ ဘယ်တော့မှမသေ……

၂၅.၉.၁၉၉၀ အင်းစိန်ထောင်အတွင်း တိုက်အားလုံး၏ အနိုင်ရပါတီ အန်အယ်လ်ဒီအား “အာဏာလွှဲပြောင်းရေး” အသေခံတိုက်ပွဲမှ…

သားသမီးအပေါ်မှာ တာဝန်ကျေတဲ့အမေ

သရက်ထောင်တွင်း အကျဉ်းကျခံနေရသော သားအငယ်ဆုံး ကိုညို (ခ) ကိုငြိမ်းချမ်း(ခ)စာရေးဆရာ ညီပုလေးအား ထောင်ဝင်စာသွားတွေ့ရာ အမေမှတ်ပုံတင်မပါ၍ အမေ့လိုနိုင်ငံကျော်ကမ္ဘာသိ စာရေးဆရာ သတင်းစာဆရာလူထုအမေကို ထောင်ဝင်စာတွေ့ခွင့်မပေးခဲ့ပါ အမေ မောမောနဲ့ပြန်လာပြီး အိမ်ရောက်သော်(သားရေ… ကိုညိုက ထောင်(၇)နှစ်တဲ့… )အမေ့ကို အမေ့ သားသမီးများမှ ကိုညိုထောင်သုံးနှစ်ဘဲ ကျတယ်လို့ ပြောထားခဲ့တယ်။

ကျောင်းသားသမဂ္ဂနှင့်အမေ အမေနှင့်ကျောင်းသားသမဂ္ဂ ဘယ်တော့မှခွဲမရခဲ့ပါ။ ဒါကြောင့်အမေ.... သမဂ္ဂအမေ.....


Continue reading ...

February 15, 2008

ကရင့်တော်လှန်ရေးခေါင်းဆောင်

Unknown | 2:37 AM |


ဖထီးရေ… လူတွေကတော့ သေနေကြတာ နေ့စဉ်နဲ့အမျှပါ.. ဒါပေမယ့် ဖထီးကတော့ ကရင့်တော်လှန်ရေးသမိုင်းမှာရောကရင်ပြည်သူတွေရဲ့ရင်ထဲ ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ရင်ထဲ ဖထီးဟာမသေပါဘူး… ဘယ်တော့မှသေမသွားပါဘူး…။

ကေအန်ယူအတွင်းရေးမှူး ဖထီးဖဒိုမန်းရှာဟာ တိုင်းပြည်အတွက် ကရင်ပြည်သူတွေကရင်အမျိုးသားတော်လှန်ရေးအတွက် စေတနာထားတဲ့ တော်လှန်ရေးသမား နိုင်ငံရေးသမားကောင်းတယောက်ပါ။ တိုင်းရင်းသား ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် ဆုံးရှုံးမှုကြီးပါ။ မိသားစုနှင့်ထပ်တူ ကရင်ပြည်သူတွေနဲ့ထပ်တူ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရပါတယ်။


K N U အထွေထွေအတွင်းရေးမှူး ဖထီးဖဒိုမန်းရှာလဖန်း၏ ကိုယ်ရေးအကျဉ်း

- ၁၉၄၃၊ ဇူလိုင် (၅) တွင် ဧရာဝတီတိုင်း၊မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနီးရှိ၊ တောကျောင်းရွာတွင် မွေးဖွား။ ပိုးကရင်လူမျိုး ဗုဒ္ဓဘာသာဝင်။
- ၁၉၆၁ မှာ ရန်ကုန် တက္ကသိုလ်သို့ ရောက်။

- ၁၉၆၂ မှာ သမိုင်းဝင် ၇ ဂျူလိုင် အဖြစ်အပျက်နှင့် ကြုံခဲ့။ နိုင်ငံရေး စိတ်ဝင်စားခဲ့။

- ၁၉၆၃-၆၆ အထိ ကေအန်ယူ၏ မြေအောက် လုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်ခဲ့သည်။

- ၁၉၆၆ တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာဖြင့် ဘွဲ့ရ။ ၎င်းနောက်တွင် ကရင့်တော်လှန်ရေးသို့ ရောက်ခဲ့သည်။

- ၁၉၆၈ တွင် ကရင်ပြည်နယ်ကို ဖြတ်ပြီး။ ရှမ်းပြည်နယ်စပ် ရလလဖ နယ်မြေတွင် နေထိုင်ခဲ့။ တရုတ်နယ်စပ်တွင် နိုင်ငံရေးသင်တန်း တက်ခဲ့။ (ဗကပ) နှင့် နိုင်ငံရေး ဆွေးနွေးခဲ့မှုများ လုပ်ခဲ့။ သဘောတရားရေးရာ သဘောမတူမှုများ ရှိခဲ့သဖြင့် ကြာကြာမနေဘဲ ဗဟိုဌာနချုပ်သို့ ပြန်လာခဲ့။

- ၁၉၇၄ ခုနှစ်တွင် ပဲခူးရိုးမရှိ ကေအန်ယူ ဗဟိုသို့ ပြန်လာရောက်။

- ၁၉၇၅ ခုနှစ်တွင် ကေအန်ယူ ပြန်လည် ပေါင်းစည်းသောအခါ ညောင်လေးပင် ခရိုင်တွင် တာဝန်ထမ်းခဲ့။

- ၁၉၈၄ မှာ အရံ ဗဟိုကော်မတီဝင် ဖြစ်လာ။

- ၁၉၈၈ ခုနှစ် တက္ကသိုလ် ကျောင်းသားများ တောခိုလာသောအခါ ဗိုလ်ချုပ်မြ၏ အနီးကပ် ကိုယ်ရံတော်ဖြစ်လာ။

- ၁၉၉ဝ တွင် ဗဟို ကော်မတီဝင် ဖြစ်လာပြီး၊ မဟာမိတ်ရေးရာများကို တာဝန်ယူခဲ့။

- ၁၉၉၅-၉၆ ကေအန်ယူ (၁၁) မြောက်ညီလာခံတွင် တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်လာ။

- ၂ဝဝဝ တွင် ကေအန်ယူ (၁၂) ကြိမ်မြောက် ညီလာခံတွင် အထွေထွေ အတွင်းရေးမှူး ဖြစ်ခဲ့သည်။ NCUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်လာသည်။

- ၂ဝဝ၄ ခုနှစ် ကေအန်ယူ (၁၃) ကြိမ်မြောက် ညီလာခံတွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် အရွေးခံရ။

- ၂ဝဝ၈ခုနှစ်၊ ဖေဖော်ဝါရီ (၁၄) ရက်နေ့ညနေ (၄း၄၀)ခန့်တွင် လုပ်ကြံခံရသည်။





၂၀၀၈ ဇန်န၀ါရီလ (၃၁)ရက် (၅၉)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ဖဒိုမန်းရှာလာဖန်း၏ ပြောကြားချက်

ဒီတော်လှန်ရေးဟာ ကရင်တမျိုးသားလုံးရဲ့တော်လှန်ရေး၊ ကရင်တမျိုးသားလုံး ကျွန်ပြုခံရလို့ ကျွန်ဘ၀က လွတ်မြောက်ဖို့ ကျနော်တို့လုပ်တဲ့တော်လှန်ရေး၊ ဒါကြောင့်မို့ ဒီတော်လှန်ရေးမှာ ကရင်တမျိုးသားလုံးပါဝင်ဖို့လိုတယ်။ စောဘဦးကြီးရဲ့လမ်းညွှန်မှုလေးချက်ကို ဆက်လက်ပြီးတော့ စွဲကိုင်ဖို့လိုတယ်၊
ကေအန်ယူ အစည်းအရုံးရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ဆက်လက်ပြီးတော့ ချီတက်ဖို့လိုတယ်၊ ကေအန်ယူအစည်းအရုံးကလည်းပဲ၊ ကရင်အမျိုးသား အကျိုးစီးပွားအတွက် မားမားမတ်မတ်ဆုံးခန်းတိုင် ဆက်လက်ပြီးရပ်တည်သွားမှာဖြစ်တယ် ”

တော်လှန်ရေးကိုစတင်ဦးဆောင်ခဲ့သည့် စောဘဦးကြီး၏ လမ်းညွှန်ချက် (၄)ရပ်
၁။ လက်နက်ချစကား အလျဉ်းမပြောရ၊
၂။ ကရင့်လက်နက် ကရင့်လက်ထဲ၌ရှိရမည်။
၃။ ကရင်ပြည်အသိအမှတ်ပြုခြင်းပြီးပြည့်စုံစေရမည်။
၎။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်။
Continue reading ...

February 11, 2008

(၉၃)နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့

Unknown | 9:07 PM |
ဓါတ်ပုံကို ဤနေရာမှ ယူပါသည်။

ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင်ကျရောက်သော(၉၃)နှစ်ပြည့်အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့အားအောက်မေ့သတိရ ဂုဏ်ပြုသောအားဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ရက်စွဲလွန်ဒိုင်ယာရီအားအကျဉ်းချုပ်တင်ပြလိုက်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကျွန်မခံလိုသူ ဦးမင်းရောင်၏မြေးဖြစ်သည်။

၁၉၁၅ ။ ။ ဖေဖော်ဝါရီလ (၁၃)ရက်၊ ၁၂၇၆ခုနှစ် တပေါင်းလဆန်း ၁ ရက်၊ စနေနေ့တွင် တောင်တွင်းကြီးခရိုင် နတ်မောက်မြို့၌ အမိန့်တော်ရရှေ့နေကြီးဦးဖာ+ဒေါ်စုတို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းဟူ၍ မြန်မာ့သမိုင်း၌တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟုအမည်ရေးသော် အစ်ကို အောင်သန်းအမည်နှင့်လိုက်ရန် အောင်ဆန်းဟုရေးထွင်ခဲ့သည်။

၁၉၂၂ ။ ။ အသက်(၇)နှစ်တွင် ဆရာတော်ဦးသောဘိတ ကျောင်းတွင်နေခဲ့သည်။
၁၉၂၈ ။ ။ ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းသို့ပြောင်း၍ နေခဲ့သည်။
၁၉၃၀ ။ ။ သတ္တမတန်းအောင်သည် စကောလားရှစ်ရ၍ ဦးရွှေခိုဆုရသည်။ တလလျှင်(၁၀)ဖြင့် သုံးနှစ်အတွက် စကောလားရှစ်ရသည်။
၁၉၃၂ ။ ။ ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ ရန်ကုန်တက္ကသိုလ်သို့ရောက်သည်။
၁၉၃၄ ။ ။ ဥပစာတန်း စာမေးပွဲအောင်သည်။(စာမေးပွဲ အခုံအမှတ် - ၂၃၁) တကသ အမှုဆောင်ရွေးကောက်ပွဲဝင်ရာ၌ရှုံးသွားသည်။
၁၉၃၅-၃၆ ။ ။ တကသအမှုဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်းတွင် “ခွေးသရမ်းကြီးလွတ်နေသည်။” (Hell Hound Atlarge) ဆောင်းပါးရေးသူကို ထုတ်ဖေါ်မပြော၍ တက္ကသိုလ်မှ ကျောင်းထုတ်ခြင်းခံရသည်။
၁၉၃၆ ။ ။ တကသ ဒုဥက္ကဌအဖြစ် အရွေးခံရသည်။ ရန်ကုန်မြို့ ဂျူဗလီဟောခန်းမတွင်ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံ၌ မိန့်ခွန်းပြောကြားသည်။
၁၉၃၇ ။ ။ အင်္ဂလိပ်စာပေ၊ ဥရောပ ရာဇ၀င်၊ နိုင်ငံရေးဗေဒဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်းအောင်သည်။ (စာမေးပွဲ ခုံအမှတ် ၅၆)
၁၉၃၇ ။ ။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာယနှင့်စာဖတ်အသင်းဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ပဲခူးဆောင်အခန်းအမှတ် (၁၁၃)တွင်နေထိုင်ခဲ့သည်။
၁၉၃၈ ။ ။ ဥပဒေသင်ကြားရာမှလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အသင်းကြီး၏ဥက္ကဌရာထူးမှလည်းကောင်းနှုတ်ထွက်သည်။ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော နယူးဘားမားသတင်းစာအယ်ဒီတာအဖွဲ့တွင် ခေတ္တ၀င်ရောက်လုပ်ကိုင်သည်။ပထမဆုံးတက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်း ခံရသည်။
အောက်တိုဘာလတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ သည်။
၁၉၃၈-၃၉ ။ ။ တကသ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၃၉ ။ ။ ဇန်န၀ါရီလတွင် လုံခြုံရေးအက်ဥပဒေဖြင့် (၁၅)ရက်ဖမ်းဆီးထောင်ချခြင်းခံရသည်။

၁၉၃၉ ။ ။ ဧပြီလ ၆ ရက်နေ့မှ (၉)ရက်နေ့အထိကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှူးအဖြစ် တာဝန်ခံဆောင်ရွက်သည်။ သြဂုတ်လ(၁၃)ရက် ရန်ကုန်ရေကျော်ရပ် တို့ဗမာအစည်းအရုံးတည်ရာဌာန၌ သခင်အောင်ဆန်း၊သခင်လှဖေ၊ ကိုသိန်းဖေ၊ ကိုဗဟိန်း၊ မစ္စတာ ဒက္ကားတို့သည် တို့ဗမာအစည်းအရုံးအတွင်းတွင် ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာ တည်ထောင်ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေအတွင်းရေးမှုအဖြစ် တာဝန်ယူခဲ့သည်။ စက်တင်ဘာလ(၁)ရက် ဒေါက်တာဘမော်အိမ်၌ကျင်းပသော အစည်းအဝေး၌ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် မြေအောက်တော်လှန်ရေးဗဟိုအဖွဲ့ကို စတင်တည်ထောင်ဖွဲ့စည်းရာ၌ သခင်အောင်ဆန်းကို ပြည်ပခေါင်းဆောင်အဖြစ် ရွေးချယ်တင် မြှောက်ကြသည်။

၁၉၄၀ ။ ။ ဇွန်လ(၂၉)ရက်တွင် ဟင်္သာတခရိုင်ရာဇ၀တ်ဝန်မစ္စတာဇေးဗီးယားက ဇွန်လ(၁) ရက်နေ့တွင် ဇလွန်မြို့၌ ချင်းတောင်အကြောင်းဟောပြောမှုဖြင့် သခင်အောင်ဆန်းကို ဖမ်းရန် ၀ရမ်းထုတ်ခဲ့သည်။ သြဂုတ်လ(၈)ရက်တွင် သခင်လှမြိုင်နှင့်အတူ ဟိုင်လီအမည်ရှိသော သင်္ဘောဖြင့် ဗမာပြည်မှ တရုတ်ပြည်သို့လျှို့ဝှက်စွာ ထွက်ခွာသွားသည်။ သြဂုတ်လ(၂၄)ရက်နေ့တွင် တရုတ်ပြည်အမွိုင်မြို့သို့ရောက်သည်။ နိုဝင်ဘာလ(၁၂)ရက်နေ့တွင် ဂျပန်ပြည် တိုကျိုမြို့သို့ရောက်သည်။

၁၉၄၁ ။ ။ မတ်လ (၃)ရက်နေ့တွင် ရုပ်ဖျက်ပြီး ဗမာပြည်သို့ပြန်လာသည်။ မတ်လ(၉)ရက်နေ့တွင် ရဲဘော်သုံးကျိပ်ထဲမှ ပထမအသုတ်လူငယ်တစုကို တပါတည်းလျှို့ဝှက်စွာခေါ်ပြီး ဂျပန်ပြည်သို့ပြန်ထွက်သွားသည်။
မတ်လ(၂၇)ရက် ဂျပန်ပြည်တိုကျိုမြို့သို့ပြန်လည်ဆိုက်ရောက်သည်။
နိုဝင်ဘာလတွင် ၀ရမ်းပြေးနေရစဉ် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်သည်။
ဒီဇင်ဘာလ(၂၇)ရက်စနေနေ့ည ၁း၀၀နာရီအချိန်တွင် ယိုးဒယားပြည် ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏ နေအိမ်တွင် ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော် စတင်ဖွဲ့စည်းပြီး လက်မောင်းသွေးဖောက်သောက်ကြသည်။

၁၉၄၂ ။ ။ ဇန်န၀ါရီလ၊ (၁)ရက်နေ့တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို (Burma List) ခေါ်ဗြိတိသျှနယ်ချဲ့အစိုးရ၏ ရန်သူတော်စာရင်းတွင် အမှတ်စဉ်(၅)အဖြစ် ကြေငြာခဲ့သည်။
ဇူလိုင်လတွင် ဗိုလ်မှူးကြီး ဗမာ့ကာကွယ်ရေးတပ်မတော်စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
သြဂုတ်လ(၁)ရက်တွင် ဘီအိုင်အေ(ဗမာ့လွတ်လပ်ရေးတပ်မတော်)မှ ဘီဒီအေ(ဗမာ့ကာကွယ်ရေးတပ်မတော်)အဖြစ်သို့ပြောင်းလည်းရာတွင် ကာနယ်(ဗိုလ်မှူးကြီး) ရာထူးဖြင့် ဘီဒီအေတပ်မတော်၏သေနာပတိဖြစ်လာသည်။
စက်တင်ဘာ(၆)ရက်တွင် ဒေါ်ခင်ကြည်နှင့်လက်ထပ်ခဲ့သည်။
နိုဝင်ဘာလ(၈)ရက်တွင် မြို့တော်ခန်းမ၌ ကျင်းပသော ခေတ်သစ်ဆရာဖြစ်သင်တန်းတွင် “သေနင်္ဂဗျူဟာစစ်ပညာ” အကြောင်းဟောပြောပါသည်။

၁၉၄၃ ။ ။ (မတ်လ) မေဂျာဂျင်နရယ်(ဗိုလ်ချုပ်)ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။
မတ်လ(၁၇)ရက်တွင် ဒေါက်တာဘမော်နှင့်အတူ ဂျပန်ပြည်တိုကျိုမြို့သို့ ဖိတ်ကြားခြင်း ခံရပြီး မတ်လ ၂၂ ရက်နေ့တွင်ဂျပန်အင်ပါယာ၏ ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ်(Order of the Risingun) ဖြင့်ချီးမြှင့်ခြင်းခံရသည်။
သြဂုတ်လ (၁)ရက်နေ့တွင်ဗမာ့တပ်မတော်စစ်ဦးစီးသေနာပတိရာထူးအပြင် စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ ဂျပန်အစိုးရ၏ (First Class Order of Sacred Treasure) ချီးမြှင့်ခြင်းခံရသည်။

၁၉၄၄ ။ ။ သြဂုတ်လ (၄)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်ဆောင်ပြီး ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီး(ဖဆပလ)ကို ပဲခူးမြို့ ဗမာ့တပ်မတော်တိုင်း(၄)စခန်း၌ လျှို့ဝှက်စွာဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ ဗဟိုဦးစီးချုပ်အဖွဲ့နှင့် ဖဆပလ ဗဟိုစစ်ကောင်စီတွင် စစ်ရေးခေါင်းဆောင်အဖြစ်တင်မြှောက်ခြင်းခံရသည်။
သြဂုတ်လ(၂၃)ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ပတ်လမ်းနှင့် ဦးမြတ်ထွန်းလမ်းထောင့်ရှိ စစ်ဝန်ကြီးချုပ်ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်၌ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းသည်။

၁၉၄၅ ။ ။ မတ်လ (၁၇)ရက်တွင် ရန်သူကိုတိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်၍ စစ်မြေပြင်သို့ထွက်ခဲ့သည်။
မတ်လ (၂၇)ရက်တွင် ဖက်ဆစ်ဂျပန်များကို စတင်တော်လှန်သည်။

၁၉၄၆ ။ ။ ဇန်န၀ါရီလ (၂၀)ရက်တွင် ရွှေတိဂုံအလယ်ပစ္စယံ၌ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလညီလာခံတွင် ဖဆပလဥက္ကဌအဖြစ် တင်မြှောက်ခံရသည်။

၁၉၄၇ ။ ။ ဇန်န၀ါရီလ (၂)ရက်တွင် သခင်မြ၊ သတင်တင်ထွဋ် တို့နှင့်အတူဘိလပ်သို့ သွားသည်။
ဇန်န၀ါရီလ(၅)ရက် ညနေ(၅)နာရီ(၁၀)မိနစ်တွင်အချိန်တွင် အောလ်အိန္ဒိယရေဒီယိုမှနေ၍ ဗမာပြည်သို့ဟူသော မှာကြားမိန့်ခွန်းကိုအသံလွှင့်သည်။
အာရှညီညွတ်ရေးသို့ဟူသော ဗိုလ်ချုပ်၏အသံသွင်းမိန့်ခွန်းကိုလည်း ထိုနေ့ည ၈း၃၀ နာရီအချိန်တွင် ဒေလီရေဒီယိုမှ အသံလွှင့်သည်။
ဇန်န၀ါရီလ ၁၃ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့အမှတ်(၁၀)ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။
ဇန်န၀ါရီလ (၂၇)ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးသည်။ တစ်နှစ်အတွင်းမြန်မာပြည်အား လုံးဝလွတ်လပ်ရေးပေးရန်ဟူသော သဘောတူညီချက်ကို ဗိုလ်ချုပ်အောင်ဆန်း၏စွမ်းဆောင်မှုဖြင့်ရရှိခဲ့ပေသည်။
ဖေဖော်ဝါရီလ (၂)ရက်တွင် ဗိုလ်ချုပ်ဘိလပ်မှရန်ကုန်သို့ပြန်ရောက်သည်။ ၁၇း၁၅ နာရီတွင် မင်္ဂလာဒုံလေဆိပ်တွင်သွားကြိုကြသည်။
ဖေဖော်ဝါရီလ (၄)ရက်တွင် ဗိုလ်ချုပ်ဘိလပ်စာချုပ်အကြောင်း ရေဒီယိုမှအသံလွှင့်သည်။
ဖေဖော်ဝါရီလ (၆)ရက်တွင် ၁၄း၀၀နာရီတွင် ရန်ကုန်မှ ကားနှင့်ပင်လုံသို့ထွက်သည်။ ဖြူးတွင်ညအိပ်သည်။ ဗိုလ်အောင်၊ ဗိုလ်မင်းလွင်တို့ကားတွင်အတူလိုက်ပါရသည်။
ဖေဖော်ဝါရီလ (၇)ရက်နံနက် ၆း၀၀နာရီတွင် ကလောမှ ရှမ်းပြည်တောင်ပိုင်း၊ပင်လုံမြို့သို့ ၁၉း၀၀နာရီတွင် ရောက်သွားသည်။
ဖေဖော်ဝါရီလ (၉)ရက်နေ့လည်ပိုင်းတွင် လူထုဟောပြောပွဲဗိုလ်ချုပ်ဟောသည်။
ဖေဖော်ဝါရီ ၁၀ ရက်နံနက် ၁၀း၀၀နာရီတွင် ဗိုလ်ချုပ်နှင့်ရှမ်း၊ကချင်၊ ချင်း၊ကိုယ်စားလှယ်များ အစည်းအဝေးကျင်းပသည်။ အကြမ်းရေးဆွဲချက်ကိုဝေငှသည်။
ဖေဖော်ဝါရီလ (၁၂)ရက်နံနက် ၁၀း၀၀ နာရီတွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်(၂၁)ဦးတို့ ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည်။ နေ့လည် ၁၂း၃၀နာရီတွင်ပြန်ကြသည်။ ကလောတွင်ညအိပ်သည်။ နံနက် ၉း၀၀နာရီတွင် ရှမ်းအမျိုးသားသီချင်းနှင့် အမျိုးသားအလံတင်သည်။
ဧပြီလ(၉)ရက် ၁၈း၀၀နာရီတွင်ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူ မဲရုံများသို့ လိုက်လံစစ်ဆေးသည်။ ရွေးကောက်ပွဲကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလသည် မဲအပြတ်အသတ်ဖြင့်အနိုင်ရသည်။
ဇူလိုင်လ(၁၃)ရက် တနင်္ဂနွေနေ့မြို့တော်ခန်းမမှနေ၍ လူထုသို့ မိန့်ခွန်းပြောကြားသည်။ နောက်ဆုံးမြွက်ကြွားခဲ့သောမိန့်ခွန်းဖြစ်သည်။
၁၉၄၇ ။ ။ ဇူလိုင်လ(၁၉)ရက်စနေနေ့ နံနက်၁၀း၃၇ မိနစ်ခန့်တွင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့်အပေါင်းအပါတို့၏ ရက်စက်ယုတ်မာစွာလုပ်ကြံသတ်ဖြတ်မှုကြောင့်ကျဆုံးခဲ့ရသည်။
နံနက် ၁၀း၃၇ နာရီတွင် အတွင်းဝန်ရုံးကြီး၌
-ဗိုလ်ချုပ်အောင်ဆန်း
-ဦးဘချို
-ဦးဘ၀င်း
-မန်းဘခိုင်
-မစ္စတာရာဇတ်
-ဦးဘဂျမ်း
-ဦးအောင်ဇံဝေ
-သခင်မြ
-မိုင်းပွန်စောဘွားကြီးစ၀်စံထွန်းတို့သည် ဗမာပြည်ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးနေကြစဉ် စစ်သားယောင်ဆောင်သူများ စက်သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်သည် ဦးအောင်ဇံဝေနှင့် ဦးဘဂျမ်းကလွဲ၍ အားလုံးကျဆုံးသည် ဦးဘဂျမ်းသည် လက်ဖျားတွင် ဒဏ်ရာရသည်။ လူသတ်သမားတို့သည် အစည်းအဝေးခန်းမအတွင်းမှ ပြန်အထွက်တွင် ဦးရာဇတ်၏သတ်တော်စောင့် ရဲဘော်ကိုထွေးနှင့်တွေ့ဆုံပြီး ရဲဘော်ကိုထွေးအား လူသတ်သမားတို့မှ ပစ်သတ်၍ ရဲဘော်ကိုထွေးကျဆုံးခဲ့ရသည်။
ထိုညဦးစောအိမ်ကိုပုလိပ်များဝိုင်းရှာသည် လက်နက်များနှင့်ယမ်းတောင့်များဖမ်းမိသည်။ ဦးစောနှင့် လူ ၁၉ယောက်သူ၏အိမ်တွင်ဖမ်းမိသည်။ ၁၉ရက်နေ့ညနေမှာပင် ဗိုလ်ချုပ်နှင့်တကွ အလောင်းများကို ဂျူဗလီဟောသို့ပို့ဆောင်သည်။ နိုင်ငံတော်ဈာပနအဖြစ်စီမံမည်။ တလထားမည်ဟုဆုံးဖြတ်သည်။
မကြုံဘူးသော လူထုကြီးကို တွေ့ရသည်၊ တမြို့လုံးယဉ်အသွားအလာမရှိ ရုပ်ရှင်ပွဲနှင့် ဆိုင်များအားလုံးလူမျိုးမဘာသာမရွေးပိတ်သည်။

ဗိုလ်ချုပ်ဟာ ကျနော်တို့တွေရဲ့ရင်ထဲမှာ အမြဲတမ်းရှင်သန်ဆဲပါ။

Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub