October 17, 2007

အင်တာနက်သုံးစွဲမှု ကန့်သတ်ချက်များပြား

Unknown | 5:42 AM |
ရန်ကုန်မြို့တွင် အင်တာနက်ကဖေးများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း အင်တာနက်သုံးစွဲသူများမှာ ကန့်သတ်ချက် များနှင့် သုံးစွဲနေရကြောင်း သုံးစွဲသူများက ပြောသည်။

အင်တာနက်များ ပြန်လည်သုံးစွဲခွင့်ပြုသော်လည်း အင်တာနက်ကဖေးများကို စစ်အာဏာပိုင်များက သတင်းပေးများ စေလွှတ်ကာ စောင့်ကြည့်လျှက်ရှိသည်ဟု ရန်ကုန်မြို့မှ သတင်းထောက်တဦးက ပြောပြသည်။

“မယ်မိုရီစတစ် သုံးမယ်ဆိုရင် ကိုယ်သုံးစွဲမယ့် ကွန်ပျုတာကနေ သုံးလို့မရတော့ဘူး၊ ကောင်တာက မော်နီတာကို ဖြတ်ရတယ်၊ ကောင်တာ မော်နီတာတွေကပဲ စက်တွေအားလုံးကို ချုပ်ကိုင်ထားတယ်”ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့ နယ်တွင် နေထိုင်သူ တက္ကသိုလ်ကျောင်းသူ တဦးကလည်း ပြောသည်။

ဆိုပါ သတင်းပေးများ၊ ရဲအထူးတပ်ဖွဲ့ဝင်များမှာ သာမန်အရပ်သားကဲ့သို့ ၀တ်ဆင်၍ ဆိုင်ထဲတွင် တနေကုန်နီးပါး ထိုင်ကြ ကြောင်း၊ သုံးစွဲသူတိုင်းနီးပါးကို စောင့်ကြည့်အကဲခေတ်နေခြင်းတို့ကြောင့် ၎င်းတို့မှာ သာမန်အင်တာနက် သုံးစွဲသူများနှင့် ကွဲပြားလျက်ရှိကြောင်း သိရသည်။

“သူတို့က သိပ်သိသာတယ်၊ သူတို့မသင်္ကာတဲ့သူဆိုရင် သိသိသာသာကြီးကို အကဲခတ်နေတာမျိုးပေါ့၊ သာမန်ပြည်သူ ကတော့ သူတို့လိုမျိုး သူများရေးနေတဲ့ စာကို မသိမသာရော သိသိသာသာရော ခိုးဖတ်တာ ဘယ်လုပ်ပါ့မလဲ”ဟု အင်တာနက် ပုံမှန်သုံးစွဲလေ့ရှိသူ ရန်ကုန်မြို့ခံတဦးက ဆိုသည်။

အင်တာနက်ကဖေးများတွင် ယခုအခါ အီးမေးလ်ပို့ရုံသာလျှင် အသုံးပြုခွင့်ရပြီး ပြည်ပသတင်းမီဒီယာများကို ကြည့်လိုသူ များအနေနှင့် လျှို့ဝှက်စွာ ကြည့်ရှုနေကြရပြီး သိရှိသွားပါက ဆိုင်ရှင်မှ လာရောက်သတိပေး တားမြစ်ကြောင်းလည်း သိရသည်။

“နိုင်ငံရေးနဲ့ သက်ဆိုင်တယ်လို့ယူဆတဲ့ ၀က်ဘ်ဆိုက်တွေဆိုရင် ဖွင့်တာနဲ့ဆိုင်က ၀န်ထမ်းက ချက်ခြင်းအနားကိုရောက် လာပြီး လာပြောတယ်။ အီးမေးလ်ပဲ သုံးပါ၊ အဲဒီလို သတင်းမီဒီယာတွေနဲ့ဆိုင်တဲ့ ဆိုက်တွေ၊ နိုင်ငံရေးနဲ့ ဆိုင်တဲ့ဆိုက်တွေ မကြည့်ပါနဲ့၊ အကို့အတွက်လည်း အန္တရာယ်များတယ်၊ ကျနော်တို့ဆိုင်အတွက်လည်း အန္တရာယ် များတယ်ဆိုပြီး လာပြောတယ်”ဟု အင်တာနက်သုံးစွဲသူ အမျိုးသားတဦးက ပြောသည်။

ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးများအား အာဏာပိုင်များက နိုင်ငံရေးနှင့်သက်ဆိုင်သော ၀က်ဘ်ဆိုက်များ၊ ပြည်ပ သတင်း မီဒီယာများအား ကြည့်ရှု ခြင်း၊ သတင်းပေးပို့ခြင်း၊ ဓာတ်ပုံပေးပို့ခြင်းများ ပြုလုပ်ပါက တရားဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း သတိပေးစာတမ်းများ ကပ်ခိုင်းထားသည်ဟုလည်း ၎င်းကဆိုသည်။

အင်တာနက်သုံးစွဲသူ တဦးဦးမှ သုံးစွဲခွင့်မပြုသော ၀က်ဘ်ဆိုက်များအား သုံးစွဲနေသည်ကို တွေ့ရှိပါကလည်း သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တာဝန်ရှိသူများထံ လာရောက်အကြောင်းကြားပေးရမည်ဟု မှာကြားထားကြောင်း ရန်ကုန်မြို့ ကမာရွတ် မြို့နယ် လှည်းတန်းမီးပွိုင့်အနီးတွင် ဖွင့်လှစ်ထားသော အင်တာနက်ကဖေးမှ ၀န်ထမ်းတဦး၏ ပြောပြချက်အရ သိရသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်ကာ အင်တာနက် လိုင်းများကို အစိုးရက ဖြတ်ပစ်လိုက် သည့်အတွက် အင်တာနက်ကဖေးများ ပိတ်ထားခဲ့ရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် အင်တာနက်လိုင်းများကို ပြန်ဖွင့်ပေးခဲ့ပြီး အင်တာနက်ကဖေးများ ပြန်လည် ဖွင့်လှစ်ခဲ့ နိုင်ခဲ့သော်လည်း ၀င်ငွေ ပုံမှန်ပြန်မဖြစ်သေးကြောင်း၊ အဆိုပါ အင်တာနက်ကဖေးများမှာ စတင်ရင်းနှီးငွေ အနေနှင့် ကျပ် သိန်း ၁၀၀ နှင့်အထက် ရင်းနှီခဲ့ရသောကြောင့် ဆိုင်ပိတ်ခံရမည်ကို လုပ်ငန်းရှင်များ အနေနှင့် စိုးရိမ်သည့်အတွက် ယခုကဲ့သို့ သုံးစွဲသူများအပေါ်တွင် ကန့်သတ်ထိန်းချုပ် နေရခြင်းဖြစ်ကြောင်း အင်တာနက်ကဖေးဆိုင်လုပ်ငန်းသမားတဦးက ပြောပြသည်။
ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှဖြစ်ပါသည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub