January 30, 2008

ဒုက္ခသည်တောပုန်းဘဝ

Pyae Sone | 7:33 PM | |


“အတီးကအောက်ကွင်းသားပါ၊ ဟိုးပဲခူးရိုးမဘက်ကနေ ထွက်ပြေးလာခဲ့ရတာပါ။ စစ်တပ်ရဲ့ ဖြတ်လေးဖြတ်ထိုးစစ်တွေကြောင့်ပါ။ မည်းမည်းမြင်ရာ အကုန်ပစ်သတ် နေတဲ့အချိန်ပေါ့။”
၁၉၇၄/၇၅ ခုနှစ် ဖြတ်လေးဖြတ်စနစ်ကိုကို ကရင်နယ်မြေမှာ စစ်တပ်က ကျင့်သုံးခဲ့ပါတယ်။ အများဆုံးကတော့ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ဖာပွန်ခရိုင်၊ သထုံခရိုင် ကော်သူလေးသတ်မှတ်ရာ နယ်မြေတွေမှာဖြတ်လေးဖြတ်ကို စစ်တပ်ကကျင့်သုံးခဲ့ပါ တယ်။အဓိကအနေနဲ့ ကရင်သူပုန်တွေကို ချေမှုန်းတဲ့စစ်ဆင်ရေးတွေပြု လုပ်ခဲ့တာပါ။ ရွာကြီးတွေထဲ ရွာလေးတွေဝင်စေပါတယ် ဒါကိုစုစည်းကျေးရွာတည်လို့သတ်မှတ်ထားပါတယ်။ နောက်ပြီးတော့ နေရာသစ်တွေမှာ စုပေါင်းပြီး ရွာတည်ခိုင်းခဲ့ကြပါတယ်။

ကွင်းဒေသလိုနေရာတွေမှာ အဲဒီလို ရွာတည်ထားတဲ့နေရာတွေမှာဆိုအရမ်းဒုက္ခအကြီး အကျယ်ရောက်ကြပါတယ်။ ရွာထဲကထွက်ချင်ရင် ခွင့်ပြုလက်မှတ်အတွက် ပိုက်ဆံပေးကြရတယ် အဲဒီတုန်းကဆို (၁၀)ကျပ်ပါ။ ညနေ(၆)နာရီဆိုရင် ရွာအပြင်ထွက်မရ တော့ဘူး။ တွေ့ရင်ပစ်သတ်ခံရပါတယ်။ အဲဒီတော့ တောင်ယာတွေကိုလည်း ပစ်ထားခဲ့ရပါတယ် စောင့်အိပ်လို့မရပါဘူး။ တောင်ယာထဲကို ပြင်ပက တိရစ္ဆာန်တွေက ၀င်စား၊ စပါးတွေပျက်၊ လွတ်လပ်မှုကမရှိ တခါတလေ ပေါ်တာလိုက်ရတယ်။ စစ်တပ်အတွက် အဓမ္မလုပ်ပေးတွေလုပ်ပေးရတယ်။ (၁၃)နှစ် (၁၄)ကလေးတွေလည်းလုပ်ရပါတယ်။ အဲဒီလိုနဲ့ စုစည်းကျေးရွာတွေမှာ မနေနိုင်ကြတော့အခါမှာ တောထဲမှာ ပုန်းအောင်းနေသူ တွေဖြစ်လာခဲ့ကြပါတယ်။ “ ဖထီးတို့ကတော့ ဒီရွာတွေမှာသွားမနေချင်ဘူး။ တောင်ယာကို ကောင်းကောင်းခုတ်ချင်တယ်။ တောထဲမှာ စစ်တပ်မလာရင်၊ ဖားရှာ၊ ငါးရှာစား ဟင်းသီးဟင်း ရွက်ခူးရှာစားရတာ လွတ်လပ်တာပေါ့။ တဲတွေမှာတော့ အမိုးပဲရှိတယ်၊ အကာကတော့ မရှိပါဘူး။ စစ်တပ်လာရင်ပြေဖိုး အဆင်သင့်လုပ်ထားတာပါ။ သူတို့တွေက ဖထီးတို့ကို လိုက်ရှာပြီး တောင်ယာတွေ မီးရှို့တယ်။ သူတို့က ပြောတယ် ဒီတောင်ယာစပါးတွေက ကရင်သူပုန်တွေကို ထောက်ပံ့ဖို့လုပ်တာမို့လို့ မီးရှို့ရတာတဲ့။ ဒီမြေ ဒီရေကို ဖထီးတို့ ဘိုးဘွား ပိုင် ယာမြေ၊ ခြံမြေတွေပါ၊ ဒီနေရာကို ဖထီးတို့ ခွာမသွားချင်ဘူးလေ။” အဲဒီလို မြေယာတွေကို ခင်တွယ်ပြီးတော့ တောထဲမှာ ဒုက္ခခံနေရတဲ့ တိုင်းရင်းသားတွေ မြန်မာပြည်ထဲမှာ အများကြီးပါ။ တောင်ယာခုတ်၊ ဟင်းရွက်ရှာတွေဟာ သူတို့တွေရဲ့ ဓလေ့တွေပါ။ ဒညင်းခြံတွေ၊ ဒူးရင်းခြံတွေ၊ ငှက်ပျောခြံတွေဟာ အခုဆိုရင် မီးလောင်ပြင်တွေဖြစ်ကုန်ပါပြီ။ အဲဒီမီးလောင် ပြင်ကိုကြည့်ပြီး ရှိုက်ငိုကြွေးနေကြတဲ့ ကရင်လူမျိုးတွေကို တောင်ငူခရိုင်နဲ့ ဖာပွန်ခရိုင်တွေမှာ အများဆုံးတွေ့မြင်နိုင်ငါတယ်။ (၁၉၈၈)နောက်ပိုင်းမှာဆိုရင် များပြားလှတဲ့ စစ်အင်အားသုံးပြီး ကျေးရွာတွေကိုဝင်ရောက်သိမ်းပိုက်ပြီး တပ်တွေစွဲခဲ့ကြပါတယ်။ ရွာသားတွေဟာ အစားအသောက်ငတ်ပြတ်မှုတွေကြောင့်ပုန်းအောင်နေတဲ့နေရာကနေ တောင်ယာခြံတွေထဲ သီးနှံ ဟင်းသီးဟင်းရွက်တွေ ခိုးခိုးပြီးခူးယူစားသောက်ကြရတယ်။ အဲဒါတွေကို စစ်တပ်ကသိတော့ တောင်ယာတွေမီးရှို့ ဥယျာဉ်ခြံတွေအနားမှာ မိုင်းတွေထောင်ခဲ့ကြပါတယ်။ မိုင်းထောင်တော့ ခြေပြတ်တဲ့သူတွေပြတ် လက်ပြတ်တဲ့သူတွေပြတ်၊ သေတဲ့သူတွေလည်းသေ။ ထွက်ပြေးရင်းနဲ့ စစ်တပ်ကမိသွားတဲ့အခါ ယောက်ျားတွေဆို တခါတည်းသတ်ပစ်ခဲ့ကြပါတယ်။ မိန်းခလေးတွေ အိမ်ထောင်သည်တွေ ငယ်ငယ်ရွယ်ရွယ်တွေဆိုရင် မုဒိန်းကျင့်ပြီးသတ်ပစ်ခဲ့ကြတယ်။ နောက်ပြန်ရှာလို့တွေ့တဲ့အခါ တချို့ဆိုရင် မိန်းမတန်ဆာတွေကို ၀ါးချွန်တွေနဲ့ထိုးပြီးတော့ကိုရက်ရက်စက်စက် သတ်ပစ်ခဲ့ကြတယ်။
နအဖစစ်တပ်ရဲ့ သတ်ဖြတ်ချင်းခံရတဲ့ ရွာသားတွေထဲမှာအသက်(၁၈)နှစ် အောက် ခလေးတွေလည်းပါဝင်ပါတယ်။ တကယ်တော့ ခလေးတွေမှာ အပြစ်မရှိပါဘူး မိသားစုနဲ့အတူ ပြေးလွှားပုန်းအောင်နေကြရတာဆိုရင် ပြည်တွင်းမှာ သိန်းဂဏန်းနဲ့ချီပြီးရှိပါတယ်။ ခလေးတွေဆိုရင် သောင်းဂဏန်းနဲ့ရှိပါတယ်။ လက်လှမ်းမမှီတဲ့နေရာတွေမှာဆိုရင် ခလေးငယ်တွေ ဘယ်နှစ်ယောက်သေဆုံးခဲ့တယ်ဆိုတာကို စာရင်းကောက်နိုင် ခြင်းမရှိသေးပါဘူး။ အကယ်၍ စာရင်းကောက်နိုင်ခဲ့မယ်ဆိုရင် ကျနော်တို့မြန်မာနိုင်ငံဟာ ခလေးအသေအပျောက်အများဆုံး အမှတ်စဉ်ထဲမှာရှိနေမယ်ဆိုတာ သေချာပါတယ်။
“အတီးကတော့ ဒုက္ခသည်စခန်းမှာမနေချင်ဘူး ဆန်ရပေမယ့် စိတ်ကျဉ်းကျပ်တယ်၊ ခြံစည်းရိုးခတ်ထားတဲ့နေရာမှာ အတီးမနေချင်ဘူး။ အတီးတို့ကလွတ်လွတ်လပ် ကိုယ့်တောင်ယာကိုယ်ခုတ်စားမယ်။ ကိုယ်လုပ်အားနဲ့ပဲကိုရှာစားမယ်။ အတီးအခုဆိုရင် အနှစ်(၃၀)ရှိပြီ၊ ဒီသံလွင်မြစ်ကမ်းဘေးကဖာပွန်ခရိုင်အတွင်း ထိုင်းမြန်မာနယ်စပ်လေးမှာနေတာ။ အတီးရဲ့ အမေနဲ့မတွေတာဆိုရင်လည်း နှစ်ပေါင်း(၃၀)ရှိပါပြီဟိုးစပြီးထွက်ပြေးတိမ်းရှောင်ခဲ့တဲ့အချိန်ကတည်းကပေါ့။အမေကတော့ နို့ဖိုးဒုက္ခသည်စခန်းမှာပါ။ အတီးသမီးအကြီးကတော့အုန်းပျန်ဒုက္ခသည်စခန်းမှာပါ။ အတီးက တော့အတီးတို့ရွာလေး ပြန်အေးချမ်းသွားရင် ပြန်နေချင်တယ်။ အတီးလေ စစ်ဆိုတာကြီးကိုရော၊ ပြေးလွှားပုန်းအောင်း နေရတာကြီးကိုပါ နာကျည်းမုန်းတီးနေတယ်။” ဒုက္ခသည်အဖြစ်မခံယူလိုတဲ့စိတ်၊ ဇာတိရပ်ရွာကို မက်မောတွယ်တာတဲ့စိတ်တွေကတော့ အပြည့်ပါဘဲ။
တချို့တွေကဒုက္ခသည်အဖြစ် မနေချင်ကြပေ မဲ့ တောထဲမှာဆက်လက်ပြီး ပြေးလွှားပုန်းအောင်းမနေရဲကြတော့ဘူး အစာရေစာလည်းငတ်ပြတ်လာတဲ့အတွက် မြန်မာပြည်ထဲမှာနေပြီး ဒုက္ခသည်တွေထက်ဆိုးတဲ့ အတွက်ကြောင့် ဒုက္ခသည်စခန်းတွေကိုရောက်လာခဲ့ကြပါတယ်။ အခုလို နိုင်ငံပျောက်နေကြတဲ့ သူတွေ ဒုက္ခသည်တွေဟာ သူပုန်မိသားစုဝင်တွေလို့ စွတ်စွဲသတ်မှတ်ခံထားရတဲ့သူတွေရဲ့ အိမ်ပြန်ချိန် ကံကြမ္မာဟာ မသေချာမရေရာေ၀၀ါးနေခဲ့ကြပါတယ်။











ပြာလဲ့လဲ့ကောင်းကင်ကြီးရဲ့အောက်က
ဒီမှိုင်းညို့ညို့နယ်စပ်တောင်တန်းတွေသာ
ငေးမောနေခဲ့ရ
ပေးတာယူ ကျွေးတာစား
ပေါ်တာမရှိ
မိုင်းခင်းမြေမရှိ
လုပ်အားပေးမရှိ

ဒီလိုနဲ့ဘဲ
မိုးကြီးချုပ်လို့.....
ကျွန်ုပ်ဘ၀ စမည်နည်း......။

ပြည့်စုံ

4 comments:

Ulmuka_ဇီးကွက် said...

သနား စရာ တစ်ကယ်ကောင်းပါတယ်။ ဒီလို လူမျိုးတွေကို တွေ့ရတာ ရင်နာမိတယ်။ အခုလို ပြောပြပေးတဲ့ ကိုပြည့်စုံကို ကျေးဇူး။ စစ်ဆိုတာက ပြည်တွင်းစစ်ပဲ ဖြစ်နေပါစေ နစ်နာတာက ပြည်သူလူထုပဲလေ။

မင်းကျန်စစ်။ said...

ညီလေးရေ အဲလို လူမျိုးတွေအတွက်တော့ တကယ် စိတ်မကောင်းရာပဲ။ သူပုန်နည်းနည်းလေးလောက်က သူတို့ကြားက ထွက်မလာရင်တော့ ကောင်းမှာကွာ။ သူတို့က ကြားက မြေစာပင် ဖြစ်နေရတာ စာနာမိပါတယ်။

Saung Yune La (aka) Way said...

ဒီလိုအဖြစ်အပျက်မျိုးတွေကိုအကိုတို့နိုင်ငံသူနိုင်ငံသား
တွေအားလုံးကကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့ပြီးကိုယ်ချင်း
စာစိတ်မွေးနိုင်ဖို့အများကြီးလိုအပ်နေသေးတယ်...
ဒီလိုပို့စ်တွေအများကြီးလိုအပ်ပါတယ်..ကောင်းတယ်ညီ
လေးရေ..အားပေးနေပါတယ်

သဇင်ဏီ said...

သနားပါတယ်လို့တောင် မပြောချင်တော့ဘူးဖြစ်သွားတယ်ဗျာ

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub