လူထုအရေးကို ငဲ့ညှာထောက်ထားလို့ ကြားဝင်ပြီးငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့ဆန္ဒပြကြတဲ့ သံဃာတော်တွေကို အကြမ်းဖက်နှိပ်စက်တာကြောင့် သံဃာတော်တွေက စစ်အစိုးရအပေါ် ပတ္တနိက္ကုဇ္ဖန သပိတ်မှောက်ကံဆောင်ကြရာမှာ ကျောင်းသားကျောင်းသူတွေကော ပြည်သူလူထုတွေပါ သောင်းနဲ့သိန်းနဲ့ချီပြီး အားပေးထောက်ခံ ဆန္ဒပြခဲ့ကြရာ အာဏာသိမ်းစစ် အစိုးရက တရားတဲ့နည်းနဲ့မကိုင်တွယ်မဖြေရှင်းပဲ အဓမ္မနည်းဖြင့် ရိုက်နှိက်သတ်ဖြတ် ပစ်ခတ်ခဲ့ရာ ကျောင်းသားပြည်သူ ရဟန်းသံဃာ တော်များသွေးမြေကျခဲ့ရတယ်။ ဒါတွင်မကသေး အသူရကယ်ဘုံသားတွေထက် တောင်ဆိုးသေးတယ် ညဘက်ဘုန်းကြီးကျောင်းတွေ၊ အရေးအ ခင်းမှာ ပါဝင်ပတ်သတ်ခဲ့သူတွေရဲ့ ဘုန်းကြီးကျောင်းတွေ၊အိမ်တွေ ၀င်ရောက်ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းခံခဲ့ကြရတယ်။
အဲဒီလိုစစ်အုပ်စုရဲ့အကြမ်းဖက်နှိမ်နင်းလိုက်လို့ ဟိုတစုဒီတစု နယ်စပ်ဒေသဘက် ထွက်ပြေးပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး သတင်းစာရှင်းလင်းပွဲ ကလေးတွေလုပ်၊ တချို့ကျတော့အားကိုးလောက်စရာမရှိ၊ ခနော်နီခနော်နဲ့ဖြစ်နေတဲ့ တော်လှန်ရေးထဲကို မ၀င်တော့ပဲ ယူအဲန်ရဲ့အစောင့်အရှောက်ခံတွေအဖြစ်လျှောက်ထားပြီး တော့ နောင်တော့်နောင် တော်တွေလမ်းစဉ်အတိုင်း နိုင်ငံခြားကနေ ပြန်ဆန့်ကျင်ကြမဲ့ လမ်းကြောင်းကိုပဲ လိုက်ကြမယ်ဆိုရင်ဖြင့် နအဖ စစ်အုပ်ဟာ ပက်လက်ကုလားထိုင်မှာ ကောင်းကောင်းလှဲပြီး ဒူးခေါင်းလှန် ယပ်ခတ်နေမှာပဲ။
တကယ်တော့ တစ်ဦးကောင်း တစ်ယောက်ကောင်း၊ တဖွဲ့ကောင်းလုပ်ကိုင်တာထက် လူထုတရပ်လုံးက လေးစားချစ်ခင် တဲ့ခေါင်းဆောင်တွေရဲ့ဦးဆောင်မှုအောက်မှာ အားလုံးပါဝင်ပြီး ၀ိုင်းဝန်းပြီးတော့ လုပ်ကြရမှာပါ။ ကိုယ်ကျရာနေရာကနေ တက်ညီလက်ညီနဲ့ ၀ိုင်းပြီးလုပ်မယ်ဆိုရင် တကယ့်လူထုအောင်ပွဲ အစစ်ကို မြင်ကြရမှာပါ။
ပြီးခဲ့တဲ့ ရှစ်နှစ်၊ ကိုးနှစ်လောက်တုန်းက တကြိမ်ပြည်တွင်းက လူထုအုံကြွမလိုလို အခြေအနေမျိုးဖြစ်ခဲ့သေးတယ်။ ဒီဘက်က တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း၊ ဒီတကြိမ် လူထုကြီးအုံကြွလို့ကတော့ အရင်အခေါက်တုန်းက လက်လွတ်ဆုံးရှုံးသွားရတဲ့ အခါအခွင့်မျိုးတွေကို အမိအရဆုပ်ကိုင်ပြီးဘာလုပ်မယ်၊ ညာလုပ်မယ်နဲ့ ကြုံးဝါးတဲ့လူက ကြုံးဝါး၊ လူထုကိုဒုက္ခပေးနှိပ်စက်ခဲ့တဲ့ ဘယ်သူဘယ်ဝါတွေကို စံနမူနာပြအနေနဲ့ ဘယ်လိုဘယ် ပုံ အပြစ်ဒဏ်စီရင်ရမယ် စသဖြင့်ဆိုသူတွေကဆို၊ ဒီစစ်အုပ်စုပြုတ်ကျသွားပြီးတော့ စစ်ရေး နိုင်ငံရေးအလုပ်တွေဘာမှမလုပ်ဘဲ ကိုယ့်ဟာကို အေးအေးဆေးဆေးကောင်းရောင်းကောင်း ၀ယ်လုပ်ပြီးတော့ပဲနေချင်တယ်လို့ ဆိုသူကဆို၊ ဒီလောက်လုပ်ကိုင်လာတာ ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့နေရာလေးတနေရာတော့ ယူအုံးမှပေါ့လို့ပြောသူကပြော၊ လက်ရှိတော်လှန်ရေး လုပ်နေတဲ့သူအချင်းချင်းထဲမှာ ဘယ်သူတွေကတော့ တော်လှန်ရေးလှေကြုံလိုက်အချောင် သမားတွေ၊ ဘယ်သူတွေကတော့ တော်လှန်ရေးနယ်ထဲမှာနေ၊ တော်လှန်ရေးထမင်းစားပြီး တော်လှန်ရေးအတွက် ဘာတခုမှ မလုပ်တဲ့သူတွေ၊ ဘယ်သူတွေဘယ်ဝါတွေက အခွင့်အရေးသမားတွေ စသဖြင့် အူမချေးခါးမကျန်သိထားတဲ့ သူတွေလည်းရှိပါတယ်။
လောကထဲမှာ ကိုယ်ကပေးချင်တာကနည်းနည်း၊ ပြန်ပြီးလိုချင်တာကများများဆိုတာ ဖြစ်တတ်တဲ့သဘာဝပါ၊ ဒါပေမယ့် ဘာမှမပေးဘဲ များများလိုချင်တာမျိုး၊ အချောင်ဝင်ပြီးနေရာ ယူလိုတာမျိုးတွေလည်း ရှိနေပါတယ်။ ဒီလိုမျိုးနင်လားငါလား ဆောင်ရွက်ကြရမဲ့ကိစ္စတွေကို ရှောင်လွှဲတတ်တဲ့သူတွေ၊ အရေးကြုံရင်ချောင်မှာပုံးပြီး ရေသာခို။ နိစ္စဓူဝ အပျော်လိုက်နေတတ် တဲ့ သူတွေဟာ ရာထူး၊ အာဏာ၊ အမိန့်သြဇာတွေရစရာရှိလာရင်လည်း နေရာလုတတ်ကြ၊ အချောင်နှိုက်တတ်ကြပါတယ်။ ဦးနေ၀င်းရဲ့ သမိုင်းကြောင်းလိုမျိုး၊ မြင်းလောင်းဖဲရိုက်၊ မိန်းမလိုက်ရင်းကနေ နိုင်ငံရေးသမားတွေရဲ့လက်ကိုင်တုတ်လုပ်၊ စစ်ပညာသင် ရဲဘော်သုံးကျိပ်
အဖွဲ့ထဲမှာ ယောင်တောင်ပေါင်တောင်ပါလာခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ခိုက်တဲ့ တိုက်ပွဲတပွဲမှ မရှိ၊ ဘီအိုင်အေတပ်နဲ့ လူထုဆန့်ကျင်ရေးတွေလိုက်လုပ်ပြီး စစ်တပ်နဲ့ နိုင်ငံရေးလောကထဲကနေရာ ယူခဲ့သလိုမျိုး၊ ယနေ့ခေတ်တော်လှန်ရေးထဲမှာလည်း အဲဒီလိုလူမျိုးတွေ တပုံတပင်ပါ။ ဟိုတုန်း ကဗိုလ်နေ၀င်း ခြေသလုံးဖက်တောင်းပန်တာကို ခွင့်လွှတ်ပြီး အရေးမယူခဲ့တဲ့ နိုင်ငံရေးခေါင်း ဆောင်တွေကြောင့် ဗမာပြည်ကြီး ဒီလောက်ထိ ပျက်စီးခဲ့ရသလိုပဲ ဒီကနေ့ခေတ်တော်လှန်ရေး ထဲဝင်ပြီး နေရာကောင်းယူ လူစွာလုပ်၊ သင်းခွဲ၊ ကိုယ်ကျိုးရှာ၊ ခြေထိုး၊ မကောင်းမှု အမျိုးမျိုး လုပ်နေတဲ့သူတွေကို အရေးမယူခဲ့ရင် ဗမာပြည်ရဲ့ အနာဂတ်နိုင်ငံရေးဟာ အခုကြုံခဲ့ရတဲ့အခြေ အနေမျိုး တပတ်ပြန်လည်ဦးမှာ မလွဲပါဘူး။
အင်တာနက် အီးမေးလ်တွေထဲမှာလည်း အရင်နှစ်တွေတုန်းက မတွေ့ရတဲ့နာမည်တွေ ကိုတွေ့လာရတယ်။ တော်လှန်ရေးလုပ်တဲ့ အထဲမှာ ငါလည်းပါတယ်ဟေ့ဆိုပြီး၊ ခါတော်မှီဝင်ပြီး သတင်းပို့ကြတာပါ။ ဒီလူတွေအကြောင်းကို အူမချေးခါးမကျန်သိနေတဲ့ သူတွေအဖို့ မပြုံးဘဲ ၀ါးလုံးကွဲရယ်ချင်တယ်ဆိုတဲ့ စကားအတိုင်းပါပဲ။
အဲဒီလိုလူမျိုးတွေနဲ့ တိုက်ဆိုင်နေတဲ့ ကဗျာကလေးတပုဒ်ကို ဖတ်ခဲ့ရဘူးပါတယ်။ အနောက်ဘက် ဒီမိုကရေစီရေးကြိုးပမ်းတဲ့ အင်အားစုတွေထဲက နေမင်းနီရဲ့ ကဗျာကလေးပါ၊ ဆရာနေမင်းနီက စဉ်းစားဆင်ခြင်သင့်တဲ့ အကြောင်းအရာလေးတွေကို ဒဿနပုံပြင် အဖြစ်ဇနီးသည်နဲ့အချီအချကိုပြောဟန် ကဗျာရေးစပ်ပြီးတင်ပြထားပါတယ်၊ အခုမျှဝေမှာက ဒဿနပုံပြင် အမှတ်(၄)ပါ၊ မဖတ်ဘူးသေးတဲ့သူတွေလည်း ဖတ်ရအောင်၊ ဖတ်ပြီးတော့ မေ့လျော့နေတဲ့သူတွေလည်း ပြန်ပြီးမှတ်မိအောင် ကဗျာကလေးရဲ့ အကြောင်း အရာအချုပ်ကိုပဲ ကျနော်ပြောတတ်သလောက်ကြိုးစားပြီး ပြောပြပါ့မယ်။
ကဗျာလေးနာမည်က ဆင့်နားရွက်အတွင်းက ပိုးပုရွက်ကင်းပါ။ တခါတုန်းက ဧရာမဆင်ကြီးတကောင်ဟာ တောင်နှစ်လုံးကြားက ချောက်ကမ်းပါးကို ကြိုးတံတားနဲ့ ကိုးယိုး ကားယားဖြတ်သွားတယ်တဲ့၊ ကြိုးတံတားက အကောင်းမဟုတ်ပါဘူး။ အိုမင်းရိရွဲ့ ယိုင်နဲ့နေတဲ့ ကြိုးတံတားပါ။ ခပ်ဆွေးဆွေးဖြစ်နေတဲ့ ကြိုးတံတားပေါ် ဒယိမ်းဒယိုင်နဲ့ ဆင်ကြီးလျှောက်သွား တာဟာ ဘယ်အိတော့ ညာပြောင်း၊ ညာစောင်းတော့ ဘယ်ချ၊ ဘယ်ကျတော့ ညာမြှောက်၊ ညာထောက်တော့ ဘယ်မြင့်နဲ့ သစ်ရွက်ကြွေလေမှာလွင့်သလိုမျိုး၊ ဟိုယိမ်းဒီနွဲ့နဲ့ လျှောက်ရတာ ကိုယ်အထိန်းသာမညီလို့ကတော့ အောက်ခြေကိုလုံးဝမမြင်ရတဲ့ ချောက်နက်ကြီးထဲ ကျသွားမှာပဲ။ ဆင်ကြီးခမျာ ထိုင်နေလို့ကလည်း မဆန့်၊ လာလမ်းကိုလည်း မလှည့်နိုင်၊ အားတင်းပြီးတော့ အရဲစွန့်လျှောက်၊ သိပ်ပြီးရဲတင်းလွန်းပြန်ရင်လည်း လွမ်းစရာကလေးတွေ ဖြစ်သွားမှာမို့၊ ဆင်မယဉ်သာ ဆိုသလိုမျိုး ညင်ညင်သာသာလှမ်းရတယ်။ နည်းနည်းချင်းနည်း နည်းချင်း။ ဒီလိုနဲ့ ဟိုဘက်ကမ်းကိုအရောက် ဆင်ကြီးဟာ ပင့်ထားတဲ့ သက်ပြင်းကို ပေါ့ပေါ့ ပါးပါး ချလိုက်မိတဲ့အခါမှာတော့ သူ့နားထဲယားကျိကျိဖြစ်လာပြီး၊ ဘယ်တုန်းကဘယ်လိုခိုကပ် ပါလာမှန်းမသိရတဲ့ ပုရွက်ဆိတ် ပိစိကွေးလေးတကောင်က သူ့ကိုလာပြီးမိတ်ဆက်တယ်တဲ့။ “ ကျုပ်နဲ့ခင်ဗျား ... ဖြတ်လျှောက်သွားလိုက်တာဗျာ၊ တံတားကြီးကိုလှုပ်ရမ်း တကယ့်စွန့်စားခန်းကြီးပါပဲ ” တဲ့။ သူ့ကဗျာလေးကတော့ ဒါပါပဲ။ အကြောင်းတိုက်ဆိုင်လို့ ဝေမျှလိုက်တာပါ။
ကိုးကား ။ ။ မစ္စတာဗျင်း (မပြောလိုသောစကား၊ မကြားလိုသောအကြောင်း-၂ )
(၂၀၀၇-စက်တင်ဘာလထုတ်၊ ကရင်သတင်းစဉ်)
1 comment:
ကိုပြည့်..နေ ကောင်းသွားပြီမို့ လာလည်တယ်၊ကျနော်လာပါတယ်၊ကျနော်တို့ဟာ ထာဝရ ညီနောင်သွေးချင်းတွေလေ။ ကျနော်ယုံတဲ့အတိုင်းပြောခဲ့တယ်နော။
Post a Comment