November 15, 2007

ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေငြာချက်ကို အဓိပ္ပာယ်ဖော်ခြင်း

Unknown | 7:10 PM |
လွန်ခဲ့သည့် နှစ်ပတ်က အထိန်းသိမ်းခံနေရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ သတင်းစကား ကြားရစေသင့်ကြောင်း ကျနော်က သတင်းသုံးသပ်ချက်တခု ရေးခဲ့သေးသည်။ ယခုတော့ ကုလသမဂ္ဂ အထူးသံကိုယ်စား လှယ် အီဗရာဟင် ဂန်ဘာရီမှတဆင့် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ကြေငြာချက်တခု ပြုလာခဲ့သည်။ ဤသတင်းကို
ကြားရသည့်အပေါ် ၀မ်းသာကြိုဆိုရမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ယခုထုတ်ပြန်ကြေငြာချက်ဖြင့် ၂၀၀၃ ခုနှစ်မှစ၍ ယခုအကြိမ် အိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရစဉ်ကာလအတွင်း ကြီးစိုးနေခဲ့သည့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်သွားသည့် ဂန်ဘာရီ၏ ယခုခရီးစဉ်တွင် ထူးထူးခြားခြားပြောစရာ မရှိဘဲ ခရီးစဉ်လည်း အရှုံးဖြင့် အဆုံးသတ်ရတော့မလို ဖြစ်နေခဲ့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ဂန်ဘာရီ ကို ကယ်တင်ခဲ့ သည်ဟု ပြောနိုင်ပြီး ဂန်ဘာရီက ဒေါ်အောင်ဆန်းစုကြည်၏ ကြေငြာချက်ကို ကိုင်ကာ ကုလသမဂ္ဂသံတမန်ရေး ကြိုးပမ်း မှုအတွက် ရလဒ်အဖြစ် ပြန်၍တင်ပြနိုင်ခဲ့သည်။
ယခုအချိန်တွင် အရေးကြီးသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေငြာချက်အပေါ် ဂရုတစိုက်သုံးသပ် အဓိပ္ပာယ်ဖော်ကြရန် ဖြစ်ပြီး သူမအနေဖြင့် နိုင်ငံရေးအရ မည်သို့ရပ်တည်နေကြောင်း နားလည်အောင် ကြိုးစားရန်ပင် ဖြစ်သည်။
ပထမအချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန် ကို ကျေးဇူးတင် ကြောင်းဖော်ပြ၍ မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂ၏ အနေအထားကို အားဖြည့်ပေးခဲ့သည်။ သူ၏ မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကိစ္စများအတွက် မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ခဲ့မှု များအတွက် ကျေးဇူးတင်သည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းဆိုသလိုပင် အထူးအရေးကြီးသည့် ပြဿနာများကို ကိုင်တွယ်ဖော်ပြလာခဲ့သည်။ အတိတ်ကာလက စစ်အစိုးရ၏ “ဆက်ဆံရေးအရာရှိများ” ပေါ်လာလိုက်၊ ပျောက်သွားလိုက် ရှိခဲ့သည်ကို ကြုံခဲ့ရပြီး သူမက ဗိုလ်ချုပ် အောင်ကြည်ကို သူမနှင့် စစ်အစိုးရအကြား လွန်းထိုးဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ် သည်ကို ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။
“အောက်တိုဘာလ ၂၅ ရက်နေ့က ကျမတို့၏ ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် အပြုသဘောဆောင်ကြောင်း နှင့် ရှေ့ဆက်၍ ပုံမှန်ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်း” ဆိုခဲ့သည်။ “ပဏာမအဆင့် ဆွေးနွေးတိုင်ပင်မှု များသည် မကြာမီ အဆုံးသတ်နိုင်လိမ့်မည်ဟု ကျမက မျှော်လင့်ထားပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ခေါင်းဆောင်များနှင့် အဓိပ္ပာယ်ပြည့်ဝသော အချိန်ကန့်သတ်ချက်ရှိသည့် တွေ့ဆုံဆွေးနွေးမှုများကို အတတ်နိုင်ဆုံး စောလျှင်စွာ စတင်နိုင်ရန် မျှော်လင့်ထားသည်” ဟုလည်း ဖော်ပြထားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေးဝန်ကြီးခန့်အပ်မှုကို တည်တံ့စည်းနှောင်မှုရှိသည့် လုပ်ငန်းစဉ်တခုအဖြစ် ပါးနပ် လိမ္မာစွာ အလေးအနက်ထား ဖော်ပြခဲ့သည်။ အကြောင်းမှာ အတိတ်ကာလများက အလားတူဆက်ဆံရေးအရာရှိ ခန့်အပ် ခဲ့ခြင်းများမှာ စစ်အစိုးရက အချိန်ဆွဲရန်နှင့် လှုပ်သာလှည့်သာ ကစားနိုင်ရန် လျှို့ဝှက်ကြံစည်မှုများ ဖြစ်နေခဲ့သောကြောင့် ပင်။
ဤအချက်မှာ သူမပေးလိုသည့် သတင်းစကားတွင် သေချာတွက်ဆ၍ ရှေ့တိုးလိုက်သည့် ခြေလှမ်းတခုဖြစ်ပြီး သူမက စစ် အစိုးရ ခေါင်းဆောင်များနှင့် တိုက်ရိုက်စကားပြောရန်ကိစ္စကို တောင်းဆိုခဲ့သည်။ ဗိုလ်ချုပ် အောင်ကြည်နှင့် ပြော ဆိုနေရုံ မျှဖြင့် အပြောင်းအလဲများ ဖြစ်ပေါ်ရန်အတွက် လုံလောက်လိမ့်မည် မဟုတ်ပါ။
တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်ရန် တောင်းဆိုခဲ့ပြီးနောက် သူမက စစ်အစိုးရနှင့် စိတ်လိုလက်ရ ပူးပေါင်းဆောင်ရွက်လို ကြောင်း ဆန္ဒသဘောထားကိုလည်း ဖော်ပြခဲ့သကဲ့သို့ ဤဆွေးနွေးပွဲလုပ်ငန်းစဉ်များအတွင်း၌ ကုလသမဂ္ဂ၏ကြားဝင် ဆောင် ရွက်ပေးမှုကိုလည်း ကြိုဆိုခဲ့သည်။
“နိုင်ငံ၏ အကျိုးစီးပွားကိုကြည့်၍ ကျမက ဤတွေ့ဆုံဆွေးနွေးပွဲများ အောင်မြင်စေရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင် ရွက်ရန် အဆင်သင့်ရှိနေပါသည်။ ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ကျမတို့၏ ဤကြိုးပမ်းဆောင်ရွက်ချက်များ အဆင်ပြေ ချောမွေ့စေရန် လိုအပ်သလို ပူးပေါင်းကူညီပေးမှုကိုလည်း ကြိုဆိုပါသည်”ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။
ပို၍ စိတ်ဝင်စားဖွယ်အချက်မှာ သူမက သူမ၏ အတိုက်အခံပါတီ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ကို အလေးပေး ဖော်ပြခဲ့ခြင်း ဖြစ်သည်။
နိုဘဲလ်ဆုရှင် သူမက NLD ပါတီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်နေသည်နှင့်အညီ၊ သူမပါတီ၏ လမ်းညွှန်မူဝါဒ၊ ဆန္ဒ သဘောထားများ အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဟုလည်း ဆိုခဲ့သေးသည်။
အမှန်တွင် ဤအချက်များက အသစ်ဖြစ်သည့် အချက်များ မဟုတ်ကြပါ။ သို့သော်လည်း ဤတကြိမ်တွင် ဒေါ်အောင်ဆန်း စုကြည်က အလှည့်အပြောင်းအသစ်သို့ ဦးတည်လာခဲ့ပါသည်။ “ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ဒီမိုကရေစီ အင်အား စုများ၏ စုစည်းညီညွတ်မှုနှင့် အမျိုးသား ညီညွတ်မှုသည် မရှိမဖြစ် အထူးအရေးတကြီးလိုအပ်နေသည်။ သို့ အတွက်ကြောင့် အကျယ်အပြန့်သော နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်အားစုများ၊ အထူးသဖြင် တိုင်းရင်းသားလူမျိုးစုများ၏ အကျိုးစီးပွား ဆိုင်ရာကိစ္စများ၊ အမြင်များကို အလေးနက်ထား၍ ထည့်သွင်းစဉ်းစားသွားရန် ကျမတွင် တာဝန်ရှိနေသည်” ဟု ဖြည့်စွက် ဖော်ပြခဲ့ပါသည်။
အမှန်ဆိုရလျှင် ဤထုတ်ပြန်ကြေငြာချက်သည် သေချာတွေး၍ ဂရုတစိုက် ပြင်ဆင်ထားသော သတင်းစကား ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစုများကို ဖော်ပြထည့်သွင်းထားခဲ့သကဲ့သို့ နိုင်ငံအတွင်း ဖရိုဖရဲပြိုကွဲရသည့်အခြေအနေနှင့် နိုင်ငံတော် ပြိုကွဲမည်ဟူသော စိုးရိမ်ပူပန်ချက်များ၊ ကြောက်ရွံ့စိုးရိမ်နေမှုများကိုလည်း ပြေလည်စေအောင် ထည့်သွင်းဖော်ပြထားခဲ့ ပါသည်။
အိမ်တွင် ရေဒီယိုကို ပုံမှန်နားထောင်လေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်က တချို့သော “မြန်မာ့အရေးကျွမ်းကျင်သူ” ဆို သူများ၊ ဒေသတွင်းရှိ အစိုးရများက စိုးရိမ်ဖော်ပြနေကြသည့် မြန်မာနိုင်ငံသာ ရုတ်ချည်းအပြောင်းအလဲများဖြစ်ခဲ့လျှင် အီရတ်ကဲ့သို့၊ ယူဂိုဆလားဗီးယားကဲ့သို့ ၀ရုန်းသုန်းကား အနေအထားမျိုးနှင့် ကြုံတွေ့ရနိုင်သည်ဟူသော စိုးရိမ်ပူပန်ချက် များကိုလည်း ကြားသိထားပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
သူမ ပေးခဲ့သည့် သတင်းစကားမှာ သူမက အစိုးရပြောင်းလဲရေးလုပ်ရန်အတွက် မျှော်လင့်ထားချက်မရှိဘဲ၊ “ဒီမိုကရေစီ နည်းကျ စုစည်းညီညွတ်မှုနှင့် အမျိုးသား ညီညွတ်ရေး”သာ ရည်ရွယ်ထားကြောင်း ဖော်ပြထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်က အလေးပေးဖော်ပြထားသည်မှာ သူမအနေဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုသာ မျှော် လင့်ထားကြောင်းနှင့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စွပ်စွဲထားသလို အလုံးစုံ ပျက်သုဉ်းရေး၊ ထိပ်တိုက် ရင်ဆိုင်ရေးအတွက် လုပ်ဆောင်မည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။ “နောက်ဆုံးတိုင် ကျမအနေဖြင့် အပြု သဘော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုသာ ဦးတည်ချက်ထားရှိပြီး အစိုးရနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်း များကိုလည်း ဤစိတ်ဓာတ်ဖြင့် ကျမနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြပါရန် ဖိတ်ခေါ်ပါသည်” ဟု ဆိုခဲ့ပါသည်။
သူမ၏ သတင်းစကားက အချိန်ကိုက် စင်္ကာပူ အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ထိန်းသိမ်းခံနေရသော ဒီမိုကရေစီခေါင်းဆောင်က ဤဒေသဆိုင်ရာအဖွဲ့အစည်းကို ဖော်ပြရန် မေ့လျော့ မထားခဲ့ဘဲ အေဆီယံ အဖွဲ့၏ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြု ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားခဲ့ရာ၌ “ကျမအနေဖြင့် ယုံကြည်သည်မှာ ကျမတို့၏နိုင်ငံ သည် လူ့အခွင့်အရေးများကို အပြည့်အ၀ လေးစားလိုက်နာမှုနှင့်အတူ ငြိမ်းချမ်းစွာရပ်တည်လာပြီး တည်ငြိမ်မှု၊ သာယာ
ဝပြောမှုနှင့် ဒီမိုကရေစီတို့ ဖြစ်ထွန်းလာမည်ဆိုလျှင် အာဆီယံနိုင်ငံများ အပါအ၀င် အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးစွာ အကျိုး တူ ပူးပေါင်းဆောင်ရွက်ရင်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကောင်းဆုံးအကျိုးဆောင်ပေးနိုင် သည့် အလားအလာကောင်းများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ နိုင်ငံတကာမိသားစုတွင်လည်း လေးစားအပ်သည့် အပြု သဘောဆောင်သော အခန်းကဏ္ဍက ပါဝင်ဖြည့်ဆည်းလာနိုင်စေမည် ဖြစ်သည်” ဟု ရေးသားခဲ့ပါသည်။
အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားရန် တောင်းဆိုမှုများရှိနေသော်လည်း ဒေါ်အောင်ဆန်း စုကြည်က ၎င်းဒေသဆိုင်ရာအဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ကိုင်ရန် သဘောထားရှိကြောင်း ဖော်ပြခဲ့ပါသည်။ ဤသည်မှာ ဒေသဆိုင်ရာခေါင်းဆောင်များနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်း အင်အားကြီးနိုင်ငံ ၂ခု ဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံ ခေါင်းဆောင်များသို့ တိုက်ရိုက်ဖော်ပြလိုက်သည့် သတင်းစကားပင် ဖြစ်ပါသည်။ ဤနိုင်ငံများက ယခုအချိန်တိုင် မြန်မာ့ အရေးတွင်ပါဝင် ဆောင်ရွက်ရန် လက်ရှောင်နေကြပြီး စောင့်ကြည့်နေကြဆဲ မူဝါဒချမှတ်ကျင့်သုံးနေသော နိုင်ငံများလည်း ဖြစ်ပါသည်။
သူမက အနောက်နိုင်ငံများအကြောင်း အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို ထည့်သွင်းဖော်ပြခဲ့ခြင်း လုံးဝမရှိပါ။ စစ် အစိုးရက သူမကို “အနောက်နိုင်ငံ၏ ရုပ်သေးရုပ်” အဖြစ် စွပ်စွဲဖော်ပြနေခြင်းကိုလည်း လျစ်လျူပြုလိုဟန် တူပါသည်။
သူမ၏ စာက တိုတောင်းသည်။ သို့သော်လည်း အဓိပ္ပာယ်ပြည့်ဝလှပြီး ပြန်လည်သင့်မြတ်လိုသော သဘောထားလည်း
ပါဝင်နေခဲ့သည်။ နိုင်ငံအတွင်း၊ အပရှိ အဓိကကျသည့် အင်အားစုများအတွက်လည်း သတင်းစကားများ လိုအပ်သလို အချက်ပြ ဖော်ပြခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာကဏ္ဍနှင့် ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရှိ အကြပ်အတည်းများဖြေရှင်းရာတွင် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို အဓိကထား ပါဝင်ဆောင်ရွက်စေလိုပြီး တွေ့ဆုံဆွေးနွေးပွဲများဖြစ်မြောက်စေရေးအတွက် ဆက်လက်တိုက်တွန်း အားပေးသွားရန် ဆန္ဒရှိနေပါသည်။ သို့သော်လည်း အာဆီယံအဖွဲ့ အပါအ၀င် ဒေသတွင်းရှိအစိုးရ များ၏ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုခဲ့ပါသည်။
တိုင်းပြည်အတွင်းကိစ္စများနှင့် ပတ်သက်၍မူ သူမက တွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်ပါမည်ဟု အလေးပေးဖော်ပြခဲ့ပြီး အကျယ်အပြန့်သော နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်အားစုများ၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ အကျိုးစီးပွားဆိုင်ရာကိစ္စများ၊ အမြင်များကို အစဉ်အမြဲအလေးအနက်ထား၍ ထည့်သွင်း စဉ်းစားသွားမည်ဟု ဆိုခဲ့ပါသည်။
ယခုအခါ အာဆီယံအဖွဲ့၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ဤသတင်းစကားအပေါ် မည်သို့တုံ့ပြန် အဖြေပေးကြမည်ကို စောင့် ကြည့်ရန်သာ ရှိပါတော့သည်။ မြန်မာနိုင်ငံအတွင်းတွင်မူ အဓိကကျသော အင်အားစုများဖြစ်ကြသည့် ရဟန်းသံဃာများ၊ ၈၈ မျိုးဆက် ကျောင်းသားအင်အားစုများနှင့် တိုင်းရင်းသားခေါင်းဆောင်များကလည်း သူမပြောခဲ့သည့်အတိုင်း တုံ့ပြန်၍ ရပ်တည်လှုပ်ရှားကြရန် လိုအပ်နေပြီ ဖြစ်သည်။
နောက်ဆုံးအနေဖြင့် စစ်ဗိုလ်ချုပ်ကြီးများကလည်း သူမစကားကို တုံ့ပြန်ဖြေကြားရန်အတွက် တာဝန်ရှိနေပြီ ဖြစ်ပါတော့ သည်။
၂၀၀၇ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က ဧရာဝတီ အင်တာနက် မဂ္ဂဇင်း စာမျက်နှာတွင် အောင်ဇော် ရေးသားသည့် Decoding Aung San Suu Kyi's Statement ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
အောင်ဇော် | နိုဝင်ဘာ ၁၅၊၊ ၂၀၀၇

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub