November 03, 2007

စိတ်နှစ်မျိုး ၊ ပါဝါအလှုပ်အရမ်းနှင့် ဆေးမီးတို ကုထုံး

Pyae Sone | 10:37 AM |

(၁)
၂၀၀၇ခုနှစ်၊ ဇူလိုင်လထုတ် ကရင်သတင်းစဉ်တွင်ပါသည့် သတင်းတိုတစ်ပုဒ်ကြောင့် အတွေး“ဆန့်“ မိ၏ ။ “ဖြန့်ထွက်“ တွေးခြင်းတော့မဟုတ်။ 'focus' ပြု၍တွေးမိခြင်းသာ။
“ အမေရိကန်မျော်လင့်ချက်ဖြင့် ဒုက္ခသည်တစ်ဦး အပျော်လွန် သေဆုံး“
ဤကား သတင်းခေါင်းစီးဖြစ်သည်။
အသက် (၅၅)နှစ်ရှိသည့် ကေအင်အယ်အေမှ တပ်သား ဟောင်းကြီးတစ်ဦး အုန်းဖြန်ဒုက္ခသည်စခန်းမှ နေပြီး အမေရိကန်ပြည်ထောင်စုသို့ သွားရောက်အခြေချရန် ယူအင်အိတ်စီအာရ်တွင် အမည်စာရင်းပေးထား၏။ မိသားစုနှင့် ......။ ဇနီးတစ်ယောက်၊ သားသမီးငါးယောက်.....။ အိုပီအီးမှ တွေ့ဆုံမေးမြန်းမည့်ရက်အား စောင့်နေသည်။ ဤတွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်နေနှင့်သည့် သူငယ်ချင်း (ရဲဘော်ရဲဘက်ဟောင်းဖြစ်မည်) နှင့်အဆက်အသွယ်ရသည်။ တယ်လီဖုန်း စကားပြော၏။ စကားပြောရင်း နှလုံးရောဂါနှင့်ဆုံးသွားသည်။ အေအမ်အိုင်ဆေးရုံရောက်တော့ အသက်မရှိတော့.....။ ၂၀၀၇ ခုနှစ် ၊ ဇုလိုင်လ (၂၄)ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဤတွင် ကျနော်အတွေး “ဆန့်“ မိခြင်းဖြစ်၏။

(၂)
“ ကမ္ဘာပြားပြီး“ စာအုပ်ရေးသည့် အမေရိကန်ဂျာနယ်လစ် သောမတ်ဖရီးမင်းက ၂၀၀၃ ခုနှစ်၏ နေ့တစ်နေ့တွင် ပါလက်စတိုင်းနယ်မြေ “ရမန်ဒါမြို့“ သို့ရောက်၏။
အသက် ၂၀-ခန့်ရှိ ပါလက်စတိုင်း တစ်ဦးနှင့်တွေ့သည်။ သိသည့်အတိုင်း ဂျာနယ်လစ်က ပါလက်စတိုင်းကလေးအား အင်းတာဗျူးလုပ်သည်။ ထိုစဉ်က ပါလက်စတိုင်း ခေါင်းဆောင် “ရာဆာအာရာဖတ်“ ပင် မကွယ်လွန်သေး ......။
အမေရိကန်ဂျာနယ်လစ်က မေးခွန်းနှစ်ခုမေး၏။ “ ရာဆာအာရာဖတ်“ ကို အစ္စရေးတွေက သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ ......။ ပါလက်စတိုင်းလူငယ်သည် လက်သီးကိုဆုပ်၏။ သူ့မျက်နှာက နီရဲ၍လာသည်။ သူနှုတ်မှ တစ်ခွန်းသော စကားအား ဆို၏။
“ အစ္စရေးတစ်နိုင်ငံလုံး မီးလောင်တိုက်သွင်းပစ်မယ်“
အမေရိကန် ဂျာနယ်လစ် သောမတ်ဖရီးမင်းက မှတ်ထား၏။ ပြီးနောက် ဒုတိယမေးခွန်းအား ထပ်မေး၏။ မင်းရဲ့အနာဂတ်က ဘာလဲ .....။ ဤတွင် ...... ပါလက်စတိုင်းလူငယ်သည် ဆုပ်ထားသော လက်သီးအား ဖြေလိုက်၏။ သူ့မျက်နှာသည် နီရဲရာမှ ပန်းရောင် .......။ ပြီးနောက် ဖျော့၍ ဖျော့၍ .....။ သောမတ်ဖရီးမင်း၏အမေးအား ဖြေ၏။ တိုးတိုးညင်ညင် ......။
“ ကျနော့်ဦးလေး အမေရိကန်မှာရှိတယ်။ သူ့ဆီကို ကျနော်သွားမယ်။ ဟိုမှာ အင်ဂျင်နီယာ ဘွဲ့ ဆက်သင်ချင်တယ်“

(၃)
အမေရိကန် ဂျာနယ်လစ်က အငြိမ်မနေ။ “ရမန်ဒါမြို့“အတွင်း လမ်းသလား၏။ ကဖေးဆိုင်တစ်ခုတွင် ပါလက်စတိုင်း သူငယ်မတစ်ဦးနှင့် တွေ့ပြန်၏။ သူငယ်မက မြီးကောင်ပေါက်လေး .....။ ၁၈-နှစ်ခန့်ပင် ရှိလိမ့်မည်။ သောမတ်ဖရီးမင်းနှင့် စကားပြောကြ၏။ သူငယ်မက စကားပြောရင်း သောမတ်ဖရီးမင်းအား သူမ၏အိတ်ထဲမှ ဓါတ်ပုံနှစ်ပုံအား ထုတ်ပြသည်။ တစ်ပုံက ......၊ ခေါင်းဆောင်ကြီး “ရာဆာအာရာဖတ်“၏ပုံ။ နောက်တစ်ပုံက .....သူငယ်မ၏ချစ်သူ ပါလက်စတိုင်း လူငယ်တစ်ယောက်၏ပုံ .....။
ဤတွင် အမေရိကန်ဂျာနယ်လစ် သောမတ်ဖရီးမင်း ခေါင်းစား၏။

(၄)
“ဒီပဲယင်း“ အကြမ်းဖက်တိုက်ခိုက်မှုကြီးအပြီး အင်အယ်လ်ဒီမှ လူငယ်ရဲဘော်များ ထိုင်းနိုင်ငံ မဲဆောက်သို့ ရောက်လာကြ၏။ တစ်ယောက်ထက်ပို၍ ရဲဘော်များဟု သုံးခြင်းဖြစ်သည်။ မဲဆောက်တွင် ကျနော် သူတို့နှင့်တွေ့၏။ သူတို့က ဒီပဲယင်းအကြမ်းဖက်လုပ်ကြံမှုကြီးတွင်ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြရသူများ .....။ အကြမ်းဖက်သမားတို့၏ရိုက်နှက်မှုအား ခံခဲ့ကြရသည်။ ဒေါ်အောင်ဆန်းစုကြည်အား သူတို့၏ ခန္ဒာကိုယ်များဖြင့်ကာရံပြီး စောင့်ရှောက်ခဲ့ကြ၏။ သူတို့၏ ခန္ဒာဝန်၌ သွေးတို့ဖြင့် ရွဲရွဲနစ်၍ ......။ သို့သော် ..... ဒူးကမညွှတ်။ သူတို့၏ဒဏ်ရာများအား ပြ၏။ စိတ်မချမ်းမြေ့စရာ .....။ နအဖ၏ရက်စက်ကောက်ကျစ်မှုအား တွေ့ရ၏။ ဒေါ်အောင်ဆန်းစုကြည်အား နအဖမှ ရက်စက်ကောက်ကျစ်စွာနှင့်လုပ်ကြံသတ်ဖြတ်သော ပွဲ.....။ ဤဘေးဆိုးမှ ဤလူငယ်တို့ “ရင်ကို မြေကတုတ်“ “ ဦးခေါင်းကတံတိုင်း“ “ သွေးတို့သည် ကျုံးရေ“ ပြု၍ .....ရင်း၍ ကာကွယ်ခဲ့ကြ၏။

(၅)
အထူးပြောရန်လိုမည်မထင်.......။ ပါလက်စတိုင်းလူမျိုးတို့ လွတ်မြောက်ရေးတိုက်ပွဲနှင့် မြန်မာနိုင်ငံရေးအခြေအနေများသည် သွေးမတိတ်သည့်ပြသာနာများအဖြစ် ......။

(၆)
အမေရိကန်ဂျာနယ်လစ် သောမတ်ဖရီးမင်း ရမန်ဒါမြို့ ကဖေးဆိုင်မှ ထွက်ခဲ့ပြီးနောက် ..... သူ၏သတင်းစာတိုက်သို့ သတင်းဆောင်းပါးတစ်ပုဒ်ရေးပို့၏။ မြန်မာလိုခေါင်းစဉ်တပ်ပါက ......။ “ စိတ်နှစ်စိတ်ချိန်ခွင်လျှာ အပြောင်းအလဲ“ ဟုဆိုရမည်။ ရမန်ဒါတွင် သူတွင်တွေ့ဆုံခဲ့ရသည့် ပါလက်စတိုင်းလူငယ်တို့ စိတ်များအား ရေးထားခြင်းဖြစ်သည်။
သောမတ်ဖရီးမင်းပထမတွေ့ခဲ့သည့် လူငယ်ကောင်လေးက “ရာဆာအာရာဖတ်”အား ထိလျှင်မခံ၊ အသက်စွန့်ရန်ပင် အဆင်သင့်ရှိ၏။ ဤသည်မှာလည်း ပါလက်စတိုင်းလေး ကြွားဝါး၍ပြောခြင်းမဟုတ်။ ဖရီးမင်းယုံကြည်၏။ ပြီးလျှင် ပါလက်စတိုင်းလေးက ပြောသည့် “ဦးလေးရှိရာ အမေရိကန်သို့သွားပြီး အင်ဂျင်နီယာဘွဲ့တစ်ခုရအောင် ပညာသင်လိုသည် ”
ဤတွင် ပါလက်စတိုင်းလေး၏ စိတ်နှစ်စိတ်အား ဖရီးမင်းက 'focus' ပြ၏။
နောက်တစ်ယောက် .....၊ ပါလက်စတိုင်းသူငယ်မက ဓါတ်ပုံနှစ်ပုံပြ၏။ တစ်ပုံက ရာဆာအာရာဖတ်၏ပုံ၊ နောက်တစ်ပုံ သူ့ချစ်သူ ပါလက်စတိုင်းလေး၏ပုံ ....။
ဤနိမိတ်ပုံများအပေါ် သောမတ်ဖရီးမင်းက ပါလက်စတိုင်း ပြသာနာအား သူ့ဆောင်းပါးတွင် ဤသို့ နိဂုံးချုပ်၏။
“ ပါလက်စတိုင်းလူငယ်တို့ စိတ်၌ “ရာဆာအာရာဖတ်“အား လေးစားကြ၏။ ကြည်ညိုကြ၏။ သူ့အား ထိလျှင်မခံ။ အသက်စွန့်၍ ကာကွယ်ကြမည်။ အသက်စွန့်ရန်လည်း အသင့်ရှိကြ၏။ သို့သော် ...... သူတို့၏စိတ်တွင်ပင် သူတို့၏ဘ၀ ၊ အနာဂတ်အား မျှော်မှန်း၍နေပြန်သည်။ ပထမိစိတ်က အာရာဖတ်အတွက် ပါလက်စတိုင်းလူမျိုးများအတွက် အသက်စွန့်မည်။ ဒုတိယစိတ်က မိမိဘ၀အတွက် အသက်ရှင်သန်လိုကြ၏။ ဘ၀၏အနာဂတ်အိပ်မက်များအား လူ့ဘ၀တိုတိုလေးအတွင်း အရောင်တောက်ပလိုကြ၏။ ဤကား ...... “လူ“ ဖြစ်၍နေခြင်းဖြစ်သည်။ ပြီးပြီ။ ပြီးနောက် ..... သုံးသပ်ချက်အား ပေးသည်။ ဤက အရေးကြီး၏။ “ ဤအတွက် ပါလက်စတိုင်းအရေးပြသာနာအား သွေးတိတ်ရန် ဒုတိယစိတ်အား အမေရိကန်များမှ မွေးမြူအားပေးရမည်။ လက်တွေ့လုပ်ဆောင်ပေးရမည်.....“ ဟူ၏။

(၇)
ပြီးခဲ့သည့်ညတွင် အမေရိကန်ပြည်ထောင်စုမှ တယ်လီဖုန်းလာသည်။ တယ်လီဖုန်းအား “မ”၍ကိုင်လိုက်၏။ တစ်ဖက်မှ စကားပြောသံအား ကြားရသည်။
“ကျနော်ပါ .... ”
ကျနော်နှင့် မဲဆောက်တွင်တွေ့ခဲ့ဖူးသည့် အင်အယ်လ်ဒီမှ လူငယ်တစ်ဦး.....။ သူနှင့်စကားပြောရင်း သူ့ခေါင်းမှ ဒဏ်ရာအခြေအနေအား မေးမိသေးသည်။ ။

မင်းဟန်

ကိုးကား -
The World is Flat by T.L Friedman
ကရင်သတင်းစဉ် (၂၀၀၇၊ ဇူလိုင်လ)

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub