November 02, 2007

မြန်မာနိုင်ငံကို အာစီယံအဖွဲ့ဝင် အဖြစ်က ရပ်ဆိုင်းထားဖို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က တိုက်တွန်း

Unknown | 4:17 AM |

မြန်မာစစ်အစိုးရ အနေနဲ့ အပြောင်းအလဲတွေ လုပ်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို ဆက်လက် ငြင်းဆန်နေမယ်ဆိုရင် မြန်မာနိုင်ငံကို အာစီယံအဖွဲ့ဝင် အဖြစ်ကနေ ခေတ္တ ရပ်ဆိုင်းထားဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက တိုက်တွန်း လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောာင်းသားတွေက စင်္ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယိုးတို့ထံ ပေးပို့တဲ့ စာမှာ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။မြန်မာစစ်အစိုးရရဲ့ လမ်းပြမြေပုံကနေ ပေါ်ထွက်လာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကိစ္စဟာ လက်ခံနိုင်စရာ မရှိဘူးဆိုတာ အာစီယံအဖွဲ့ အနေနဲ့ မြန်မာအစိုးရကို ရှင်းလင်းပြတ်သားစွာ ပြောကြားပေးဖို့ကိုလည်း ဒီပေးစာမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စဟာ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ဆန္ဒတွေ၊ မျှော်မှန်းချက်တွေလည်း မပါဝင်ဘူးလို့ ဆိုပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြီးတော့ တိုင်းရင်းသား နိုင်ငံရေး အစုအဖွဲ့တွေနဲ့ မြန်မာအစိုးရ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာဖို့ အတွက်လည်း အာစီယံအဖွဲ့ကို တိုက်တွန်း ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ၊ သံဃာ့ လှုပ်ရှားမှုအတွင်း အဖမ်းဆီးခံထားရသူတွေ အပါအဝင်၊ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးအတွက် မြန်မာအစိုးရကို တိုက်တွန်းသွားဖို့ကိုလည်း အာစီယံအဖွဲ့ကို နှိုးဆော်ထားပါတယ်။
အာစီယံအဖွဲ့ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ စင်္ကာပူနိုင်ငံ အနေနဲ့၊ မကြာခင် ကျင်းပမယ့် အာစီယံ ထိပ်သီးဆွေးနွေးပွဲမှာ၊ မြန်မာနိုင်ငံရေးပြဿနာ ပြေလည်ရေးအတွက် စဉ်းစားဆောင်ရွက်သင့်တဲ့ အချက်အလက်တွေကို ဖော်ပြတိုက်တွန်းတဲ့ အနေနဲ့၈၈ မျိုးဆက် ကျောင်းသားတွေက အခုလို စာပေးပို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub