March 07, 2008

စတုတ္ထအဆင့်၊ ပြည်သူ့အာဏာနှင့် အမျိုးသားညီလာခံ

Unknown | 9:09 AM |
ညီလာခံပထမကာလ

(နအဖ) ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရေးဆွဲဖို့ဆိုပြီး အမျိုးသား ညီလာခံတရပ်ကို
(၁၉၉၃) ခုနှစ် ဇန်န၀ါရီလမှာ စတင်ခဲ့တယ်။ NLD ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် (၅) ဦးနဲ့ ရွေးချယ် တင်မြှောက်ခံရတဲ့ NLD က လွှတ်တော်ကိုယ်စားလှယ် (၈၆) ဦးတို့ တက်ရောက် ခဲ့ကြတယ်။ (၁၉၉၆) ခုနှစ် နိုဝင်ဘာလထဲမှာ NLD က (နအဖ) ကို တောင်းဆိုမှုတခု တင်ပြခဲ့တယ်။

အဲဒီတောင်းဆိုမှုဟာ ဘာလဲဆိုတော့ လက်ရှိကျင်းပနေတဲ့ အမျိုးသားညီလာခံက မြန်မာ ပြည်ရဲ့ပြဿနာ အရပ်ရပ်ကို ဖြေရှင်ပေးနိုင်မှာ မဟုတ်ပါဘူး၊ ဒီတော့ NLD အနေနဲ့ (နအဖ) ခေါင်းဆောင်တွေနဲ့တွေ့ပြီး ဆွေးနွေးချင်တယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးပြီးမှသာ NLD က အမျိုးသားညီလာခံကို ဆက်ပြီး တက်မှာဖြစ်တယ်။ မတွေ့ဆုံနိုင်သေးသ၍ NLD အနေနဲ့ အမျိုးသားညီလာခံကို တက်ရောက်နေခြင်းကနေပြီး ရပ်ဆိုင်းထားမယ်ဆိုတာပဲဖြစ်တယ်။

(နအဖ) ဟာ NLD နဲ့ မတွေ့ခဲ့ဘူး။ အဲဒီအတွက် NLD က အမျိုးသားညီလာခံကို တက်ရောက်နေ ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေ အားလုံးဟာလည်း ညီလာခံကို ဆက်မတက်ကြတော့ဘူး။ NLD က မတက်ရောက်တော့တာနဲ့ နောက်တနေ့မှာ (နအဖ) ရဲ့ အမျိုးသားညီလာခံဟာလည်း ရပ်ဆိုင်း ခဲ့ရတယ်။ အဲဒါက (၁၉၉၆) ခုနှစ် နိုဝင်ဘာလမှာဖြစ်တယ်။ (၁၉၉၃) ခုနှစ်ကနေပြီး (၁၉၉၆) ခုနှစ်အထိကို (နအဖ) ရဲ့ အမျိုးသားညီလာခံ ပထမပိုင်းလို့ ပြောရင်ရမယ်။

အဲဒီမှာ ညီလာခံကိုယ်စားလှယ်ပေါင်း (၇၀၂) ဦးရှိတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က (၉၉) ဦး။ NLD အပါအ၀င် နိုင်ငံရေးအဖွဲ့များက ကိုယ်စားလှယ်က (၃၈) ဦး။ ပေါင်းရင် (၁၃၇) ဦးဟာ လူထုရဲ့ကိုယ်စားလှယ်လို့ ပြောလို့ရတယ်။ ကျန်တဲ့ (၅၆၅) ယောက်က စစ်တပ်က စိတ်ကြိုက် ရွေးထားတဲ့သူတွေ၊ ဒီတော့ အဲဒီညီလာခံမှာ လူထုကိုယ်စားပြုတာဟာ (၁၈) ရာခိုင် နှုန်းပဲရှိတယ်။ ပြီးတော့ ညီလာခံ ကျင်းပရေးကော်မရှင်။ ညီလာခံကျင်းပရေး အလုပ်ကော်မတီ
စတဲ့ အဖွဲ့တွေအဆင့်ဆင့်မှာ စစ်တပ်က ပုဂ္ဂိုလ်တွေကြီးပဲ။ သူတို့ကညီလာခံကို တင်းတင်း ကြပ်ကြပ်ထိန်းချုပ်ထားတယ်။ လွတ်လပ်စွာဆွေးနွေး တင်ပြခွင့်မရဘူး။

ဦးတည်ချက် (၆) ရပ်
အမျိုးသားညီလာခံ ကျင်းပတဲ့အခါမှာ ဒီဦးတည်ချက် (၆) ရပ်နဲ့အညီ ကျင်းပရမယ်လို့ (နအဖ) က ချပေးထားခဲ့တယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ …
(က) ပြည်ထောင်စုမပြိုကွဲရေး
(ခ) တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး
(ဂ) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
(ဃ) စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေး
(င) နိုင်ငံတော်တွင် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု စတဲ့ လောကပါလတရားများ ထွန်းကားလာစေရေး
(စ) အနာဂတ်နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှု အခန်းကဏ္ဍမှ
ပါဝင်ရေးတို့ဖြစ်တယ်။ အဲဒီထဲမှာ အဓိကအကျဆုံးအချက်က အမှတ်စဉ် (စ) ဖြစ်တဲ့ စစ်တပ်က အနာဂတ်မြန်မာနိုင်ငံရေးမှာ ဦးဆောင်ပြီး အမြဲပါမယ်ဆိုတာပဲဖြစ်တယ်။ အဲဒီဦးတည်ချက်နဲ့ပဲ အခြေခံမူတွေကို ချတော့တာပဲ။

ညီလာခံဒုတိယကာလ
(၂၀၀၃) ခုနှစ်မှာ (နအဖ) က လမ်းပြမြေပုံဆိုပြီး လုပ်ငန်းစဉ် (၇) ဆင့်ပါတဲ့ လုပ်ငန်းစဉ်ကို ထုတ်ပြန်ခဲ့တယ်။ အဲဒီမြေပုံရဲ့ အဆင့် (၁) က အမျိုးသားညီလာခံကို ပြန်စဖို့ပဲဖြစ်တယ်။
အဲဒါနဲ့ (၁၉၉၆) ခုနှစ်ထဲက ရပ်ထားခဲ့ရတဲ့ အမျိုးသားညီလာခံကို (၂၀၀၄) ခုနှစ်မှာ ပြန်စခဲ့တယ်။ NLD က ပြန်မတက်ဘူး။ ဒါကလဲ ၁၉၉၆ ခုနှစ်မှာ NLD က တင်ပြခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေး အဆိုပြုချက်ကို နအဖဘက်က ငြင်းပယ်ခဲ့ပြီး NLD ကို အမျိုးသားညီလာခံကနေ တဘက်သတ် ထုတ်ပယ်ခဲ့လို့ပဲဖြစ်တယ်။

အဲဒီတော့ NLD နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မပါတဲ့ ညီလာခံဟာ လူထုကိုယ်စားပြုမှုမပါ သလောက်ပဲလို့ ပြောလို့ရတယ်။ အဲဒီမှာ နအဖဟာ အပစ်အခတ် ရပ်စဲထားတာရော ဘာရော အားလုံးကို သူ့ရဲ့အမျိုးသားညီလာခံကို တက်ကြဖို့ အတင်းအဓမ္မရော၊ အကျိုးစီးပွားပေးပြီး တော့ရော လုပ်တော့တာပဲ။ ပြီးတော့ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေဆိုပြီး ဆိုင်း ဘုတ်ကပ်လို့ ဒုတိယအကြိမ် ညီလာခံကို ညောင်နှစ်ပင်မှာ ပြန်စတော့တာပါပဲ။ ခုထိတော့ အမျိုးသားညီလာခံကနေပြီး ရေးဆွဲချမှတ်ထားပြီးဖြစ်တဲ့ အခြေခံမူပေါင်းဟာ (၁၀၄) ချက်
ရှိတယ်။ အဲဒါတွေရဲ့ အနှစ်သာရ အနှစ်ချုပ်ကိုတင်ပြပါမယ်။

ဥပဒေပြုရေး
အမြင့်ဆုံး ဥပဒေပြုရေးကတော့ ပြည်ထောင်စုလွှတ်တော်ဖြစ်တယ်။ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ လူမျိုးစုလွှတ်တော်တို့ ပါဝင်တယ်။ ပြည်သူ့လွှတ်တော်ကို ကိုယ်စားလှယ် (၄၄၀) နဲ့ ဖွဲ့စည်းတယ်။ (၃၃၀) ဦးကို လူထုက ရွေးချယ်တင်မြှောက်ရမယ်။ ကျန်တဲ့ (၁၁၀) က စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်က အမည်ပေးခန့်အပ်တဲ့ စစ်ဗိုလ်တွေဖြစ်တယ်။

လူမျိုးစုလွှတ်တော်ကိုတော့ (၂၂၄) ဦးနဲ့ ဖွဲ့စည်းတယ်။ (၁၆၈) ဦးကို လူထုက ရွေးချယ်တင်
မြှောက်ရပြီး ကျန်တဲ့ (၅၆) ယောက်ကတော့ စစ်တပ်က လွှတ်မယ့် စစ်ဗိုလ်ကိုယ်စားလှယ်တွေ ဖြစ်တယ်။ အဲဒီတော့ အမြင့်ဆုံး ဥပဒေပြုရေးမှာ စစ်တပ်က ကိုယ်စားလှယ်ဟာ လေးပုံ တပုံဖြစ်နေတယ်။ (၂၅) ရာခိုင်နှုန်းပေါ့။ အဲဒီအတိုင်းပဲ ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တွေမှာလဲ စစ်တပ်ရဲ့ပါဝင်မှုဟာ (၂၅) ရာခိုင်နှုန်းပဲဖြစ်တယ်။

အုပ်ချုပ်ရေး
အုပ်ချုပ်ရေးရဲ့အမြင့်ဆုံးအာဏာပိုင်က သမ္မတဖြစ်တယ်။ သမ္မတရဲ့အရေးကြီးဆုံး အရည် အချင်းက စစ်ရေးအမြင် ရှိရမယ်လို့ဆိုတယ်။ ဒီတော့ သမ္မတဟာ စစ်တပ်က လက်ရှိစစ်ဗိုလ် ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် စစ်မှုထမ်းဟောင်း ဖြစ်ရမယ်ဆိုတာ ဖြစ်နေတယ်။ ရွေးချယ်ပုံကလည်း လူထုက တိုက်ရိုက်မရွေးချယ်ရဘူး။ သမ္မတ ရွေးချယ်ရေးအဖွဲ့က ရွေးရမယ်။ သမ္မတရွေးချယ် ရေးအဖွဲ့ကို ဘယ်လိုဖွဲ့သလဲဆိုတော့ ပြည်သူ့လွှတ်တော်ထဲမှာရှိတဲ့ လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းထဲကနေပြီး ရွေးချယ်ထားတဲ့ သမ္မတရွေးချယ်ရေးအုပ်စုက တစု၊ လူမျိုးစုလွှတ်တော်ထဲမှာရှိတဲ့ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် (၇၅) ရာခိုင် နှုန်းထဲကနေပြီး ရွေးချယ်ထားတဲ့ သမ္မတ ရွေးချယ်ရေး အုပ်စုက တစု၊ လွှတ်တော် (၂) ရပ် စလုံးမှာပါဝင်တဲ့ စစ်တပ်က လူတွေထဲက သမ္မတ ရွေးချယ်ရေးအုပ်စုက တစု၊ အဲဒီ (၃) စုနဲ့
သမ္မတ ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့ပြီး အဲဒီအဖွဲ့က ရွေးချယ်ရမှာဖြစ်တယ်။

ဘယ်လိုရွေးချယ်ရမလဲဆိုရင်တော့ အဲဒီအုပ်စုတခုစီကနေပြီး သမ္မတလောင်း တယောက်စီကို အမည်တင်သွင်းကြရမယ်။ အဲဒီ သမ္မတလောင်း (၃) ယောက်ထဲကမှ သမ္မတကို သမ္မတရွေး ချယ်ရေးအဖွဲ့က ရွေးချယ်ရမှာဖြစ်တယ်။ အရွေးချယ်မခံရတဲ့ သမ္မတနှစ်ယောက်က ဒုသမ္မတ အဖြစ်ရှိမယ်။ အဲဒီတော့ စစ်တပ်က စစ်ဗိုလ်တယောက်ဟာ သမ္မတကြီးဖြစ်ရင်ဖြစ်။ မဖြစ်ရင်
တော့ ဒု-သမ္မတကတော့ ဖြစ်ရမှာပဲ။ ဒါက နိုင်ငံတော်ရဲ့ အကြီးအကဲဆိုတဲ့ အမြင့်ဆုံး အုပ်ချုပ် ရေးနေရာထဲမှာ စစ်တပ်က ပါဝင်နေတာဖြစ်တယ်။

သမ္မတရဲ့အာဏာ
သမ္မတဟာ အမြင့်ဆုံးအာဏာပိုင်ပဲ။ ပြည်ထောင်စု ၀န်ကြီးအဖွဲ့အရေအတွက်ကို သမ္မတက သတ်မှတ်ပေးရမယ်။ ၀န်ကြီးချုပ်ကို သမ္မတက အမည်စာရင်းတင် ခန့်အပ်ပေးရမယ်။ ပြည်ထောင်စုလွှတ်တော်ကို တင်ပြ အတည်ပြုချက်ယူရမယ်လို့ ဆိုထားပေမယ့် သမ္မတခန့်
ချင်တဲ့ လူကို ပြည်ထောင်စု လွှတ်တော်က ငြင်းပယ်နိုင်တဲ့ အခွင့်အရေးဆိုတာ မရှိသလောက်
ပါပဲ။

ဝန်ကြီးအဖွဲ့ထဲက ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ဒေသရေးရာဝန်ကြီး (၃) ယောက်ကိုတော့ စစ်တပ်က ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးတဲ့ စစ်ဗိုလ်ကို
သမ္မတက ခန့်ပေးရမှာဖြစ်တယ်။ ရှေ့နေချုပ်၊ တရားသူကြီးချုပ်တို့ကိုလည်း ပြည်ထောင်စု
ဝန်ကြီးချုပ်အတိုင်းပဲ သမ္မတကပဲ ခန့်အပ်နိုင်တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်
ဝန်ကြီးအဖွဲ့နဲ့ ၀န်ကြီးချုပ်တွေကိုလည်း သမ္မတကပဲ ခန့်အပ်နိုင်တယ်။

မြို့တော်ကြပ်ပြေး နေပြည်တော်ကိုလည်း ပြည်ထောင်စု အထူးဒေသလို့ခေါ်တယ်။ အဲဒီ ပြည်ထောင်စုအထူးဒေသရဲ့ အုပ်ချုပ်ရေး ကောင်စီဝင်တွေနဲ့ ကောင်စီဥက္ကဋ္ဌကိုလည်း
သမ္မတကပဲ ခန့်အပ်နိုင်တယ်။ ကောင်စီဝင်တွေထဲမှာ လုံခြုံရေးအတွက်ဆိုပြီး စစ်တပ်က စစ်ဗိုလ်တွေဟာ ကောင်စီဝင်အဖြစ် ပါဝင်ကြရမယ်။

ပြည်ထောင်စုဖွဲ့စည်းမှု
ပြည်ထောင်စုလို့ ခေါ်ဆိုပေမယ့် ဖွဲ့စည်းပုံကတော့ တိုင်းဒေသကြီး (၇) ခု။ ပြည်နယ် (၇) ခုနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တယ်။ အားလုံးက အဆင့်အတန်းတူတွေဖြစ်တယ်။ ဒီတော့ လူမျိုးစု တိုင်းရင်းသားတွေရဲ့ တန်းတူရေးဆိုတာ ဘယ်မှာလဲ။ မရှိဘူး။ ဗမာလူမျိုးက တိုင်း၊ ဒေသကြီး
(၇) အနေနဲ့ရှိပြီး ကျန်တိုင်းရင်းသား ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်စတာတွေက ပြည်နယ် တခုစီသာဖြစ်နေတယ်။ ဒီတော့ ဗမာနဲ့ ကျန်တိုင်းရင်းသားတွေဟာ (၇း၁) ဖြစ်နေတော့တယ်။

စစ်တပ် အခန်းကဏ္ဍ
စစ်တပ်က အနည်းဆုံး ဒုသမ္မတ တဦးအဖြစ် ပါဝင်နေမယ်။ ပြည်ထောင်စုလွှတ်တော်ထဲမှာ စစ်တပ်ရဲ့ပါဝင်မှု (၂၅) ရာခိုင်နှုန်းရှိတယ်။ အစိုးရ၀န်ကြီးဌာနကြီး (၃) ခုဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ဒေသရေးရာ စတဲ့နေရာ (၃) ခုမှာ စစ်တပ်ကပဲ ယူထားတယ်။ ပြည်နယ်၊ တိုင်းဒေသနဲ့၊ ပြည်ထောင်စု အထူးဒေသလို့ ခေါ်တဲ့ မြို့တော်ကောင်စီတွေမှာလည်း ပြည်ထဲရေး၊ လုံခြုံရေးနေရာတွေမှာ စစ်တပ်ကပဲ နေရာယူထားတယ်။ တပ်မတော်နဲ့ ပတ်သက်လို့တော့ သီးသန့်တောင်းဆိုထားပြန်တယ်။ အဲဒါက ဘာလဲဆိုတော့ စစ်တပ်ဟာ စစ်ရေးဆိုင်ရာကိစ္စ အားလုံးကို လွတ်လွတ်လပ်လပ် စီမံဆောင်ရွက်ခွင့်ရှိရမယ်။ ပြီးတော့ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စတွေမှာ စစ်တပ်ဟာ ပြည်သူလူထုတရပ်လုံးကို စိတ်ကြိုက် စီမံနိုင်ခွင့်ရှိရမယ် ဆိုတာပဲဖြစ်တယ်။

ပြည်သူ့အာဏာာနဲ့ အဆုံးအဖြတ်
သွားလေသူ ဗိုလ်ချုပ်ကြီးခင်ညွှန့် ၀န်ကြီးချုပ်အဖြစ်နဲ့ နအဖအတွင်း ရှိနေတဲ့အချိန်တုန်းက စစ်အုပ်စုအတွက် လမ်းပြမြေပုံဆိုပြီး အဆင့် (၇) ဆင့်ပါတဲ့ လုပ်ငန်းစဉ်တရပ်ကို ထုတ်ပြန်
ခဲ့တယ်။ ၂၀၀၃ ခုနှစ် ၊ သြဂုတ်လ (၃၀) ရက်နေ့ကပါ။ စစ်အုပ်အတွက်တော့ နေပြည်တော်
အိပ်မက်လို့ပြောရမယ်။ စစ်အုပ်စုရဲ့ မြေပုံညွှန်းအရ (၈) နှစ်ကျော် ရပ်နားထားခဲ့ရတဲ့ အမျိုးသားညီလာခံကို ညောင်နှစ်ပင်မှာ ဒုတိယအကျော့ ပြန်စတာဖြစ်တယ်။

ဒါက မြေပုံညွှန်းရဲ့ ပထမအဆင့်၊ ပြီးရင် ညောင်နှစ်ပင်အခြေခံမူတွေကို ဖွဲ့စည်းပုံအဖြစ်
ရေးဆွဲမယ်။ အဆင့် (၂) နဲ့ (၃) ပေါ့၊ ဘယ်လိုဆွဲမယ်၊ ဘယ်သူတွေက ရေးဆွဲမယ်ဆိုတာ
ထက် တင်ပြခဲ့တဲ့ အနှစ်သာရတွေအတိုင်းပဲ ဖြစ်လာမှာဖြစ်တယ်။ ပြီးရင် သူတို့ရေးဆွဲပြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို လူထုဆန္ဒ ခံယူမယ်လို့ဆိုတယ်။ ဘယ်လိုဆန္ဒခံယူမလဲ။ “ဘောလုံးကွင်း” ဆန္ဒခံယူပွဲ ပုံမျိုးလား၊ ဒါမှမဟုတ် အဖြူ၊ အမဲ မဲပုံးထောင်တဲ့ပုံစံလား၊ ဘာပဲဖြစ်ဖြစ် လူထုက အဆုံးအဖြတ်တော့ ပေးရမှာပဲဖြစ်တယ်။ ဒီနေရာမှာလည်း မြန်မာ နိုင်ငံမှာရှိတဲ့ မဲပေးနိုင်သူ ၅၀% က ထောက်ခံရင် အတည်ဖြစ်တယ်လို့ ဆိုပြန်တယ်။
ထားတော့၊ ပြည်သူတွေရဲ့ အနာဂတ်အတွက် စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို အဆုံးအဖြတ်ပေးကြရတော့မှာတော့ သေချာတယ်။ မဝေးတော့ဘူး။ ကိုယ့်ကြမ္မာ၊ ကိုယ့် အနာဂတ်အတွက် အဆုံးအဖြတ်ပေးရတော့မယ်။ ကိုင်း… ထောက်ခံမလား၊ ကန့်ကွက်
မလား။ ။

ခေတ်ပြိုင် သတင်းဂျာနယ်မှ ဆရာမင်းဟန်၏ ဆောင်းပါးကိုကူးယူတင်ပြသည်။

No comments:

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub