March 06, 2008

ပိုးထိုးတဲ့ ကြမ်း နှင့် အခြားကဗျာများ

Unknown | 4:10 AM | |
ပိုးထိုးတဲ့ကြမ်း

ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တိုင်း
အားမရဘူး
တောင်ကျရေလို အရိုင်းဆန်မှု အရှိန်မှာ
ငါဘာကြောင့်မစီးမျောနိုင်တာလဲ
သူတို့တွေ စိတ်ကြိုက် ထွန်ယက်နေရအောင်
ငါ့ရဲ့သွေးသားတွေက

သူတို့ပိုင်တဲ့
မြေယာတွေလား
လရောင်ချိုးချင်လို့ နေပူခံတာပါဆိုနေမှ
ညရောက်ရောက်ဖို့ကလည်း
ကြာလိုက်တာ အမေရယ်......။


ရေငွေ့ ပြန်ခြင်း

ငါ့ကိုယ်ငါ မိုးအဖြစ်ရွာသွန်းလိုက်ပါတယ်
(နယ်မြေသစ်မှာ စနစ်သစ်နဲ့ပေါ့)
ကံဆိုးပုံများ
မပြောင်းလဲတဲ့ ဟောဒီရေသေကန်ထဲမှာ
အရှေ့
အနောက်
တောင်
မြောက်
ဘယ်ကိုမှ စီးဆင်းခွင့်မရှိဘူး
တခါတခါ
ရေငွေ့အဖြစ်နဲ့
ကောင်းကင်ကို (အမေ့ရင်ခွင်)
ပြန်... တက်ချင်တယ်...။

မှတ်ချက်...ရေငွေ့ပျံ မဟုတ်ပါ (အိမ်ပြန်ခြင်းကိုဆိုလို၍-“ ပြန်”-ဆိုတာသုံးထားခြင်းပါ။)


အခွံ

ဘာမှမရှိတာကို အခွံ ပါလို့
ခဏခဏ ဘာသာပြန်နေရတာ
ကြာတဲ့အခါ
ခံတွင်းချဉ်လာရော
ရေကြည်ရာမြက်နုပါ
ခမ်းခြောက်နေတဲ့ ဒေသမှာ
ကန္တာရ ပီသဖို့
သဲမုန်တိုင်း တစ်ခုပဲ လိုတယ်
အလွမ်းသင့်ရာ စီးရင်းမျောရင်းနဲ့
ချောင်းရော မြောင်းပါ ကောသွားတာ ကြာလှပေါ့...
(ကျနော်ဟာ အဲဒီလိုချောင်းကော. မြောင်းကောပါ)
ထင်တဲ့အတိုင်းပဲ
ဘယ်ဦးထုပ်မှ ဦးခေါင်းကို တစ်လုံးထပ်ပိုပြီး
လုံခြုံမှုမပေးနိုင်ဘူးဆိုတာကိုလေ.....


ဆပ်ပြာ ပူပေါင်း

ပေါက်ပြီးကွဲတာဖြစ်ဖြစ်
ကွဲပြီးပေါက်တာဖြစ်ဖြစ်
နှစ်ခုစလုံးကို ပျက်သုဉ်းသွားတာပါလို့
ပြောမိတာလေးပါ...
ဒီမှာ
ခင်ဗျားဘယ်လောက်သိလည်း
ဒိုင်ယာရီထဲမှာ သေချာမှတ်ထားတာကွ
လှေနံဓါးထစ်တွေမဟုတ်ဘူး
တောက် ! !
ကိုယ့်ခေါင်း ကိုယ်ပြန်ထုဆစ်ရတာလောက်
လက်ဝင်တာမရှိဘူး.....။


နေနေ (နို့ဖိုးစခန်း)

ကျနော်၏သူငယ်ချင်းဖြစ်သူ နေနေသည် နို့ဖိုးစခန်းတွင်နေထိုင်နေရာမှ ကျနော့်အား သူ၏ရင်တွင်းဖြစ်ခံစားချက်များကို ကဗျာအဖြစ်ပုံဖော်၍ကျနော်ဆီကို ပေးပို့လိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ပေးပို့လိုက်သောကဗျာများအား ကျနော့်သူငယ်ချင်း မိတ်ဆွေများနှင့် မြန်မာပြည်သားအားလုံးကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ အားလုံးရဲ့ ရင်ထဲမှာ ကျနော့်သူငယ်ချင်းခံစားရတာကို မြင်နိုင်မယ် နားလည်ပေးနိုင်မယ်ဆိုရင် ကျေနပ်ပါပြီ...

လေးစားစွာဖြင့်
ပြည့်စုံ

7 comments:

ယုန်ကလေး said...

နာမည်က နေနေတဲ့လား လှတယ်နော် ကဗျာလေးတွေကို လာဖတ်သွားပါတယ် ကောင်းတယ် ဆက်ရေးလိုနော် အားပေးပါတယ် အနုပညာသမားတွေကိုတော့ အားလုံးခင်တယ် လေးစားပါတယ်နော်

Sophie said...

အစ်ကိုရေ....ရင်တွင်းဖြစ်တွေမို့လို့ သိပ်ကောင်းတာဘဲ။ တကယ်ခံစားလို့ ရပါတယ် အစ်ကို။ ထိထိမိမိနဲ့ ကောင်းနေတာလေးတွေ။ဖတ်ရင်း သူတို့ကိုရော...ကိုယ့်ကိုယ်ကိုပါ သနားနေမိတယ်။

စိုးထက် - Soe Htet ! said...

သူငယ်ချင်းလေးကို ပြောလိုက် ပါ များများပို့ လို့ :D

Anonymous said...

ကဗျာလေးတွေ ဝေမျှတာကျေးဇူးပါဗျာ................အစ်ကို့ သူငယ်ချင်းရဲ့ ရင်တွင်းဖြစ် ခံစားချက်လေးတွေ တော်၂ကောင်းတယ်ဗျ နောက်လည်းအဆင်ပြေရင်တင်ပေးပါအုံးး။
လေးစားလျှက်

Unknown said...

I like all,especially “ အခွံ ”

ဆောင်းယွန်းလ said...

ကဗျာလေးတွေကောင်းတယ်..ဆပ်ပြာပူပေါင်းကိုအကြိုက်ဆုံးဘဲ.သူငယ်ချင်းကိုပြောလိုက်ပါ အားပေးနေပါတယ်လို့

Anonymous said...

နေနေ မင်းရဲ့ ကဗျာတွေ ကောင်းပါတယ် - မင်းရဲ့သူငယ်ချင်းများ -- သုံးလုံး . ပလက်ကင် .

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub