February 13, 2008

Valentine's Day နှင့် ကွေကွင်းနေရသော ချစ်သူတွေ

Unknown | 9:20 AM |

အချစ်၏ ဒုက္ခသည် အခြားအားလုံးသော
ပျော်ရွှင်မှုများထက်၊ ပို၍ချိုသာပေသည်။
(ဂျွန်ခရိုင်းဒင်း)

ဗယ်လင်တိုင်းစ်ဒေး (Valentine's Day) ခေါ်ချစ်သူများနေ့အကြောင်း ပါးစပ်ရာဇ၀င်အမျိုးမျိုး ရှိခဲ့သော်လည်း အများစု ယုံကြည်သည်ကတော့ စိန့်ဗယ်လင်တိုင်းသည် ရောမအာဏာရှင် ကလောဒီယပ်စ်ခေတ်က ခရစ်ယာန် သင်းအုပ်တစ်ပါးဖြစ်သည်ဟု ဆိုသည်။ အာဏာရှင်ကို အာခံမှုဖြင့် ဖမ်းဆီးသတ်ဖြတ်ခံရသူဖြစ်သည်။ အေဒီ ၂၆၉ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်တွင် ကွယ်လွန်ခဲ့သည်ဆိုသည်။ အေဒီ(၄၉၆)တွင် ပုပ်ရဟန်းမင်း ဂယ်လက်ဆီးယပ်စ်က ဗယ်လင်တိုင်းကို ဂုဏ်ပြုရန် ဖေဖော်ဝါရီ (၁၄) ကိုသတ်မှတ်ခဲ့သည်ဆို၏။

ဤသို့သော် ဗယ်လင်တိုင်းစ်ဒေးတွင် ထူးခြားသည့်ရာဇ၀င်တစ်ခုခုတော့ရှိနေသည်။ နိုင်ငံတကာ ချစ်သူများကလည်း ကြိုဆိုသည်။ တဖြည်းဖြည်းနှင့် ဖေဖော်ဝါရီ (၁၄)သည် ချစ်သ၀ဏ်လွှာတို့ အပြန်အလှန်မှတ်မှတ်ရရပေးပို့စရာ နေ့တစ်နေ့အဖြစ်ထင်ရှားလာသည်။ ကဗျာလေးတွေပို့ကြ စုဆုံကြသည်။ ဆုတောင်းကြသည်။ ချိန်းဆိုကြသည်။ တိုင်တယ်ကြသည်။ ပြီးတော့ ချစ်ကြသည်။

တကယ်တမ်း ရှေးယခင်ရောမခေတ်တုန်းကတော့ ဖေဖော်ဝါရီ (၁၄) သည် နတ်ဘုရားမ ဂျူနိုကို ဂုဏ်ပြုရသည့်နေ့ဖြစ်သည်။ ဂျူနိုသည် နတ်၊ နတ်သမီးတို့အားလုံး၏ အရှင်မဟု ရှေးခေတ်ရောမတို့ယုံသည်။ ဗယ်လင်တိုင်း၏ ရာဇ၀င်သည် ရောမအာဏာရှင် ကလောဒီးယပ်စ်(၂)လက်ထက် နိုင့်ထက်စီးနင်းအုပ်ချုပ်မှုများနှင့်အတူ စဖြစ်ပေါ်ခဲ့သည်။ ရောမသားတို့သည် မင်းဆိုးလက်ထက်တွင်မပျော်ပိုက်ကြ။ ရောမမင်းဆိုး ကလောဒီးယပ်စ်ကို သူတို့မနှစ်မြို့ကြ။ ကလောဒီးယပ်စ်ကတော့ စစ်တပ်အင်အားကို အကြီးအကျယ်ချဲ့ထွင်ချင် သည်။ ယောက်ျားတိုင်းကို စစ်ထဲဝင်စေချင်သည်။ ရောမသားလူငယ်တို့က စစ်မတိုက်ချင်ကြ။ မိသားစုက မခွဲချင်ကြ။ ချစ်သူကို မထားခဲ့ချင်ကြ။ ဒါကိုပဲ ကလောဒီးယပ်စ်က ဒေါသထွက်သည်။ သူ့တွက်ကိန်းက လက်ထပ်မင်္ဂလာပွဲများမရှိလျှင် ဒီကောင်တွေ စစ်ထဲဝင်နိုင်လာလိမ့်မည်။ ထို့ကြောင့် လက်ထပ်ပွဲများခွင့်မပြုတော့ကြောင်း အမိန့်ထုတ်သည်။

လူငယ်များကတော့ အမိန့်သစ်သည် ရက်စက်သည်၊ တရားလွန်သည်ဟုထင်သည်။ မလိုက်နာနိုင်ကြ။ ရောမ၌ သင်းအုပ်ဆရာဖြစ်သည့် ဗယ်လင်တိုင်းသည် ကလောဒီးယပ်စ်၏ အမိန့်အာဏာကို အာခံခဲ့သည်။ သူနှင့် စိန့်မာရီယပ်စ်တို့က ချစ်သူလူငယ်စုံတွဲတို့ကို လျို့ဝှက် စွာ လက်ထပ်ပေးသည်။ ထို့ကြောင့် ဗယ်လင်တိုင်းသည် ရောမမြို့သား အားလုံးရှေ့တွင် ဖမ်းဆီးဒရွတ်ဆွဲခေါ်ယူခံရသည်။ မသေမချင်း ခေါင်းကို တင်းပုတ်ဖြင့် ထုသတ်ခံရသည်။ ဖေဖော်ဝါရီ (၁၄)ရက်မှာ သူသည် အာဇာနည်အဖြစ် သေဆုံးခဲ့သည်ဟု သမိုင်းချန်နယ်က ရှင်းပြသည်။

ထိုမှစကာ သည်နေ့ရောက်တိုင်း ဗယ်လင်တိုင်း၏ ကျေးဇူးတော်ကို တသချီးကျူးကြသည်။ ချစ်ခြင်းမေတ္တာကိုလေးနက်စာဖွဲ့ကြသည်။ ဤအလေ့အထကလေး ပိုထွန်းကားလာသည်။ အလယ်ခေတ်ရောက်တွင်တော့ ဗယ်လင်တိုင်းနေ့ မနက်တွေ့ဆုံရသော လုလင်ပျိုသည် အပျိုမကလေး၏ ဖူးစာရှင်ဖြစ်သည်ဟူသော ယုံကြည်မှုများပင်ရှိလာခဲ့သည်။

(၁၇) ရာစုအရောက်လောက်တွင်တော့ အိမ်ထောင်ရှင်များပင်လျှင် ဗယ်လင်တိုင်းနေ့ကို ပါဝင်ဆင်နွှဲလာကြတော့သည်။ ဗယ်လင်တိုင်းနေ့တွင် ပို့သည့်ပန်းပွင့်ကလေးများ၊ စာသ၀ဏ်လွှာကလေးများဖြင့် သည်လင် သည်မယားတို့၏ ချစ်မေတ္တာကိုအသစ်တဖန် လန်းဆန်းလာစေကြသည်။ အိုအောင်မင်းအောင်နှစ်ကိုယ့်တစ်စိတ်ဘ၀ကို ဗယ်လင်တိုင်းနေ့တွင် ထပ်မံသစ္စာတိုင်ကြလေးနက်ကြစေပြန်သည်။

(၁၉) ရာစု အရောက် ဂူတင်ဘတ်တို့ ပုံနှိပ်စက်များ ထွန်းကားလာချိန်နောက်ပိုင်းတွင် ပုံနှိပ်ဖော်ပြသည့် ဗယ်လင်တိုင်း ကတ်ကလေးများက ဥရောပတခွင် ပလူပျံလာတော့သည်။ ဥရောပတိုက်အနှံ့က စတိုက်ဌာနများတွင် ချစ်မေတ္တာသင်္ကေတများကို သယ်ဆောင်လာသည့် ကတ်ပြားငယ်များ သိန်းသန်းချီကာ ပြည့်နှက်လာတော့သည်။

“ကမ္ဘာ့ရွာ” ကုန်သွယ်စီးပွားခေတ်တွင်တော့ ချစ်သူများနေ့သည် ထူးထူးခြားခြား အရောင်းမြှင့်တင်စရာအဖြစ် ပိုလို့ပင် ထင်ရှားလာသည် နိုင်ငံတကာချစ်သူများ သိသိသာသာ အလေးထားနေကြသည့် နေ့တစ်နေ့အဖြစ် ထင်ရှားလာသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်တော့ လွန်ခဲ့သော (၁၀)နှစ်ခန့်အထိ လူငယ်များစွာထုကြားတွင် သိပ်မထင်ပေါ်သေးပါ။

ယနေ့ကာလတွင်တော့ ချစ်သူများနေ့သည် မြန်မာပြည်သားများစွာအတွက် အလွန်ရင်းနှီးကျွမ်းဝင်လာခဲ့ချေပြီ။ မြန်မာ့မီဒီယာများ၊ မြန်မာ့ဈေးကွက်တွင် ချစ်သူများနေ့သည် တဟုန်ထိုးရေပန်းစားလာလွန်းသဖြင့် အရောင်းမြှင့်တင်ပွဲကလေးများ၊ ရေးသားတင်ပြမှုများကိုပင် အာဏာရှင်စစ်အစိုးရက ပိတ်ပင်တားမြစ်ခြင်းများ၊ ဖမ်းဆီးချုပ် နှောင်မှုများပြုလုပ်ခဲ့သည်။ ချစ်မေတ္တာကို ပိတ်ပင်တားဆီးသည့် မင်းဆိုးကြောင့် စတင်ဖြစ်ပေါ်လာသော (Valentine's Day) အထိမ်းအမှတ်နေ့ကလေးသည် မြန်မာပြည်မှာလည်း မင်းဆိုး၏ တားမြစ်ခြင်းခံရပြန်ပြီဟုဆိုနိုင်ပါသည်။

မြန်မာနိုင်ငံပြင်ပက ချစ်သူတွေက နိုင်ငံတွင်း၊ နိုင်ငံပြင် အဝေးချစ် ချစ်ရသူတွေအတွက်တော့ ဤနေ့ကိုအလွမ်းစိတ်ကလေးများဖြင့် ဖြတ်သန်းရသည်မှာ သေချာပါသည်။ ဤနေ့ကလေးတွင် နိုင်ငံတကာချစ်သူများနွေးထွေးဆုံဆည်း ချစ်ရည်လူးနိုင်သည့် နေ့တစ်နေ့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ချစ်သောသူတို့ ကွေကွင်းနေဆဲ မြန်မာနိုင်ငံတွင်မဆုံသေးသည့် ချစ်သူတို့ မည်မျှရှိမည် မှန်းဆရဲနိုင်စရာမရှိ။ ဇာတိမြေနဲ့အဝေး၊အိုးအိမ်နဲ့အဝေး မြန်မာအလုပ်သမား (၂) သန်းကျော်ဟာ ထိုင်းနိုင်ငံမှာရှိနေသည်။ အဝေးရောက်ဒုက္ခသည်များကလည်း သိန်းဂဏာန်းများစွာရှိသည်။ နိုင်ငံတကာတွင်လည်း ကျောင်းသားများ အလုပ်သမားများသိန်းချီရှိနေသည်။ နိုင်ငံရေးအတွက် စီးပွားရေးအတွက်၊ ပညာရေးအတွက် အကြောင်းမျိုးစုံဖြင့် ပြည်ပရောက် မြန်မာထုမှာ အခြားနိုင်ငံတကာပြည်ပရောက်များ၏ အရေအတွက် အချိုးနှင့်ယှဉ်လျှင် ထိပ်ဆုံးတန်းတွင် ရှိနိုင်သည်။ ချစ်သောသူနှင့်ဝေးကွာနေရသူများစာရင်းတွင် မြန်မာပြည်သားအရေအတွက်က အလွန်အမင်း များပြားဖွယ်ရှိသည်။ ထိုင်းနိုင်ငံတွင် သန်းချီသည့် ရွှေ့ပြောင်းလုပ်သားများ၊ နိုင်ငံတကာရောက် ကျောင်းသားများ၊ အလုပ်သမားများ၊ နိုင်ငံရေးယုံကြည်ချက်ကြောင့်၊ စီးပွားရေးကြောင့်၊ ပညာရေးကြောင့် မြန်မာပြည် မပြန်နိုင်သေးသူများတွင် ချစ်သူများနေ့၌ ချစ်သူနှင့်ဝေးနေရသူများ၊ မြန်မာနိုင်ငံသားများ ချစ်သောသူနှင့် ဆက်လက်ကွေကွင်းနေကြရခြင်းများကို မြင်ရကြားရသည့်အခါ စိတ်မကောင်းပါဘူး အလွမ်းချင်း ကိုယ်ချင်းစာမိတယ်...။

“ သူနဲ့ဝေးနေတဲ့ ကာလအတွင်းမှာ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့ ”

“ ပြီးခဲ့တဲ့ ချစ်သူများနေ့တွေမှာ သူများစုံတွဲတွေ ပျော်နေတာမြင်တဲ့အခါ ၀မ်းသာပေမယ့် ကိုယ့်အတွက်တော့ တွေးမိရင်တော့ ၀မ်းနည်းမိတယ်”

“ ကျနော်ကံကောင်းချင်တယ်ဗျာ... စားဝတ်နေရေးအခက်အခဲကြောင့် ကျနော်တို့ တွေဝေးခဲ့ကြတယ် အခုတော့ ဝေးပြီးရင်းဆက်ဝေးနေရအုံးမယ် ကံကောင်းပါရစေဗျာ...”

“ ကျနော်လည်း နောက်တစ်နှစ်ခွဲလောက် ကျောင်းဆက်တက်ရင်း သူနဲ့ ဆက်ဝေးနေရဦးမယ်”

တကယ်တော့ အချစ်ဆိုတာ နှစ်တွေဘယ်လောက်ဘဲကြာကြာရေမြေဘယ်လောက်ခြားခြား ခံစားမှုက ဆန်းသစ်နေမြဲပါ။

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ချစ်သူတွေ ကွေကွင်းခြင်းဒုက္ခတွေကင်းဝေးပြီး ပျော်ရွှင်နိုင်ကြပါစေ ... ...။

ပြည့်စုံ

ကိုးကား .....
- ချစ်သူများနေ့နှင့် ဝေးနေသေးတဲ့ချစ်သူတွေ (သန်းဝင်းထွဋ်)

7 comments:

လင်းလက်ကြယ်စင် said...

ဝေးးး ကြွားလိုက်ဦးမယ် မဝေးဘူးကွ :P အကိုလည်း အကိုချစ်တဲ့သူနှင့် တစ်သက်လုံးပျော်ရွှင်ပါစေနော် :)

လင်းလက်ကြယ်စင် said...

ဆောရီးအကို စာဖတ်တာလောသွားလို့ ရေးတာမြန်သွားတယ်။ ပထမကွန်မန့်ကိုဖျက်ပစ်လိုက်ချင်လဲရတယ်။ သေချာပြန်ဖတ်ပြီးမှ စိတ်မကောင်းဖြစ်သွားတယ်။ အဝေးရောက်နေတဲ့ ချစ်သူတွေအားလုံး အမြန်ပြန်ဆုံကြပြီး ထာဝရထိ ပျော်ရွှင်စွာ ချစ်ခင်နိုင်ကြပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

Kaung Kin Ko said...

ကလောဒီးယပ်စ် တော်တော်ဆိုးတာပဲ။ စစ်ထက် အချစ်က အရေးကြီးတာကို ဒင်းမသိဘူး။ ဟီးဟီး :D

Pinkgold said...

အွန်လိုင်းမှာ ကျင်းပ လိုက်ပေါ့ဟာ
ဘာခက်တာ မှတ်လို့

Anonymous said...

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်လေ.. ကိုပြည့်စုံပေးတဲ့ ဆုနဲ့ပြည့်ရပါလို၏...

Anonymous said...

တော်၂ စုံ၂ လင်၂ မျှဝေပေးတာ ကျေးဇူး..။ ဝေးနေတဲ့ ချစ်သူတွေ အမြန် ဆုံစည်းနိုင်ပါစေ..။

s0wha1 said...

ငါ့သီမ လင်းလက် တော်တော် ပျော်နေပုံ ရတယ်... ၀မ်းသာပါတယ်။။။ အမကတော့ မပျော်နိုင်ဘူး... မပျော်ရတဲ့အပြင် ဒေါသတောင် ထွက်ရသေး... ဒီနေ့ ကံမကောင်းပါ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub