April 01, 2009

ရွေ့လျားတန်းဖိုး

Unknown | 10:07 PM |
တရွေ့ရွေ့နဲ့ ထွက်ခွာသွားတဲ့
နူပျိုမှုတွေကို
တဖြည်းဖြည်းချင်းကပ်လာတဲ့
အိုမင်းမှုတွေက
နှုတ်မဆက်အားဘူး
အချိန်နောက်ကျခြင်းနဲ့ စောသွားခြင်းရဲ့ကြားမှာ
တိကျမှုတော့ရှိရမယ်….။

လုပ်ပြီးခဲ့သမျှတွေထဲက
နောင်တတွေကိုနံပါတ်တတ်
တစ်ရာမှ မပြည့်သေးတာပဲ…။

မတရားဈေးနဲ့ ရထားတဲ့လွတ်လပ်မှုတွေက
နောင်တချိန် အဖိုးတန်ကောင်းပါရဲ့…
ဥတုသုံးလီကို
ကိုယ်၊ စိတ်၊ နှလုံး သုံးပါးနဲ့
(÷) စားကြည့်တဲ့အခါ အရသာမရှိတဲ့ သုညလိုအကောင်ဟာ
ဘယ်သူရှိအုံးမလဲ…။

အဲဒါနဲ့ပဲ…
ကျနော့်အစ်ကိုပြောတဲ့ အေးစက်နေတဲ့ အညံ့စားကော်ဖီတစ်ခွက်ကို
သောက်ချလိုက်တယ်…။



မှတ်ချက်။ ။ ကိုချိုတူးရဲ့ အညံ့စားကော်ဖီ

နေနေ(နို့ဖိုး-စခန်း)

Continue reading ...

March 19, 2009

အောင်မြင်မှု လမ်းကြောင်းပေါ်မှ မြန်မာလူငယ်တစ်ဦး

Unknown | 11:25 PM |

အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ် ဖို့ဝက်မြို့ အာလင်တန်ဟိုက်စ် အထက်တန်းကျောင်းဟာ ထူးချွန်တဲ့အားကစားသမား မွေးထုတ်ပေးရာမှာ အစဉ်အလာရှိတဲ့ကျောင်းဖြစ်တယ်။ အခုလည်းပဲ ကျနော်တို့မြန်မာနိုင်ငံမှ ဒုက္ခသည်အဖြစ် ရောက်ရှိလာတဲ့ မြန်မာလူငယ်တစ်ဦးကို ဘောလုံးအားကစားသမား ကောင်းအဖြစ်မွေးထုတ်ပေးခဲ့ပြန်ပါတယ်။


သူ့နာမည်က မင်းကိုအောင်ဖြစ်ပါတယ်။ သူဟာ မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှ မွေးဖွားလာသူတစ်ဦးဖြစ်ပါတယ်။ သူဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်+မအေးအေးအောင်တို့၏ ဒုတိယသားဖြစ်တယ်။ ကိုမင်းကိုအောင်ဟာ မြန်မာနိုင်ငံမှာနေစဉ်ကတည်းက ဘောလုံးကိုအရူးအမူးစွဲလမ်းခဲ့သူဖြစ်တယ်။ မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ ဖခင်ဖြစ်သူနှင့်ရှောင်တိမ်းလာစဉ် သူဟာ အသက် (၁၅)နှစ်ပဲရှိသေးတယ်။ မိခင်နှင့် အစ်ကိုတစ်ယောက် ညီတစ်ယောက်ကို ခွဲခွာလာတာ အခုအချိန်ထိပြန်မတွေ့ရသေးပါဘူး။ သူဟာ အာလင်တန် ဟိုက်စ် အထက်တန်းကျောင်းကို စတက်ကတည်းက ဘောလုံးကိုဘဲ ကစားခဲ့တာအခုဆိုရင် စီနီယာအထက်တန်းအသင်းမှာ အားထားရတဲ့ရှေ့တန်း တိုက်စစ်မှူးတစ်ယောက်အဖြစ်ကစားနေသူဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာရောက် မြန်မာလူငယ်များအားကျအတုယူနိုင်ရန်အတွက် ဒီပို့စ်ကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အပြည့်အစုံဖတ်ရှုနိုင်ရန် နေ့စဉ်ထုတ် အမေရိကန် Star-Telegram သတင်းစာမှာပါတဲ့ သတင်းဆောင်းပါးကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
Continue reading ...

March 05, 2009

ရိုင်ဖယ်သေနတ်နှင့် ဆရာဝန်

Unknown | 10:20 PM |
(၁)
မြေ၀သုန်သည် ဂုဏ်ပြုအပ်သည့် ဧည့်သည်တယောက်အား ဆီးကြို၍ ထွေးပွေ့ထားခဲ့သည်မှာ ကြာပြီ။ သူကျ ဆုံးခဲ့သည့် ၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှ။ နှစ်ပေါင်း (၄၀) ရှိလေပြီ။ သူကား ဆရာဝန်တဦး။ သို့သော် သူကား မောင်းပြန်ရိုင်ဖယ် သေနတ်ကိုသာ ကိုင်၏။

လူတယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်” သူပြောခဲ့သည့် စကားဖြစ်၏။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့က ကျူးဘားနိုင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်းဖြစ်၏။


(၂)
၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီဟူသည်အား အတည်ပြုနိုင်သည်က အောက်တိုဘာလ (၁၅) ရက်နေ့မှဖြစ်သည်။ ကျူးဘားသမ္မတ ရဲဘော်ကြီး ဖီဒယ် ကက်စထရိုမှ အတည်ပြု ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းမှ ဖြတ်၍ယူလာခဲ့သည့် လက်မောင်းရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အားကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည်ပြုခဲ့ရခြင်းဖြစ်သည်။ သူ၏ အလောင်းကိုမူ မတွေ့ခဲ့ကြ ရ။ နှစ်ပေါင်း (၃၀) အထိ ပျောက်ဆုံးနေခဲ့၏။ ၁၉၉၇ ခုနှစ် ဇူလိုင်လ (၁၂) ရက်တွင်မှပင် သူ၏ ရုပ်အလောင်း အား မြေ၀သုန်အတွင်းမှ ပြန်လည် တူးဖော်ရရှိတော့၏။

ဘိုးလီးဗီးယားနိုင်ငံ “ဗယ်ရီဂရန်ဒေသ” လေယာဉ်ကွင်းငယ်လေး အနီးမှ ဖြစ်သည်။ ကျင်းငယ်အတွင်း၌ ရုပ်အ လောင်း အရိုးစု (၇)စုအား တွေ့ရ၏။ အရိုးစု အမှတ် (၂)က လက်မောင်းရင်းမှနေ၍ လွှနှင့် တိုက်ဖြတ်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံး မရှိ။ ဒီအင်အေစစ်ဆေးမှုပြု၍အတည်ပြုနိုင်ခဲ့၏။သူ...။

သူကား နှစ်ပေါင်း (၃၀) ကြာမှပင် ကျူးဘားနိုင်ငံ “ဆန်တာကလာရာမြို့” ရှိ သူ၏ ဂူဗိမာန်အတွင်း ကိုယ်အင်္ဂါ စုံလင်စွာနှင့် လဲလျောင်းရတော့၏။

(၃)
သူနှင့် ပတ်သက်၍ သူ့ဝန်းကျင်၏ မှတ်ချက်အမြင်များမှ သူ့အား တွေ့ရမည်။ ပြင်သစ်အတွေးအခေါ် ပညာရှင် “ယန်ပေါဆတ်” က သူ့အား “ကျနော်တို့ခေတ်ရဲ့ အပြီးအပြည့်အစုံဆုံး လူသား” ဟူ၍ မှတ်ချက်ပေး၏။ အမေရိ ကန်နိုင်ငံ မေရီလင်းအင်စတီကျူက သူ့အား “ကမ္ဘာပေါ်တွင် နာမည် အကျော်ကြားဆုံး ၂၀-ရာစု ၏ သင်္ကေတတခု” ဟု သတ်မှတ်၏။ သူ၏ ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုကမူ သူ့အား “သူဟာ သူ့ရဲ့ အ ကျင့်စာရိတ္တ၊ သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှုတွေကို ထားရစ်ခဲ့တာဖြစ်တယ်။ တခွန်းတည်း အတိုချုပ် ပြောရမယ်ဆိုရင်သူ့ရဲ့စံနမူနာတွေကိုကျနော်တို့အတွက်ထားခဲ့တာဖြစ်တယ်”

(၄)
သူ့အား အားဂျင်တီးနားနိုင်ငံ၏ မြို့တော် “ဗွေနိုဇာရီမြို့” မှ မိုင် ၁၀၀ ကျော်ဝေးသည့် “ရိုစာရီယိုမြို့” တွင် မွေးဖွားခဲ့၏။ “ရိုစာရီယိုမြို့” က “ပါရာနာ” မြစ်၏ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသည့်မြို့ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲ အေးခဲ၍ နေသည်။

သူကား ၁၉၂၈ ခုနှစ် ဇွန် (၁၄) ရက်နေ့ဖွားဖြစ်သည်။ မောင်နှမ (၅) ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဖခင် အာနက်စ်စတို ဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာ တဦးဖြစ်ပြီး မိခင်က စီလီယာ ဆာနာဖြစ်၏။ သူကား ငယ် စဉ်က ချူချာ၏။ ပန်းနာရင်ကြပ်သည်တဦး။ အေးလျှင် ပန်းနာဝေဒနာက ထပြီ။ ပန်းနာရင်ကြပ်ရောဂါ ရှိပေမယ့် သူကား အားကစားဖက်တွင်လည်း ထူးချွန်ခဲ့၏။ “ရဂ္ဂဘီပွဲ” များတွင် ခပ်ကြမ်းကြမ်း ကစားတတ်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ် သင်ပေး၏။ စစ်တုရင် ကစားနည်း သင်ပေး၏။ သူသည် စစ်တုရင် ကစားရာတွင်လည်း ထူးချွန်သူတဦး ဖြစ်ခဲ့သလို သေနတ်ပစ်ရာတွင်လည်း…။

(၅)
သူက ငယ်စဉ်ကပင် စာအုပ်ပုံအကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ ဖခင်၏ ကိုယ်ပိုင် စာကြည့်ခန်းတွင် စာအုပ် ပေါင်း ၃၀၀၀ ကျော်ရှိ၏။ စာကြည့်တိုက်ငယ်လေး တခုပမာ။ “ဂျက်လန်ဒန်” ၊ ”“ဂျူးလဘန်း”၊ “ဆစ်ဂမန်ဖ ရိုက်”၊ “ဘာထရန်ရပ်ဆဲလ်” တို့အား ငယ်စဉ်ကပင် ဖတ်ခဲ့ရ၏။ သူက ကဗျာကိုလည်း အရူးအမူး စွဲလန်း၏။ “ပက်ဘလိုနီရူးဒါ” ၏ ကဗျာများအား အာဂုံဆောင် နိုင်သည်အထိ ဖတ်ခဲ့၏။ ဖခင်က လက်ဝဲ၀ါဒီ တဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ သူ လေ့လာခွင့်ရခဲ့၏။


(၆)
၁၉၄၇ ခုနှစ်တွင် သူ “ဗွေနိုဇာရီး” တက္ကသိုလ်တွင် ဆေးပညာ သင်ယူခဲ့သည်။ ထိုတက္ကသိုလ်မှပင် ဒေါက်တာ ဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ ခုနှစ်တွင် သူသည် ဆေးတက္ကသိုလ် တက်နေရင်း ခွင့်ယူ၍ သူငယ်ချင်းတဦးနှင့် အတူ မော် တော်ဆိုင်ကယ် တစီးနှင့် လက်တင်အမေရိကတိုက်တလွှား ခရီးနှင်၏။ ချီလီသို့ ရောက်၏။ ချီလီမှသည် ပီရူး၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ထိုမှ ဗင်နီးဇွဲလား...။

ဤခရီးစဉ်မှ သူသည် လက်တင်အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု၊ လူတန်းစား မညီမျှမှုများအား တွေ့ခဲ့ သည်။ ဤခရီးစဉ် အကြောင်းအား သူကိုယ်တိုင် စာပြန်ရေး၏။ “မော်တော်ဆိုင်ကယ် ဒိုင်ယာရီ” ဟူ၍ စာအုပ် အဖြစ် ထုတ်ဝေခဲ့၏။ စရေးသည်မှာ စပိန်ဘာသာနှင့် ဖြစ်သည်။ နောက်ပိုင်းတွင်မူ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုစာအုပ်အားမှီး၍ ရုပ်ရှင် ပြန်ရိုက်၏။

(၇)
၁၉၅၃ ခုနှစ်တွင် အာဂျင်းတီးနား အစိုးရက ဆရာဝန်များအား အတင်းအကျပ် အမှုထမ်းခိုင်း၏။ သူက လူတ ယောက်ချင်း ခံစားနေရသည့် ဝေဒနာအား မကုသချင်။ ဤတွင် သူသည် အာဂျင်းတီးနားမှ တိမ်းရှောင် ထွက်ခဲ့တော့၏။ ပီးရူး၊ အီကွေဒေါ၊ ပနားမား၊ ကော်စတာရီကာ၊ နီကာရာဂွား၊ ဟွန်ဒူးရပ်စ်၊ အဲလ်ဘာလဗာဒို၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ ရောက်၏။ မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့် တွေ့၏။ ပေါင်းမိ၏။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား“၂၆J”ရဲဘော်များဟုခေါ်ကြသည်။

ဖီဒယ်ကက်စထရိုတို့၏ “၂၆ J” ရဲဘော်များက ကျူးဘား အာဏာရှင် “ဖူလ်ဂျင်စီယို ဘာတစ္စတာ” အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ။ မက္ကဆီကိုတွင်ပင် “၂၆ J” ရဲဘော်များနှင့်အတူ သူ စစ်သင်တန်းတက်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှူးကြီးဟောင်းတဦး။ သင်တန်းမှူး ဗိုလ်မှူးကြီးဟောင်း “အယ်ဘာတိုဘေးယို”က မှတ်ချက်ပြု၏။ “သူသည် သင်တန်းသားများအား လုံးအနက် အထူးချွန်ဆုံးဖြစ်သည်” ဟူ၍။



(၈)
၁၉၅၆ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် “၂၆ J” ရဲဘော်များနှင့်အတူ သူသည် ကျူးဘားနိုင်ငံသို့ ၀င်ခဲ့ကြ၏။ Gramma အမည်ရှိ မော်တော်ငယ် တစီးနှင့်။ မိုင် ၁၃၀ ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ကြ၏။ ရဲဘော်ရှစ် ကျိပ်နှင့် တယောက်။ ဓားကောက်သဏ္ဍာန် ကျူးဘားကျွန်းပေါ်သို့ ရောက်၏။ မကြာ ကျူးဘားအာဏာရှင် တပ်များနှင့် တိုက်ပွဲများ ဖြစ်သည်။ တိုက်ပွဲအဖြေက မကောင်း။ သူတို့ဘက်မှ ရဲဘော် (၆၉) ယောက် ကျဆုံး ကုန်၏။ သူ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော်(၁၂)ယောက်သာ ကျန်တော့၏။ အငတ်ငတ် အပြတ်ပြတ်။ ကြံခင်း များအတွင်း ပုန်းနေကြ၏။ ကြံများ စုတ်ရင်းသာ အာဟာရ ဖြည့်နေ ကြရသည်မှာ ရက်သတ္တပတ်ခန့် ကြာ၏။ ဤမှ သူတို့ အာဏာရှင်အား ပြန်တိုက်၏။ မောင်းပြန်ရိုင်ဖယ် (၁၂) လက်။လူ(၁၂)ယောက်နှင့်။

(၉)
ကျူးဘားနိုင်ငံ “ဆီအဲယားမေထရာ” တောင်တန်းများပေါ်မှာ သူတို့ လွတ်မြောက်နယ်မြေ တည်ဆောက်၏။ သူပုန်စခန်းဖွင့်၏။ အောင်မြေ။

သူသည် ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများ ဖွင့်၏။ စာသင်ကျောင်းများ တည်ထောင်၏။ ဤတွင် သူ သည် မောင်းပြန်ရိုင်ဖယ်အား လက်မှကိုင်ရင်း လူထုအား ဆေးကုသ၏။ လူတယောက်ချင်း၏ ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ ခံစားနေရသော ဝေဒနာကိုလည်း ကု၏။ လူထုမှ ထောက်ခံလာသည်။ တော်လှန်ရေးသည် မြင့်တက်၍ လာ၏။ ဒီလှိုင်းများသဖွယ် အားနှင့် မာန်နှင့်၊ အဆုံး၌ ကျူးဘား အာဏာရှင်အစိုးရ ကျဆုံးရ၏။

(၁၀)
ကျူးဘား တော်လှန်ရေးတွင် ကျူးဘားမဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယ သြဇာအာဏာ အရှိဆုံးပုဂ္ဂိုလ် ဖြစ်လာ၏။ ကျူးဘားနိုင်ငံ၏ ပြန်လည်ထူထောင်လုပ်ငန်းများတွင် အဓိက တာ ၀န်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတက်ရာတွင် သူသည် စီးပွားရေးရာအပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိုင်ငံသုံး ငွေစက္ကူပေါ်၌ သူ့လက်မှတ်ထိုးပေးရ၏။ ထိုစဉ်က GATT (ကုန်သွယ်ရေးနှင့် အခွန်အကောက်ဆိုင်ရာ အထွေထွေ သဘောတူညီချက်အဖွဲ့) အစည်းအဝေးပွဲများ သို့ သူတက်ရောက်ခဲ့ရသည်။ သံလွင်ရောင် စစ်ဝတ်စုံ၊ ပြောက်ကျား ယူနီဖောင်းနှင့်...။

(၁၁)
၁၉၆၂ ခုနှစ်ကား စစ်အေးတိုက်ပွဲ အရှိန်အမြင့်မားဆုံး ကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နျူက လီးယားစစ်ပွဲများ ဖြစ်လေမည်လား။ ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်၏။

(၁၂)
၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ် မတ်လအထိ သူသည် နိုင်ငံတကာ ခရီးစဉ်များသွား၍ သံခင်းတမန် ခင်းများအား ခင်းကျင်း၏။ ပြင်သစ်၊ အီဂျစ်၊ အယ်ဂျီရီယား၊ ဂါနာ၊ ဂီနီ၊ မာလီ၊ ဒါဟိုမီ၊ ကွန်ဂို၊ အိုင်ယာလန်နှင့် တရုတ်ပြည်သစ်နိုင်ငံများသို့။

ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန်ဖြစ်သည်။ သူက သဘောတရားအရတွင် “မော်” တို့နှင့် တူ၏။ ဤအတိုင်းပင် သူ့ခရီးစဉ်များအတွင်း ပြောဆိုဆွေးနွေး၏။ ကျူး ဘားခေါင်းဆောင်တဦး ပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ကြ၏။ ဤတွင် သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကို မနှစ်မြို့တော့။ သူတို့ ညီအစ်ကိုက “ခရူးရှော့”နှင့် နီးစပ်သူ။ သူခရီးစဉ်အပြီး “ဟားဗားနား” သို့ ပြန်ရောက်၏။ ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုနှင့် သူ၏ဆက်ဆံရေးက အေးအေးစက်စက်။ မကြာ သူ ကျူးဘားမှ ပျောက်သွားခဲ့တော့၏။ အားလုံးအားစွန့်လွှတ်၍...။

(၁၃)
အာဖရိကတိုက်ရှိ ကွန်ဂို-ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်း သူ သေနတ်ကိုင်၍ ရောက်သွား၏။ အာဖရိက တောနက်ကြီးအတွင်း ပြောက်ကျားစစ် ဆင်နေတော့၏။ ရာသီဥတုက ဆိုးသည်။ ထိုစဉ်က သူအသက်သည် (၃၈) နှစ်ခန့်ရှိပြီ။ ပန်းနာရင်ကျပ် ဝေဒနာက ပြန်ထ၍လာပြီ။ ဆိုးဆိုးဝါးဝါး။ မရတော့။ သူ အနားယူရသည်။ အ နားယူစဉ် ကာလအတွင်း “ကွန်ဂို ဒိုင်ယာရီ” အား ရေးခဲ့သည်။ သူ၏ တော်လှန်ရေးကာလ ကွန်ဂိုအတွေ့အကြုံများ။

(၁၄)
ထို့နောက် သူသည် ဘိုလီးဗီးယားအစိုးရအား တော်လှန်ရန် ဘိုလီဗီးယားသို့ ထွက်ခဲ့၏။ သူနှင့် ရဲဘော် (၁၇) ယောက်။ ဗီယက်နမ် ရဲဘော်များလည်း ပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ။ ၁၉၆၇ ခုနှစ် အောက်တိုဘာ (၇)ရက်နေ့တွင် သူနှင့် ရဲဘော်များ ဘိုလီးဗီးယားနိုင်ငံ ယူဂို(ချူရီ) တောင်ကြားအတွင်းသို့ ၀င် ခဲ့ကြ၏။ ရိုင်ဖယ် သေနတ်များနှင့်။

ချောင်းရိုးငယ်အား ဖြတ်ကြ၏။ ဤတွင် ၀ိုင်းဝန်းပစ်ခတ်မှုအား သူတို့ ရုတ်တရက် ခံလိုက်ကြရ၏။ သူ ဦးဆောင် သည့် ပြောက်ကျားများ ဘိုလီးဗီးယား စစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီ။ အကျအဆုံးက များသည်။ သူလည်း ထိ၏။ ဆုတ်၍ မရ။ တက်၍ မရ။ နောက်ဆုံး သူ ဘိုလီးဗီးယား စစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။

(၁၅)
၁၉၆၇ခုနှစ်အောက်တိုဘာလ(၉)ရက်နေ့။
ဘိုလီးဗီးယားနိုင်ငံ၏ မြို့တော်နှင့် ဝေးကွာလွန်းသည့် “ဗယ်လီဂရန်ဒေမြို့” လေယာဉ်ကွင်းငယ်၏ အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့် စစ်သုံ့ပန်းတဦးအား နောက်ပြန် လက်ထိပ်ခတ်၍ ထားသည်။ လက်ထိပ်ခတ် ခံထားရသည့် စစ်သုံ့ပန်းသည် ဘိုလီးဗီးယား စစ်သားများ၏ အရှေ့၌ မတ်မတ်ရပ်၍ နေသည်။ စစ်သားများက စစ်သုံ့ပန်းအား မောင်းပြန်ရိုင်ဖယ်သေနတ်များနှင့်ချိန်ထား၏။ စစ်သုံ့ပန်းက စစ်သားများအား သူ၏ စူးရှသော မျက်လုံးများနှင့် ကြည့်၏။

အမိန့်သံထွက်လာ၏။
ယမ်းပေါက်ကွဲသံများ ဆူညံ၍ သွားသည်။ ယမ်းညှော်နံ့တို့က လေယာဉ်ကွင်းအနီး မွှန်၍နေသည်။ စစ်သုံ့ပန်း သည် တဖြေးဖြေး ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ခန္ဓာကိုယ်အနှံ့မှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ဘို လီးဗီးယား စစ်သားများက သွေးအလူးလူးနှင့် လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့်တိုက်၍ ဖြတ်ကြ၏။ ထိုနောက် လေယာဉ်ကွင်း အနီးတွင်ပင် လက်မပါသော ခန္ဓာကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။

(၁၆)
မပုပ်မသိုးရန် ဆေးရည် စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယားအစိုးရမှ ကျူးဘားသမ္မတ ဖီဒယ်
ကက်စထရိုထံသို့ပို့လိုက်၏။
၁၉၆၇ခုနှစ်အောက်တိုဘာလ(၁၅)ရက်။
ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့် သိ၏။ သူနှင့် တော်လှန်ရေးများအတွင်း လက်တွဲခဲ့ သည့် လက်များ။ မလွဲနိုင်။သူ…။သူ…။
“အာနက်စ်တို ဂွေဗားရား ဒီလာဆနာ” သို့မဟုတ် “ချေ”။
ချေဟူသည်က…..စပိန်ဘာသာအရ“ရဲဘော်၊ရဲဘက်”ဟူ၍ဖြစ်သည်။
“မြေ၀သုန်ရေ ...
ဂုဏ်ပြုအပ်တဲ့
ဧည့်သည်တယောက်ကို
ဆီးကြိုပေတော့ ...”
(အော်ဒင်)

(ခေတ်ပြိုင် ဂျာနယ်မှ ရွှေအိမ်စည်၏ဆောင်းပါအား ကူးယူဖော်ပြသည်။)


Continue reading ...

February 15, 2009

ခွေးဆွဲသွားခြင်း

Unknown | 12:06 PM |
Continue reading ...

February 14, 2009

Valentine's Day နှင့် ကွေကွင်းနေရသော ချစ်သူတွေ

Unknown | 1:56 AM |


Valentine's Day အတွက်အမှတ်တရအနေနဲ့ ယခင်ဖတ်ပြီးသော သူငယ်ချင်းများလည်း ပြန်လည်ခံစားစေနိုင်ရန် မဖတ်ရသေးသော သူငယ်ချင်းများလည်း ခံစားနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်.....

အချစ်၏ ဒုက္ခသည် အခြားအားလုံးသော
ပျော်ရွှင်မှုများထက်၊ ပို၍ချိုသာပေသည်။
(ဂျွန်ခရိုင်းဒင်း)

ဗယ်လင်တိုင်းစ်ဒေး (Valentine's Day) ခေါ်ချစ်သူများနေ့အကြောင်း ပါးစပ်ရာဇ၀င်အမျိုးမျိုး ရှိခဲ့သော်လည်း အများစု ယုံကြည်သည်ကတော့ စိန့်ဗယ်လင်တိုင်းသည် ရောမအာဏာရှင် ကလောဒီယပ်စ်ခေတ်က ခရစ်ယာန် သင်းအုပ်တစ်ပါးဖြစ်သည်ဟု ဆိုသည်။ အာဏာရှင်ကို အာခံမှုဖြင့် ဖမ်းဆီးသတ်ဖြတ်ခံရသူဖြစ်သည်။ အေဒီ ၂၆၉ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်တွင် ကွယ်လွန်ခဲ့သည်ဆိုသည်။ အေဒီ(၄၉၆)တွင် ပုပ်ရဟန်းမင်း ဂယ်လက်ဆီးယပ်စ်က ဗယ်လင်တိုင်းကို ဂုဏ်ပြုရန် ဖေဖော်ဝါရီ (၁၄) ကိုသတ်မှတ်ခဲ့သည်ဆို၏။

ဤသို့သော် ဗယ်လင်တိုင်းစ်ဒေးတွင် ထူးခြားသည့်ရာဇ၀င်တစ်ခုခုတော့ရှိနေသည်။ နိုင်ငံတကာ ချစ်သူများကလည်း ကြိုဆိုသည်။ တဖြည်းဖြည်းနှင့် ဖေဖော်ဝါရီ (၁၄)သည် ချစ်သ၀ဏ်လွှာတို့ အပြန်အလှန်မှတ်မှတ်ရရပေးပို့စရာ နေ့တစ်နေ့အဖြစ်ထင်ရှားလာသည်။ ကဗျာလေးတွေပို့ကြ စုဆုံကြသည်။ ဆုတောင်းကြသည်။ ချိန်းဆိုကြသည်။ တိုင်တယ်ကြသည်။ ပြီးတော့ ချစ်ကြသည်။

တကယ်တမ်း ရှေးယခင်ရောမခေတ်တုန်းကတော့ ဖေဖော်ဝါရီ (၁၄) သည် နတ်ဘုရားမ ဂျူနိုကို ဂုဏ်ပြုရသည့်နေ့ဖြစ်သည်။ ဂျူနိုသည် နတ်၊ နတ်သမီးတို့အားလုံး၏ အရှင်မဟု ရှေးခေတ်ရောမတို့ယုံသည်။ ဗယ်လင်တိုင်း၏ ရာဇ၀င်သည် ရောမအာဏာရှင် ကလောဒီးယပ်စ်(၂)လက်ထက် နိုင့်ထက်စီးနင်းအုပ်ချုပ်မှုများနှင့်အတူ စဖြစ်ပေါ်ခဲ့သည်။ ရောမသားတို့သည် မင်းဆိုးလက်ထက်တွင်မပျော်ပိုက်ကြ။ ရောမမင်းဆိုး ကလောဒီးယပ်စ်ကို သူတို့မနှစ်မြို့ကြ။ ကလောဒီးယပ်စ်ကတော့ စစ်တပ်အင်အားကို အကြီးအကျယ်ချဲ့ထွင်ချင် သည်။ ယောက်ျားတိုင်းကို စစ်ထဲဝင်စေချင်သည်။ ရောမသားလူငယ်တို့က စစ်မတိုက်ချင်ကြ။ မိသားစုက မခွဲချင်ကြ။ ချစ်သူကို မထားခဲ့ချင်ကြ။ ဒါကိုပဲ ကလောဒီးယပ်စ်က ဒေါသထွက်သည်။ သူ့တွက်ကိန်းက လက်ထပ်မင်္ဂလာပွဲများမရှိလျှင် ဒီကောင်တွေ စစ်ထဲဝင်နိုင်လာလိမ့်မည်။ ထို့ကြောင့် လက်ထပ်ပွဲများခွင့်မပြုတော့ကြောင်း အမိန့်ထုတ်သည်။

လူငယ်များကတော့ အမိန့်သစ်သည် ရက်စက်သည်၊ တရားလွန်သည်ဟုထင်သည်။ မလိုက်နာနိုင်ကြ။ ရောမ၌ သင်းအုပ်ဆရာဖြစ်သည့် ဗယ်လင်တိုင်းသည် ကလောဒီးယပ်စ်၏ အမိန့်အာဏာကို အာခံခဲ့သည်။ သူနှင့် စိန့်မာရီယပ်စ်တို့က ချစ်သူလူငယ်စုံတွဲတို့ကို လျို့ဝှက် စွာ လက်ထပ်ပေးသည်။ ထို့ကြောင့် ဗယ်လင်တိုင်းသည် ရောမမြို့သား အားလုံးရှေ့တွင် ဖမ်းဆီးဒရွတ်ဆွဲခေါ်ယူခံရသည်။ မသေမချင်း ခေါင်းကို တင်းပုတ်ဖြင့် ထုသတ်ခံရသည်။ ဖေဖော်ဝါရီ (၁၄)ရက်မှာ သူသည် အာဇာနည်အဖြစ် သေဆုံးခဲ့သည်ဟု သမိုင်းချန်နယ်က ရှင်းပြသည်။

ထိုမှစကာ သည်နေ့ရောက်တိုင်း ဗယ်လင်တိုင်း၏ ကျေးဇူးတော်ကို တသချီးကျူးကြသည်။ ချစ်ခြင်းမေတ္တာကိုလေးနက်စာဖွဲ့ကြသည်။ ဤအလေ့အထကလေး ပိုထွန်းကားလာသည်။ အလယ်ခေတ်ရောက်တွင်တော့ ဗယ်လင်တိုင်းနေ့ မနက်တွေ့ဆုံရသော လုလင်ပျိုသည် အပျိုမကလေး၏ ဖူးစာရှင်ဖြစ်သည်ဟူသော ယုံကြည်မှုများပင်ရှိလာခဲ့သည်။

(၁၇) ရာစုအရောက်လောက်တွင်တော့ အိမ်ထောင်ရှင်များပင်လျှင် ဗယ်လင်တိုင်းနေ့ကို ပါဝင်ဆင်နွှဲလာကြတော့သည်။ ဗယ်လင်တိုင်းနေ့တွင် ပို့သည့်ပန်းပွင့်ကလေးများ၊ စာသ၀ဏ်လွှာကလေးများဖြင့် သည်လင် သည်မယားတို့၏ ချစ်မေတ္တာကိုအသစ်တဖန် လန်းဆန်းလာစေကြသည်။ အိုအောင်မင်းအောင်နှစ်ကိုယ့်တစ်စိတ်ဘ၀ကို ဗယ်လင်တိုင်းနေ့တွင် ထပ်မံသစ္စာတိုင်ကြလေးနက်ကြစေပြန်သည်။

(၁၉) ရာစု အရောက် ဂူတင်ဘတ်တို့ ပုံနှိပ်စက်များ ထွန်းကားလာချိန်နောက်ပိုင်းတွင် ပုံနှိပ်ဖော်ပြသည့် ဗယ်လင်တိုင်း ကတ်ကလေးများက ဥရောပတခွင် ပလူပျံလာတော့သည်။ ဥရောပတိုက်အနှံ့က စတိုက်ဌာနများတွင် ချစ်မေတ္တာသင်္ကေတများကို သယ်ဆောင်လာသည့် ကတ်ပြားငယ်များ သိန်းသန်းချီကာ ပြည့်နှက်လာတော့သည်။

“ကမ္ဘာ့ရွာ” ကုန်သွယ်စီးပွားခေတ်တွင်တော့ ချစ်သူများနေ့သည် ထူးထူးခြားခြား အရောင်းမြှင့်တင်စရာအဖြစ် ပိုလို့ပင် ထင်ရှားလာသည် နိုင်ငံတကာချစ်သူများ သိသိသာသာ အလေးထားနေကြသည့် နေ့တစ်နေ့အဖြစ် ထင်ရှားလာသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်တော့ လွန်ခဲ့သော (၁၀)နှစ်ခန့်အထိ လူငယ်များစွာထုကြားတွင် သိပ်မထင်ပေါ်သေးပါ။

ယနေ့ကာလတွင်တော့ ချစ်သူများနေ့သည် မြန်မာပြည်သားများစွာအတွက် အလွန်ရင်းနှီးကျွမ်းဝင်လာခဲ့ချေပြီ။ မြန်မာ့မီဒီယာများ၊ မြန်မာ့ဈေးကွက်တွင် ချစ်သူများနေ့သည် တဟုန်ထိုးရေပန်းစားလာလွန်းသဖြင့် အရောင်းမြှင့်တင်ပွဲကလေးများ၊ ရေးသားတင်ပြမှုများကိုပင် အာဏာရှင်စစ်အစိုးရက ပိတ်ပင်တားမြစ်ခြင်းများ၊ ဖမ်းဆီးချုပ် နှောင်မှုများပြုလုပ်ခဲ့သည်။ ချစ်မေတ္တာကို ပိတ်ပင်တားဆီးသည့် မင်းဆိုးကြောင့် စတင်ဖြစ်ပေါ်လာသော (Valentine's Day) အထိမ်းအမှတ်နေ့ကလေးသည် မြန်မာပြည်မှာလည်း မင်းဆိုး၏ တားမြစ်ခြင်းခံရပြန်ပြီဟုဆိုနိုင်ပါသည်။

မြန်မာနိုင်ငံပြင်ပက ချစ်သူတွေက နိုင်ငံတွင်း၊ နိုင်ငံပြင် အဝေးချစ် ချစ်ရသူတွေအတွက်တော့ ဤနေ့ကိုအလွမ်းစိတ်ကလေးများဖြင့် ဖြတ်သန်းရသည်မှာ သေချာပါသည်။ ဤနေ့ကလေးတွင် နိုင်ငံတကာချစ်သူများနွေးထွေးဆုံဆည်း ချစ်ရည်လူးနိုင်သည့် နေ့တစ်နေ့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ချစ်သောသူတို့ ကွေကွင်းနေဆဲ မြန်မာနိုင်ငံတွင်မဆုံသေးသည့် ချစ်သူတို့ မည်မျှရှိမည် မှန်းဆရဲနိုင်စရာမရှိ။ ဇာတိမြေနဲ့အဝေး၊အိုးအိမ်နဲ့အဝေး မြန်မာအလုပ်သမား (၂) သန်းကျော်ဟာ ထိုင်းနိုင်ငံမှာရှိနေသည်။ အဝေးရောက်ဒုက္ခသည်များကလည်း သိန်းဂဏာန်းများစွာရှိသည်။ နိုင်ငံတကာတွင်လည်း ကျောင်းသားများ အလုပ်သမားများသိန်းချီရှိနေသည်။ နိုင်ငံရေးအတွက် စီးပွားရေးအတွက်၊ ပညာရေးအတွက် အကြောင်းမျိုးစုံဖြင့် ပြည်ပရောက် မြန်မာထုမှာ အခြားနိုင်ငံတကာပြည်ပရောက်များ၏ အရေအတွက် အချိုးနှင့်ယှဉ်လျှင် ထိပ်ဆုံးတန်းတွင် ရှိနိုင်သည်။ ချစ်သောသူနှင့်ဝေးကွာနေရသူများစာရင်းတွင် မြန်မာပြည်သားအရေအတွက်က အလွန်အမင်း များပြားဖွယ်ရှိသည်။ ထိုင်းနိုင်ငံတွင် သန်းချီသည့် ရွှေ့ပြောင်းလုပ်သားများ၊ နိုင်ငံတကာရောက် ကျောင်းသားများ၊ အလုပ်သမားများ၊ နိုင်ငံရေးယုံကြည်ချက်ကြောင့်၊ စီးပွားရေးကြောင့်၊ ပညာရေးကြောင့် မြန်မာပြည် မပြန်နိုင်သေးသူများတွင် ချစ်သူများနေ့၌ ချစ်သူနှင့်ဝေးနေရသူများ၊ မြန်မာနိုင်ငံသားများ ချစ်သောသူနှင့် ဆက်လက်ကွေကွင်းနေကြရခြင်းများကို မြင်ရကြားရသည့်အခါ စိတ်မကောင်းပါဘူး အလွမ်းချင်း ကိုယ်ချင်းစာမိတယ်...။

“ သူနဲ့ဝေးနေတဲ့ ကာလအတွင်းမှာ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့ ”

“ ပြီးခဲ့တဲ့ ချစ်သူများနေ့တွေမှာ သူများစုံတွဲတွေ ပျော်နေတာမြင်တဲ့အခါ ၀မ်းသာပေမယ့် ကိုယ့်အတွက်တော့ တွေးမိရင်တော့ ၀မ်းနည်းမိတယ်”

“ ကျနော်ကံကောင်းချင်တယ်ဗျာ... စားဝတ်နေရေးအခက်အခဲကြောင့် ကျနော်တို့ တွေဝေးခဲ့ကြတယ် အခုတော့ ဝေးပြီးရင်းဆက်ဝေးနေရအုံးမယ် ကံကောင်းပါရစေဗျာ...”

“ ကျနော်လည်း နောက်တစ်နှစ်ခွဲလောက် ကျောင်းဆက်တက်ရင်း သူနဲ့ ဆက်ဝေးနေရဦးမယ်”

တကယ်တော့ အချစ်ဆိုတာ နှစ်တွေဘယ်လောက်ဘဲကြာကြာရေမြေဘယ်လောက်ခြားခြား ခံစားမှုက ဆန်းသစ်နေမြဲပါ။

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ချစ်သူတွေ ကွေကွင်းခြင်းဒုက္ခတွေကင်းဝေးပြီး ပျော်ရွှင်နိုင်ကြပါစေ ... ...။

ပြည့်စုံ

ကိုးကား .....
- ချစ်သူများနေ့နှင့် ဝေးနေသေးတဲ့ချစ်သူတွေ (သန်းဝင်းထွဋ်)
Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub