February 29, 2008

ချယ်ရီမြို့

Unknown | 11:30 AM | |

ပိတောက်နဲ့ ချယ်ရီမဟုတ်ပေမဲ့
တယောက်တနယ်ဆီ
တစ်တောလုံး ဝေနေတာတောင်
ငါ့ရင်ထဲ တတောင်လုံးမှိုင်းလို့
မြူနှင်းတွေကြောင့်လား
ငွေနှင်းမှုန်တွေကြောင့်လား
ရာသီဥတုကြောင့်လား
သေချာပါတယ်….
ငါ အရမ်းသတိရနေတယ်
ချယ်ရီ……

ချယ်ရီ နင်ငိုနေတယ်
ချယ်ရီရယ် ငါစွန့်ခွာခဲ့တာမဟုတ်
အနာဂတ်အတွက် ငါ ခဏဝေးနေခဲ့ပါတာ
သေချာပါတယ်….
ဒီအချိန် မြက်ခင်းပြင်အပြည့် နင်ကြွေနေပြီ
ငါ သတိရတယ်
ကြွေနေတဲ့ နင့်ရင်ခွင်ထက်
ငါမှေးစက်ခဲ့ဘူးတယ်
ဂီတနဲ့ ဖြေသိမ့်မရ
သံစဉ်နဲ့ ဖော်ကျူးလို့မရ
ကဗျာနဲ့ပဲ ငါငိုကြွေးပါရစေ….။

ပြည့်စုံ

သည်ကဗျာသည် ကျနော်တခါမှမရောက်ဘူးသော လွမ်းမောဖွယ်ရာ မောရှမ်းပြည်ကို ချယ်ရီပန်းဖြင့် စိတ်ကူးပုံဖော်ထားပါသည်။ အဘယ့်ကြောင်ဆိုသော် ကျနော့်သူငယ်ချင်းဖြစ်သူ ZHC သူကအခုစင်္ကာပူမှာအလုပ်လုပ်နေသော သူငယ်ချင်းက သူအရမ်းသတိရတဲ့ မြန်မာပြည်အတွက် ကဗျာတပုဒ်စပ်ဆိုပေးပါဆိုလို့.. စပ်ဆိုပေးရတဲ့အတွက် အမှားအယွင်း အလွဲအချော် ဖြစ်ကောင်းဖြစ်လိမ့်မည် ဒါပေမယ့် ဖြည့်ပြီးခံစားပေးပါ…. ဘာဖြစ်လို့လည်းဆိုတော့ သူအရမ်းခံစားနေရတယ်… ချယ်ရီပင်နဲ့ဝေး… တောင်ပြာတန်းနဲ့ဝေး အားလုံးရဲ့အဝေးမှာ ……. သူ့လိုပဲ ဖြေသိမ့်မရ ဝေဒနာတွေအားလုံးမှာ ကိုယ်စီကိုယ်စီရှိကြမယ်ဆိုတာ… ကျနော်နားလည်ပါတယ်.. ကျနော်လည်းထို့အတူ ထပ်တူခံစားရတယ်…
စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများလည်း ခံစားရမယ်ဆိုရင် ကျနော်သိခွင့်ရှိမလား…. ထပ်တူလား….. သို့မဟုတ်… ထို့ထက်ပိုလား…. သို့မဟုတ် ……..
Continue reading ...

February 27, 2008

မဲဆောက်မှာ မိုးတွေရွာတုန်းက

Unknown | 7:52 AM | |

သက်ဆင်ရဲ့
အိမ်ပြန်ခရီးကိုကြိုဆိုခြင်းလား
ဖောက်ပြန်တဲ့ ရာသီဥတုကြောင့်လား
မုန်တိုင်းဝင်လို့လား
သင်္ကြန်အကြိုလား
တဒင်္ဂအေးချမ်းသွားတယ်
ရိုးတံကျဲကျဲနဲ့
ရွက်ကြွေကင်းစင်
ဟင်းလင်းပြင်ဖြစ်နေတဲ့
ပတ်ဝန်းကျင်ကတော့
နိုးထလာမယ့်နွေဦးနဲ့အတူ
ပုရစ်ဖူးသစ်တွေ
ဖူးပွင့်လို့ဝေဆာလာတော့မယ်။

အော်သံရိုင်းရိုင်း မုန်တိုင်းတွေ
တချိန်တည်းမှာ ဆင့်ပွားဆင့်ပွား
အချိန်အခါမဟုတ် ရွာသွန်း
ရွှေခေတ်ရောက်ပြီဆိုတဲ့
မြန်မာပြည်ကတော့
မီးခိုးမှိုင်းတွေနဲ့
နွေဦးကို ကြိုဆို
ပြောင်းလဲနေတဲ့ ရေစီးကြောင်းထဲ
လိုက်ပါနိုင်ခြင်းမရှိ
နစ်သထက်နစ်။

တစ်ဖက်က
ကုလားထိုင်ပေါ်မှာ
တစ်ဖက်ကတော့
အဓမ္မဆုံးဖြတ်ချက်တွေကြောင့်
ငတ်ပြတ်မှုတွေနဲ့
မြေပြင်ပေါ်ရပ်လို့
ကွန်စတီကျူးရှင်း
မှန်နေလား မှားနေလားမသိ
ပြည်သူတွေကတော့
တဂြီဂြီ မြည်နေတဲ့ အစာအိမ်
ချွတ်ယွင်းနေတဲ့ ကျန်းမာရေး
ရောဂါဗရပွနဲ့ ဆေးမရှိဘူး။

ခံစားနေရတာချင်း အတူတူ
ကောင်းကင်ကြီးကတော့
လွတ်လွတ်လပ်လပ် ရွာသွန်းနေလေရဲ့။

ပြည့်စုံ
Continue reading ...

February 24, 2008

နွေဦးအိပ်မက်

Unknown | 10:59 PM | |


ဝဿန်ကတော့ စုံးစုံးမြုပ်သွားပြီ
မြောက်ပြန်လေ သွေးတဲ့
မြူနှင်းမှုန်ပြပြ တစ တစနဲ့
ဝေနေရာက ပိပြားလာတယ်..
လတ်ဆတ်တဲ့ နွေဦးကတော့
စိမ်းလန်းခြင်းတွေယူဆောင်မလာခဲ့ပါ..။


တွန်သံချိုတဲ့ ရွှေသြကတော့
ရိုးတံပြိုင်းပြိုင်း ပင်အိုယံထက်
နွေအကြိုတေးကို
လွမ်းချင်းတွေနဲ့ သီကျူး
ဝေးနေလည်း မျှော်လင့်ရင်း
အကျည်းတန်စွာနဲ့
အထီးကျန်ရာသီကို ကြိုနေလေရဲ့...။

ကောသလမင်းရဲ့ နိမိတ်ပုံ
အိပ်မက်တွေကြောင့်လား....
သေခါနီး လူပြောခံရအောင် လုပ်နေတဲ့
အဖြစ်အပျက်တွေကြောင့်လား...
ပါးစပ်ပေါက်ကြီးထဲက ထွက်တဲ့
အသံမျိုးစုံကြောင့်လား...
ကာရန်မညီတဲ့ စွန်းထင်းမှုတွေနဲ့
အလွမ်းတွေ တစစီကြွေမွ
ကြယ်ရောင်နဲ့ဝေး
လရောင်နဲ့ ဝေး .... ..... ဝေးသွား
မှောင်ရီဝိုးတ၀ါးမှာ
နွေဦးအတွက် အိပ်မက်တွေရက်ရှည်ခဲ့ပေါ့....။


ပြည့်စုံ
Continue reading ...

February 22, 2008

ပန်းများမပွင့်သော နွေဦး

Unknown | 10:24 AM |
အလွမ်းဓါတ်ခံရှိသူတွေအတွက် နွေဦးဆိုကတည်းကကျနော်စိတ်ဝင်တစားနဲ့ကို ခံစားလိုက်ရတယ်.. ပန်းများမပွင့်ဘူးဆိုတော့ ပိုစိတ်ဝင်စားသွားတယ်.. ဘာကြောင့်လည်းပေါ့... ဆရာကျော်ဝင်းရဲ့ ဘာသာပြန်ဆောင်းပါးတပုဒ်ပါ။ မြို့လေးတမြို့ရဲ့အဖြစ်အပျက်လေးပါ။ မြို့ကလေးမှာ အမှန်တကယ်ရှိသေးသည်တော့မဟုတ်ပါ။ တချိန်တွင်ဖြစ်မလာဟု မပြောနိုင်ပေမယ့် ဖြစ်ကောင်းဖြစ်လာနိုင်သလို ဖြစ်သွားခဲ့ဘူးသည်ဟုလည်းပြောနိုင်ပါသည်။ အဲဒီမြို့လေးကတော့...

တရံရောအခါကအမေရိကန်ပြည်ထောင်စု၏ အသည်းနှလုံးနေရာတွင်မြို့လေးတစ်မြို့ ရှိခဲ့ဖူးသည်။ ထိုမြို့ပတ်ဝန်းကျင်တွင် မှီတင်းနေထိုင်ကြသူအပေါင်း၏ ဘ၀အထွေထွေမှာ မြို့ပတ်ဝန်းကျင် သဘာဝရေမြေတောတောင်နှင့် လိုက်လျောညီထွေရှိလှသည်။ စစ်တုရင်ကွက်များ သဖွယ်အသီးသီး အသန့်သန့်ရှိသော လယ်ယာကွက်များ၏ အလယ်တွင် ထိုဒေသလေးမှာ အေးအေးဆေးဆေးလဲလျောင်းနေသည်။ လယ်ကွင်းများအဆုံး တောင်ကုန်း မို့မို့လေးများပေါ်တွင်ပေါက်နေသောသစ်ပင်ကြီးထက်တွင်လည်း သစ်ခွရောင်စုံတို့ဖြင့် ပြိုးပြက် ၀င်းပ နေမြဲဖြစ်သည်။ ဟိုးအဝေးတောင်ကုန်းထပ်ဆီမှ မြေခွေးအူသံကို ကြားနေရဆဲမှာပင်၊ သမင်လေးများ၊ ချေ(ဂျီ)လေးများက လယ်ကွင်းပြင်ကို တိုးတိုးတိတ်တိတ်ဖြတ်နေကြသည်။ နံနက်ခင်းမြူခိုးငွေ့များကြားမှ မပီဝိုးတ၀ါးရှုခင်းမှာ သက်ငြိမ်ပန်းချီကားလေးတစ်ချပ်နှင့် တူနေသေးတော့သည်။
တောလမ်းလေး၏ နံဘေးဝဲယာကိုကြည့်လိုက်လျှင်လည်း ခြံစည်းရိုးပင်၊ ပုဏ္ဏားရိပ်ပင်၊ ဆောင်းရွက်ကြွေပင်နှင့် ရောင်စုံတောပန်းလေးများမှာ ဖြတ်သွားဖြတ်လာများ၏ ဟာဒယကိုညှို့ယူဖမ်းစားထားသည်သို့ရှိသည်။ ဤသို့သော မြင်ကွင်းမျိုးမှာ ဆယ့်နှစ်လရာသီပတ်လုံးမပြောင်း။ သစ်ပင်တွေအ၀တ်လဲတတ်သည့် ဆောင်းလယ်ကာလမျိုးမှာပင် အလှအပတို့က ပျက်ပြယ်မသွား။ ဤနေရာလေးသည်ပင် ရေကြည်ရာ မြက်နုရာရှာဖွေပျံသန်းလာကြသော ငှက်မျိုးစုံတို့၏ ကွန်းခိုရာ ဖြစ်နေတော့သည်။ ငှက်အုပ်တွေ တစ်ခဲနက်ပြိုကျလာတတ်သော နွေဦးပေါက်၊ဆောင်းဦးပေါက်ရာသီ ရောက်ပြီဆိုလျှင် ငှက်သဘင်လာကြည့်သူများနှင့် မြို့လေးမှာ စည်ကားနေတော့သည်။ အချို့ကလည်း တောရိပ်တောင်ရိပ်များကြားတွင် ရစ်ခွေစီးဆင်းနေသော စမ်းချောင်းများသို့ အပျော်ငါးမျှားထွက်တတ်ကြသည်။ သစ်ရိပ်ကောင်းကောင်းအောက်မှ အေးစက်ကြည်လင် သော စမ်းရေအိုင်များတွင်ဆိုလျှင် ရေချိုငါးတွေအုပ်ဖွဲ့ပျော်မြူးနေကြသည်ကို ဖွေးဖွေးလှုပ်မျှမြင်နေရသည်။ ဤနေရာလေးသို့ ဓါးမဦးချစတင်ခဲ့ရာ အဘိုးအဘွားတို့ ပထမဆုံး အိမ်ဆောက်၊ ပထမဆုံးရေတွင်းတူး၊ ပထမဆုံး စပါးကျီတည်စဉ်ကပင် မြင်ကွင်းတခု လိုပဲ လှပမြဲဖြစ်သည်။ နှစ်တွေ မည်မျှကြာရှည်စေကာမူ အမြဲစိမ်းဆိုသော နေရာလေးဖြစ်ပါသည်။

သို့နှင့်တိုင် တစ်စုံတစ်ခုသော အခါသမယတွင် တိတ်တဆိတ်တိုးဝင်ရောက်ရှိလာသော အမှောင့်ပယောဂတစ်ခု လှပစိမ်းစိုသမျှအားလုံးကို ဖျက်ဆီးယူငင်သွားတော့သည်။ ပထမဆုံး သတိပြုမိလိုက်သည်မှာ နောက်ဖေးကြက်ခြံ၊ နွားခြံများမှဖြစ်သည်။ အမျိုးအမည်မသိ ရောဂါဆန်းတစ်မျိုးကြောင့် ကြက်အုပ်တွေအနာကျကုန်သည်။ ကျွဲတွေ၊ နွားတွေ၊ တဖြုတ်ဖြုတ် ပြုတ်သွားတော့သည်။ ယာသမားတို့၏ မိသားစုစကားဝိုင်းတွင် ထူးဆန်းသော ရောဂါအကြောင်းကသာ နေရာယူထားတော့သည်။ သို့နှင့်တိုင်ရောဂါဆန်းက နောက်ဆုတ်မသွား။ တိရိစ္ဆာန်လောကကိုလွန်၍ လူတွေဆီရောက်လာတော့သည်။ လူကြီး လူငယ်မရွေး ၊ဟောတစ်ယောက် ဟောတစ်ယောက်ဆိုသလို သေမင်း၏ အေးစက်သောလက် များက ဆွဲထုတ်သွားကြသည်။ ရောဂါဖြစ်ပုံကဆန်းသည်။ ရုတ်တရက်သေနိုင်သည်။ ပြေးလွှားဆော့ကစားနေဆဲမှ ကလေးတစ်ယောက် ဒိုင်းကနဲလဲကျသွားသည်။ သိပ်မကြာလိုက် ဖျတ်ခနဲသေသည်။ မြို့ကလေးမှ ဆရာဝန်များမှ ဖုန်တက်နေသောဆေးစာအုပ်ထူကြီးတွေကို လှန်ရင်း၊ ရောဂါဇာစ်မြစ်ကိုရှာနေကြသည်။ သို့သော် မတွေ့၊ ရောဂါသစ်ဖြစ်ဟန်ရှိသည်။ .... မာရ်နတ်၏ လက်ဆောင်လေ.....။ သေခြင်းတရား၏ အရိပ်မည်းကြီးကို နေရာအနှံ့တွေ့နေရသည်။ မသေကျန်ရစ်သူများမှာ စကားပင်မပြောဆိုနိုင်။ ထိတ်လန့်ချောက်ချားစိတ်ဖြင့် ဆွံ့အနေတော့သည်။
ဒီလိုနှင့် မြို့ကလေးတစ်ဝိုက်တွင် သွေးပျက်ဖွယ်ငြိမ်သက်ခြင်းက နေရာယူလာတော့သည်။ ငှက်ကလေးတွေ၏ တေးသီသံကို ခါတိုင်းလိုမကြားရတော့၊ မြို့တွေ၊ ရွာတွေအားလုံးမှာ တစပြင်လိုတိတ်နေတော့သည်။ တစ်ခါတစ်ရံသင်းကွဲလာသော ငှက်ကလေးတစ်ကောင်တလေ တွေ့တတ်သည်။ သူ့မှာ တဆက်ဆက်တုန်ရင်း အမွှေးဆောင်းနေသည်။ အတောင်တွေ ကုပ်ကျနေသည်။ သိပ်မကြာလိုက်ပါ။ သစ်ကိုင်းထက်မှ ဖုတ်ခနဲ ထိုးကျသွားသည်။ တေးသံစုံသော နွေဦးရောက်လာသည့်တိုင် မည်သည့် အသံကိုမှ မကြားရတော့ပါ။ ခါတိုင်းဆို နံနက်ချိန်ခါတေးသံသာသီဆိုမြဲဖြစ်သော မြေလူးငှက်ကလေးများ၊ ဘုတ်ကလုံလေးများ၊ နှံပြီစုတ်လေးများမှာ ဘယ်ဆီဘယ်ဝယ်ရောက် ကုန်သည်မသိ။ ငှက်သံ၊ ကြက်သံ မရှိ၊ ခွေးသံ၊ နွားသံ ကျွဲသံ မရှိ၊ ရွာသူတွေ တေးဆိုသံမရှိ၊ ကလေးတွေ ကစားသံမရှိ၊ လင်မယားရန်ဖြစ်သံမရှိ၊ ပကတိတိတ်ဆိတ်နေတော့သည်။ လယ်ကွင်းများ၊ တောအုပ်များ ၊စိမ့်မြေများအားလုံး အသံတိတ်နေတော့သည်။
မသေကျန်ရစ်သော ကြက်မကြီးတစ်ကောင်တလေက ဥတွေဥနိုင်သလောက် ဥပေးရှာပါသည်။ သို့သော် အကောင်မပေါက်။ ၀က်မကြီး မယ်သက်ပြင်းကလည်း ၀က်ပေါက်ကလေးတစ်အုပ်ကို ညည်းညည်းညူညူမွေးပေးရှာပါသည်။ သို့သော် အရိုးပဒေသာ ၀က်ပေါက်လေးတွေမှာ တစ်ပတ်မျှပင်မခံ ရက်အနည်းငယ်မျှနှင့် ၀က်ဘ၀ကို ကျောခိုင်းသွားကြသည်။ ပန်းပင်းတွေကလည်း မပွင့်ချင်ပွင့်ချင် တစ်ပွင့်နှစ်ပွင့် ပွင့်ပေးရှာပါသည်။ သို့သော် ပျားရည်ဘဏ်တိုက်ဆောက်မည့် ပျားတွေက မရှိ။ သည်လိုနှင့် ၀တ်မှုံမကူးနိုင်ဘဲ မျိုးတုန်းရတော့သည်။
တစ်ခါက ချစ်သူတို့လမ်းကြားဟု ဆိုစမှတ်ပြုခဲ့ရသော တောလမ်းလေးတွေမှာလည်း တောမီးလောင်ထားသလို ပြောင်တလင်းခါတော့သည်။ ရနံ့မကြွယ်သော တောပန်းလေးပင်မရှိ။ ရိုးတံကျဲကျဲ၊ ခြောက်သွေ့ချုံပုတ်နွမ်းတွေသာ အမာရွတ်ထင်ကျန်ရစ်သည်။ ဟိုးအဝေးက တောင်ကုန်းထိပ်မှ အမြဲစိမ်းတောအုပ်လေးမှာ လည်း သစ်ခြောက်တောဖြစ်ခဲ့ရပြီ။ သစ်ခြောက်ပင်အောက်မှ စမ်းချောင်းလေးသည်ပင် တေးမသီနိုင်ရှာတော့။ အကာအကွယ်မဲ့နေရောင်အောက်တွင် ကျောဆန့်ခံရင်း အငွေ့ပျံနေသည်။ မကြာခင် ချောင်းကောလေးဖြစ်ပေတော့မည်။ သည်လိုနှင့် အပျော်တံငါတို့လည်း ရောက်မလာ။ မျှားစရာငါးလည်းမရှိ၊ ငြိမ်ဆိတ်ခြင်းမှလွဲ၍ အရာအားလုံး ကွဲခဲ့ပြီ။
သိမိလိုက်သူအချို့၏ ပြောစကားအရ ကြမ္မာဆိုးကြီးမတိုင်မီ ရက်ပိုင်းလောက်က မိုးကြီးသည်းထန်စွာရွာခဲ့သည်ဟု သိရသည်။ သို့သော် ရေမပါ အဖြူရောင် ခပ်ကြမ်းကြမ်းအမှုန့်တွေသာ ရွာချသည်ဟုဆိုသည်။ ဤအဆိပ်မှုန့်များက အိမ်တွေပေါ်၊ မြက်ခင်းတွေပေါ်၊ လယ်ကွင်းတွေပေါ်၊ စမ်းချောင်းတွေပေါ်... ရှိရှိသမျှအရာအားလုံးအပေါ် ကြဲပက်လိုက်သလိုရှိသည်ဟု ပြောပြကြသည်။ ကာလအတော်ကြာကြာထိ ရေတံလျှောက်နှင့် တံစက်မြိတ်ကြား၊ အမိုးအုတ်ကြွပ်ပြားများကြားတွင် အဖြုရောင်အကွက်အကွက်တွေ တွေ့နေရသေးသည်ဟု ဆိုပါသည်။
ယခုအခါ ဆိုပါမြို့လေးသည်... တစ်ခါက အေးရိပ်သာယာသောနေရာတွင် ဖုန်းဆိုးမြေကြီးသာ ငေါင်းစင်းစင်းကျန်ရစ်ပါတော့သည်။ သည်လိုနှင့် တစ်ခါကမြို့လေးတစ်မြို့၏ အဖြစ်သနစ်မှာ ဒဏ္ဍာရီတစ်ပုဒ်နှယ် မှုန်ဝါးပျောက်ကွယ်စ ပြုလာတော့သည်။

♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠ ♠♠♠

ပြည့်စုံ

ကိုးကား ...
စာရေးဆရာမ“ ရာချယ်ခါဆန်”၏ “တိတ်တဆိတ်နွေဦး” (Silent Spring) စာအုပ်မှ အခန်း(၁)ဖြစ်ပါသည်။ ဆရာကျော်ဝင်းမှ ဆရာမြသန်းတင့်၏ ၀တ္တုတိုတစ်ပုဒ်အမည်ကိုယူ၍ “ ပန်းများမပွင့်သော နွေဦး”ဟု မြန်မာမှု၍ ရေးသားထားသောဝတ္တုတိုဖြစ်ပါသည်။

Continue reading ...

February 20, 2008

အခန်းဆက် “ နွေ ”

Unknown | 12:47 AM | |


ရာသီအမှီပန်းတွေဟာ
ဘာ့ကြောင့်မပွင့်နိုင်ခဲ့ရတာလဲ..။
လောကကြီးဟာ ရာသီဥတုဖောက်ပြန်ခြင်းလား၊
ခလုပ်တိုက်ခြင်းလား ခလုပ်တိုက်ဖိခြင်းလား၊
လောကကြီးက လှပါတယ်
အလှမဲ့နေရတာ လူတချို့ကြောင့်ပါ..။


မြေကြီးပေါ်မှာ
ရွှေသီးဖို့ အားမထုတ်ဘူး
ဗွက်ပေါက်အောင်ရေလောင်းချင်သူတွေ။
ရိုးသားဖြောင့်မတ်ခြင်းတွေ
စေတနာချို့ငဲ့တော့
တဖွဖွပြောနေကြတဲ့
တရားမျှတမှု
လွတ်လပ်မှုတွေ
ဘယ်အရပ်
ဘယ်ဒေသကိုရောက်ကုန်သည်မသိ...။

ဘာကိုမှ
ဘယ်လိုမှ
ကျေနပ်စရာမကောင်းတဲ့
ဖားအော်သံတွေကြားမှာ ...

ဘာကိုမှ
ဘယ်လိုမှ
အေးချမ်းစရာမကောင်းတဲ့
မြက်ခြောက်ပင်တွေကြားမှာ....

ဘယ်မှာလည်း နေခြည်ဖြာမယ့်လမ်း
ဘ၀ဟာ ရေတိမ်နစ်
အသားလွတ် ဖေါင်းပေးခံရ
အသားလွတ် လူချခံခဲ့ရ
ယုံကြည်ချက်တွေကို နာကြည်းမှုတွေနဲ့ မျိုသိပ်ခဲ့ရ။

သန်း(၅၀)ကျော်အတွက်ဆိုပြီး
အနာဂါတ်ဆိုတာ မရှိ
ရည်မှန်းချက်ဆိုတာ ရေမျောကမ်းတင်
တုံးအောက်က ဖားချင်းအတူတူ
သူ့ကြတော့ ဖောင်း
ကိုယ့်ကြတော့ ပြား
ပြားတဲ့သူပေါ် အနိုင်ယူချင်သူတွေ...

ကိုယ်ပွားတွေများရှိနေမလားမသိ
မမြင်ချင်တဲ့ မျက်နှာတွေကို
မကြည့်ချင်လို့ အခါခါလွှဲခါမှ
မျက်နှာမူရာ အရပ်တိုင်းမှာ
အဲဒီမျက်နှာတွေ။

ကျွမ်းဝင်နေရတဲ့ဝန်းကျင်
မှားယွင်းလွဲချော်ခဲ့တော့
မျှော်လင့်ချက်တွေ မည်း
စိတ်တွေ မော
အိပ်မက်တွေ ခါး
ခံစားမှုတွေ ပူ
အတွေးတွေ ရိုင်း
ဦးနှောက်တွေ ပျက်
အော်....
ရောမမြို့ကို ဖျက်ဆီးတာ
ရောမမြို့သူမြို့သားတွေ ဆိုပဲ..။

ဆောင်းအလွန်မှာ ဘာလုပ်မှာလည်း
စဉ်းစားထားတာမရှိ
စည်းတား ထားတာတော့ရှိတယ်...။
နွေဦးရေ...
အသံထက်မြန်တဲ့ ဒုက္ခတွေနဲ့
ငါ ကြိုဆိုချင်ဘူး
ငါ မလွမ်းချင်ဘူး...။

ပြည့်စုံ

Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub