February 15, 2008
ကရင့်တော်လှန်ရေးခေါင်းဆောင်
Unknown | 2:37 AM |
ဝမ်းနည်းမှတ်တမ်း
ဖထီးရေ… လူတွေကတော့ သေနေကြတာ နေ့စဉ်နဲ့အမျှပါ.. ဒါပေမယ့် ဖထီးကတော့ ကရင့်တော်လှန်ရေးသမိုင်းမှာရောကရင်ပြည်သူတွေရဲ့ရင်ထဲ ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ရင်ထဲ ဖထီးဟာမသေပါဘူး… ဘယ်တော့မှသေမသွားပါဘူး…။
ကေအန်ယူအတွင်းရေးမှူး ဖထီးဖဒိုမန်းရှာဟာ တိုင်းပြည်အတွက် ကရင်ပြည်သူတွေကရင်အမျိုးသားတော်လှန်ရေးအတွက် စေတနာထားတဲ့ တော်လှန်ရေးသမား နိုင်ငံရေးသမားကောင်းတယောက်ပါ။ တိုင်းရင်းသား ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် ဆုံးရှုံးမှုကြီးပါ။ မိသားစုနှင့်ထပ်တူ ကရင်ပြည်သူတွေနဲ့ထပ်တူ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရပါတယ်။
K N U အထွေထွေအတွင်းရေးမှူး ဖထီးဖဒိုမန်းရှာလဖန်း၏ ကိုယ်ရေးအကျဉ်း
- ၁၉၄၃၊ ဇူလိုင် (၅) တွင် ဧရာဝတီတိုင်း၊မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနီးရှိ၊ တောကျောင်းရွာတွင် မွေးဖွား။ ပိုးကရင်လူမျိုး ဗုဒ္ဓဘာသာဝင်။
- ၁၉၆၁ မှာ ရန်ကုန် တက္ကသိုလ်သို့ ရောက်။
- ၁၉၆၂ မှာ သမိုင်းဝင် ၇ ဂျူလိုင် အဖြစ်အပျက်နှင့် ကြုံခဲ့။ နိုင်ငံရေး စိတ်ဝင်စားခဲ့။
- ၁၉၆၃-၆၆ အထိ ကေအန်ယူ၏ မြေအောက် လုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်ခဲ့သည်။
- ၁၉၆၆ တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာဖြင့် ဘွဲ့ရ။ ၎င်းနောက်တွင် ကရင့်တော်လှန်ရေးသို့ ရောက်ခဲ့သည်။
- ၁၉၆၈ တွင် ကရင်ပြည်နယ်ကို ဖြတ်ပြီး။ ရှမ်းပြည်နယ်စပ် ရလလဖ နယ်မြေတွင် နေထိုင်ခဲ့။ တရုတ်နယ်စပ်တွင် နိုင်ငံရေးသင်တန်း တက်ခဲ့။ (ဗကပ) နှင့် နိုင်ငံရေး ဆွေးနွေးခဲ့မှုများ လုပ်ခဲ့။ သဘောတရားရေးရာ သဘောမတူမှုများ ရှိခဲ့သဖြင့် ကြာကြာမနေဘဲ ဗဟိုဌာနချုပ်သို့ ပြန်လာခဲ့။
- ၁၉၇၄ ခုနှစ်တွင် ပဲခူးရိုးမရှိ ကေအန်ယူ ဗဟိုသို့ ပြန်လာရောက်။
- ၁၉၇၅ ခုနှစ်တွင် ကေအန်ယူ ပြန်လည် ပေါင်းစည်းသောအခါ ညောင်လေးပင် ခရိုင်တွင် တာဝန်ထမ်းခဲ့။
- ၁၉၈၄ မှာ အရံ ဗဟိုကော်မတီဝင် ဖြစ်လာ။
- ၁၉၈၈ ခုနှစ် တက္ကသိုလ် ကျောင်းသားများ တောခိုလာသောအခါ ဗိုလ်ချုပ်မြ၏ အနီးကပ် ကိုယ်ရံတော်ဖြစ်လာ။
- ၁၉၉ဝ တွင် ဗဟို ကော်မတီဝင် ဖြစ်လာပြီး၊ မဟာမိတ်ရေးရာများကို တာဝန်ယူခဲ့။
- ၁၉၉၅-၉၆ ကေအန်ယူ (၁၁) မြောက်ညီလာခံတွင် တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်လာ။
- ၂ဝဝဝ တွင် ကေအန်ယူ (၁၂) ကြိမ်မြောက် ညီလာခံတွင် အထွေထွေ အတွင်းရေးမှူး ဖြစ်ခဲ့သည်။ NCUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်လာသည်။
- ၂ဝဝ၄ ခုနှစ် ကေအန်ယူ (၁၃) ကြိမ်မြောက် ညီလာခံတွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် အရွေးခံရ။
- ၂ဝဝ၈ခုနှစ်၊ ဖေဖော်ဝါရီ (၁၄) ရက်နေ့ညနေ (၄း၄၀)ခန့်တွင် လုပ်ကြံခံရသည်။
၂၀၀၈ ဇန်န၀ါရီလ (၃၁)ရက် (၅၉)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ဖဒိုမန်းရှာလာဖန်း၏ ပြောကြားချက်
“ ဒီတော်လှန်ရေးဟာ ကရင်တမျိုးသားလုံးရဲ့တော်လှန်ရေး၊ ကရင်တမျိုးသားလုံး ကျွန်ပြုခံရလို့ ကျွန်ဘ၀က လွတ်မြောက်ဖို့ ကျနော်တို့လုပ်တဲ့တော်လှန်ရေး၊ ဒါကြောင့်မို့ ဒီတော်လှန်ရေးမှာ ကရင်တမျိုးသားလုံးပါဝင်ဖို့လိုတယ်။ စောဘဦးကြီးရဲ့လမ်းညွှန်မှုလေးချက်ကို ဆက်လက်ပြီးတော့ စွဲကိုင်ဖို့လိုတယ်၊
ကေအန်ယူ အစည်းအရုံးရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ဆက်လက်ပြီးတော့ ချီတက်ဖို့လိုတယ်၊ ကေအန်ယူအစည်းအရုံးကလည်းပဲ၊ ကရင်အမျိုးသား အကျိုးစီးပွားအတွက် မားမားမတ်မတ်ဆုံးခန်းတိုင် ဆက်လက်ပြီးရပ်တည်သွားမှာဖြစ်တယ် ”
တော်လှန်ရေးကိုစတင်ဦးဆောင်ခဲ့သည့် စောဘဦးကြီး၏ လမ်းညွှန်ချက် (၄)ရပ်
၁။ လက်နက်ချစကား အလျဉ်းမပြောရ၊
၂။ ကရင့်လက်နက် ကရင့်လက်ထဲ၌ရှိရမည်။
၃။ ကရင်ပြည်အသိအမှတ်ပြုခြင်းပြီးပြည့်စုံစေရမည်။
၎။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment