၁၉၄၇ ဇူလိုင် လ ၁၉ ရက် စနေနေ့
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။
မိုးလင်းကတည်းက ကောင်းကင်သည် အုံ့မှိုင်း ညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ကြီးလို ၀ိုးဝိုးဝါးဝါးဖြစ်နေသည်။ မိုးသည်လည်း ကင်းကင်းလွတ်လွတ်စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက်နှင့် နောက်စွေ၍ နေလေသည်။
အင်္ဂလိပ်ဗိသုကာ ဆရာများ၏ လက်ရာအုတ်ရိုးနီနီများဖြင့် ထုထည်ကြီးမားလှသည့် အတွင်းဝန်ရုံးအဆောက်အဦးကြီးသည် မိုးရေများအောက်၌ ခန့်ထည်၍ နေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ယခင်နေ့များမှာကဲ့သို့ (BDA) စစ်ယူနီဖောင်းနှင့်မဟုတ်ထူးထူးခြားခြား ပန်းနုရောင်ခေါင်းပေါင်း၊ သနပ်ခါးရောင်ပိုးပျော့ရင်ဖုံးအင်္ကျီနှင့် ရွှေဖလားရောင်ဘန်ကောက်လုံချည် ၀တ်ဆင်ထား၏။
အစည်းအဝေးကျင်းပမည့်နေရာသည် အတွင်းဝန်များရုံးအလယ်ထပ် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင်ဖြစ်သည်။ ဗိုလ်ချုပ်၏အခန်းမှာ အလွန်ကျယ်၍ မျက်နှာစာတွင် လူဝင်တံခါးကြီးသုံးပေါက်အဖြစ်က၎င်း၊ လက်ျာဘက်ဘေးတွင် ဗိုလ်ချုပ်၏ ကိုယ်ရေးအရာရှိ အတွင်းဝန် ဗိုလ်ထွန်းလှ၏တံခါးသို့ ကူးသော တံခါးအဖြစ်၎င်း၊ လက်ဝဲဘေးဘက်တွင် ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်၏တံခါးသို့ကူးသော တံခါးကြီးသည်လည်းကောင်း ရှိပြီးလျှင် အခန်း၏ကျောဘက်တွင် ပြူတင်းပေါက်သုံးခုရှိ၏ အခန်းတွင်းအရှေ့မြောက်ဒေါင့်တွင် ဗိုလ်ချုပ်၏ အလုပ်စားပွဲရှိ၍ အခန်း၏ တောင်ဘက်နံရံတွင် ၀န်ကြီးများအစည်းအဝေးစားပွဲသည် စားပွဲရှည်သုံးခုကို ဒေါင့်ချိုး(ဂ)ငယ်ပုံ သုံးဖက်ပိတ် ဟဖွင့်ဆက်၍ ထား၏။ ထိပ်စားပွဲသည် ၁၀ပေခန့်ကျယ်၍ ၃ပေခန့် ရှည်၍ ၃ ပေခန့် ကျယ်၏ ထိုထိပ်စားပွဲ၏ အစွန်းတစ်ဘက်တစ်ချက်တွင်ယှဉ်၍ ဒေါင်လိုက်ဆက်ထားသော စားပွဲများမှာ ၁၈ ပေခန့် ရှည်၍ ၃ပေခန့်ကျယ်၏။ ထိပ်စားပွဲ၏ အလယ်တွင် ဗိုလ်ချုပ်ထိုင်၏ ဗိုလ်ချုပ်၏လက်ဝဲဘက်တွင် ၀န်ကြီးများအဖွဲ့အတွင်းဝန် ဦးရွှေဘော်ထိုင်၏ လင်္ကျာဘက်နံဘေးရှိစားပွဲတွင် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇာတ်၊ ဦးဘ၀င်း၊ မန်းဘခိုင်တို့ တစ်ယောက်ပြီးတစ်ယောက်ယှဉ်၍ ထိုင်ကြ၏။ ထိပ်စားပွဲ၏ လက်ဝဲဘက်နံဘေးတွင်၏ စားပွဲရှည်တွင် ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော် ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီးတို့ တစ်ယောက်ပြီးတစ်ယောက်ယှဉ်၍ ထိုင်ကြ၏။ ၀န်ကြီး စောစံဖိုးသင်နှင့် ချင်းအမျိုးသားဝန်ကြီး ၀မ်ကိုဟော ၀န်ကြီး(၂)ယောက်သည် ခရီးလွန်၍ အစည်းအဝေးသို့မတက်ရောက်နိုင်ကြပါ။ ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်းသည်လည်း ဥရောပသို့ရောက်နေ၍ အစည်းအဝေးသို့တွင်မရှိ။
၁၀း၃၇ နာရီ…..
အတွင်းဝန်ဦးအုန်းမောင်သည် ၀န်ကြီးများကိုယ်စား၊ ၎င်း၏ ဌာနအခြေအနေများအား သခင်မြ၏ဘေးမှ မတ်တက်ရပ်၍ အစီရင်ခံနေသည်။ ဗိုလ်ချုပ်သည် သူ၏ အရှေ့မျက်စောင်းထိုးတွင်ထိုင်၍နေ၏။ အစည်းအဝေးအတွင်းသို့ ဗြိတိသျှအမှတ်(၁၂) တပ်မတော်ယူနီဖောင်းနှင့် လက်နက်ကိုင်လူ လေးယောက်ဝင်၍လာသည် အတွင်းဝန်ဦးအုန်းမောင်က မသိ သူ၏နောက်ကျောဘက်မှဖြစ်၍ မတွေ့ရ။ အစည်းအဝေးအတွင်းသို့ ဆက်လက်၍ အစီရင်ခံတင်ပြ၍နေသည်။ ၀င်လာသူလေးယောက်သည် (ဂ)ပုံ စားပွဲ၏ အ၀သို့သွား၏။ ဗိုလ်ချုပ်အောင်ဆန်းနှင့် မျက်နှာချင်းဆိုင်၊ တည့်တည့်အနေအထား… သေနတ် များနှင့် ထိုး၍ချိန်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်ရာမှ ထ၍ တား၏။ အသံများက လုံးထွေး၍သွားတော့သည်။ မောင်စိုးက `ပစ်´ `ပစ်´ ဟုအမိန့်ပေး၏။ တော်မီဂန်းဖြင့်ရန်ကြီးအောင်သည်ပစ်၏။ `ယမ်း´ ပေါက်ကွဲသံများက ဆူညံ၍နေသည်။ စိန်ကြီး၏သေနတ်ပြောင်းဝရှေ့မှ မီးပွင့်များက ခုန်ပေါက်၍ ထွက်နေသည်။ သက်နှင်း၏ ဘယ်ဖက်လက်ဖြင့်ပွေ့ကိုင်ထားသော စတင်းဂန်းသေနတ်ငယ်သည် ပေါက်ကွဲမှုကြောင့် ရမ်းခါ၍နေသည်။ သူ၏ညာဘက်လက်ညိုးမှမူ `တွေကာ´ကွင်းအတွင်းရှိမောင်းခလုပ်ငယ်အားကွေး၍ ထားသည်။ မရပ်တော့…။ ဗိုလ်ချုပ်အောင်ဆန်းသည် မတ်မတ်ရပ်နေရာမှ အနောက်သို့ လန်ကျ၍သွားသည်။ သူထိုင်သည့် ကုလားထိုင်နောက်မှီမှ ကဒေါင်းရုပ်သည် ကျည်သင့်၍ပဲ့ထွက်သွားသည်။ တစ်ချက်….. နှစ်ချက်… မရေတွက်နိုင်တော့….။ ဗိုလ်ချုပ်အောင်ဆန်းကုလားထိုင်နှင့်အတူ ကြမ်းပြင်ပေါ်သို့လဲကျ၍ သွားသည်။ သွေးများကား တာကျိုးသည့်အလား….။ ဗိုလ်ချုပ်၏ ခန္ခာကိုယ်မှ သွန်းကျ၍နေသည်။ ရန်ကြီးအောင်သည် ၀ပ်နေသည့် သူများအား မုဆိုးဒူးထောက်ထိုင်ပြီးပစ်ပြန်၏။တော်မီဂန်းသေနတ်သံများက ဆူညံ၍နေတော့သည်။ ယမ်းငွေ့များက မွှန်ထူ၍နေခဲ့ပြီ။သွေးနံ့နှင့် ယမ်းနံ့ခွဲခြား၍မရတော့…။ ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးသည်သေနတ်သံများကြားရာဆီသို့ပြေး၍လာသည်။ ၀န်ကြီးများအစည်းအဝေးပြုလုပ်နေသည့်အခန်း၏အပြင်ဘက်တွင်ဗြိတိသျှအမှတ်(၁၂)တံဆိပ်တပ်ထားသည့် စစ်ယူနီဖောင်းဝတ် သေနတ်ကိုင်လေးယောက်နှင့်တွေ့၏။ အံ့အားသင့်နေသော ရဲဘော်ကိုထွေးအား ရန်ကြီးအောင်မှတော်မီဂန်းနှင့် ပစ်၏။ အတွင်းဝန်ရုံးကား ယမ်းနှင့်သွေးလွှမ်း၍သွားတော့သည်….။
မိုးကတော့ မစဲတော့….။ တဖွဲဖွဲနှင့်စွေ၍ကောင်းဆဲပင်…..
အာဇာနည်တွေသေသွားကြပြီ်...
ဗိုလ်ချုပ်သေသွားသည်လို့ပြောကြတယ်….
ဗိုလ်ချုပ်ရဲ့ စကားတွေ… ဗိုလ်ချုပ်ရဲ့ ၀ါဒတွေ တည်ထွန်းနေသမျှ ဗိုလ်ချုပ် တကယ်မသေနိုင်သေးပါ…. ဗိုလ်ချုပ်ကိုချစ်သူတွေ ရိုသေသူတွေ အများကြီးရှိပါတယ်….
ထို့ကြောင့် ကျနော်တို့တွေ… ဗိုလ်ချုပ်ရဲ့ ၀ါဒတွေ၊ လမ်းစဉ်တွေကို ဆက်လက်အသက်သွင်းကြပါစို့….
`အာဏာရှင်ဝါဒ၊ လူမျိုးအချင်းမုန်းတီးရေးဝါဒ၊ စစ်တပ်ကသာ လွှမ်းမိုးရမည်ဆိုတဲ့ ဖက်ဆစ်အာဏာရှင်ဝါဒ၊ မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးမျိုးရှိနေလျှင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှား ပေါ်ထွက်လာနိုင်တယ်။ ဒီဝါဒမျိုးပေါ်လာရင် ပြည်သူလူထုဟာ လွတ်လပ်ရေး ဆိုတာမရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့အားလုံး ဒီမိုကရေစီဝါဒကို ခေတ်စားလာအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးရအောင် လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားကြရမယ်။´
ပြည့်စုံ