January 18, 2008
ကျိန်းသေနေသော ရင်ဖွင့်သံ
အချစ်မှာ
လိမ်းဆေးကို သောက်ဆေးနဲ့မှားယွင်းမိသူ။
သံစဉ်မဲ့ မင်းရေးခဲ့တဲ့
အတွေးလှလှ ကဗျာတစ်ပုဒ်ကိုငါလွမ်းတယ်။
အလွမ်းတွေက
အလွမ်းတွေကို ပြန်လွမ်းတဲ့အထိ
နှလုံးသားရေလည်အုံကြီးစုတ်ကွဲတဲ့အထိပေါ့။
တို့တွေ တည်ဆောက်ခဲ့ကြတယ်
အရင်းကနေ အဖျားအထိပေါ့
ဒီလိုတည်ဆောက်မှုမှာ
စွန်းစွန်းထင်းထင်းတွေဖြစ်ခဲ့ပါသလား..
မှောက်မှောက်မှားမှား
စွပ်ကြောင်းကြီးတွေနဲ့လား...
ဒါမှမဟုတ်
ပျက်ပျက်ယွင်းယွင်း အပျက်အစီးတွေနဲ့လား
မြင့်မြင့်မားမား အမှားအပြစ်တွေလား....
...... ..... .... ... ...
ဒီလောက်မွန်းကြပ်မယ်မှန်းသိရင် (အစကတည်းက)
အသက်ရှုတတ်အောင်
ငါမသင်ခဲ့ပါဘူး။
ဘ၀ဆိုတာဘာလည်း
ကံကြမ္မာဆိုးကို အဆင်းဘီးတပ်ပေးတဲ့ပုဂ္ဂိုလ်လား။
သေချာတာကတော့ ဂစ်တာလို
တင်းလိုက်လျှော့လိုက်
ပုတ်လိုက်ခတ်လိုက်နဲ့
မသာယာတောင် အသံညီဖို့တော့လိုမယ်။
ချစ်သူ
ညပြာပြာကိုပွေ့ပိုက်ပြီး လျှောက်တဲ့လမ်း
ဆောင်းလေညှင်းအသွဲ့မှာ
မင်းပါမလာနိုင်ခဲ့ဘူး...။
တစ်စုံတယောက်က တစ်စုံတရာကို စောင့်ရသလိုမျိုး
တစ်စုံတရာက တစ်စုံတယောက်ကို ထားခဲ့သလိုမျိုးနဲ့
နင့်နဲကြေကွဲကြဦးပေါ့...။
ပြည့်စုံ
Subscribe to:
Post Comments (Atom)
2 comments:
တစ်စုံတရာကို ကြယ်ကြွေအောင် မလုပ်ဘဲ တစ်စုံတယောက်က ကြယ်ကြွေသလို ကြွေကြနေပြီလား ပြည်စုံရယ်...
ပြည့်စုံရဲ့ ရင်ဖွင့်သံကဗျာလေးကို ဖတ်ပြီး `တစ်စုံတစ်ရာဟာ ကြယ်တွေကြွေအောင် ပြုလုပ်ပေးနေတယ်...´ဆိုတဲ့ သီချင်းလေးကို သွားသတိရမိတယ်။ ဘ၀ကို ဂစ်တာကြိုးညှိသလို အလျှော့အတင်းတွေနဲ့ balance ညီအောင် ညှိပေးဖို့ လိုတာတော့ အမှန်ပါပဲ။ အထူးသဖြင့်တော့ စိတ်ကိုပေါ့လေ...။
Post a Comment