December 24, 2013

Christmas ပွဲတော်အတွက် သိသင့်သော အကြောင်းရာလေးများ

Unknown | 9:03 PM |
မိတ်ဆွေတို့ရေ Merry Christmas ပါနော်။ နည်းပညာအကြောင်းမဟုတ်ပဲ ဒီ post ကိုတင်ဖြစ်တာတော့  sorry ပါနော်။  ဒါပေမဲ့ Christmas သာရောက်လာတယ် ဘယ်လိုဖြစ်ပြီး Christmas ပွဲတော်ဖြစ်လာခဲ့လဲ ဆိုတာကို အခုချိန်ထိ ရေရေရာရာ သိသူ တွေနည်းနေအုံး မယ်လို့ကျွန်တော် ထင် ပါတယ်။ ကျွန်တော် လည်း ဒီအကြောင်းကို သိ ချင်လွန်းလို့ လိုက်ရှာနေတာ အခုဆို မြန်မာစံတော်ချိန် မနက် သုံးနာရီ ခွဲတောင်ရှိနေပါပြီ။ အခုတော့ ကျွန်တော်မိတ်ဆွေတွေအတွက် ကျွန်တော် ရှာဖွေ့တွေ့ရှိ သလောက်လေး ပြန်လည်းမျှဝေပေးလိုက်ရပါတယ်။ ဗဟုသုတအနေနဲ့မျှဝေတာဖြစ်တာကြောင့် ဘာသာရေးတွေမှာ အနည်းငယ် အမြင်လွဲမှုတွေရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြဖို့တောင်းပန်ပါတယ်ဗျာ။ 
၁ ။ လူအများထင်သလို ယေရှုခရစ်တော် (Jesus Christ ) ရဲ့မွေးနေ့ဟာ ဒီဇင်ဘာလ (၂၅)ရက်မဟုတ်ပါ ဘူး။ သမ္မာကျမ်းစာ (Bible )မှာလဲအတိအကျ ဖော်ပြထားခြင်း၊ ညွှန်းဆိုထားခြင်းမရှိပါ။ သမိုင်းပညာရှင်အ များလေ့လာတွေ့ရှိထားမှုအရ ခရစ်တော်မွေးဖွားသောကာလမှာ ဆောင်းတွင်းမဟုတ်ဘဲနွေဦးရာ သီဖြစ်ပါတယ်။

၂ ။ ခရစ်သက္ကရာဇ် (၄) ရာစမှာ ကက်သလစ်ကျောင်းတော် (Catholic Church) က ခရစ်တော် ရဲ့မွေးနေ့ကို တရား ၀င် အလုပ်နားရက်အဖြစ် သက်မှတ်ဖို့ စီစဉ်ရာမှာ ထိုစဉ်က ပုပ်ရဟန်းမင်း ဂျူးလီးယက် (၁) (Pope Julius I ) ကဒီဇင်ဘာလ (၂၅)ရက်ကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ထိုပိတ်ရက်ဟာ နတ်ကိုးကွယ်သူ ရောမတွေ ရဲ့ saturnalia လို့ခေါ်တဲ့ ပွဲတော် ရက်နဲ့တထပ်တည်း ကျရောက်နေပါတယ်။။

၃။ (၁၆၅၉)ခုနှစ်မှ (၁၆၈၁) ခုနှစ်အတွင်း အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ (Boston ) မှာ ခရစ်စမတ်ပြုလုပ်ကျင်းပခြင်းဟာ တရားမ၀င်ဘဲ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားခဲ့ဖူးပါတယ်။ ထိုခေတ် အခါကပြုပြင်ပြောင်းလဲရေးဝါဒီ ခရစ်ယာန် တစ်ချို့က ခရစ်စမတ်ဟာ ခရစ်တော်ရဲ့မွေးနေ့ အစစ်အမှန် မဟုတ်ဘဲ အတုအယောင် ပြုလုပ်တာမို့ဆန့်ကျင်ခဲ့ကြခြင်းပါ။

၎။ ကတ်သလစ်ကျောင်းတော်ကို ဆန့်ကျင်တဲ့ အယူရှိသူ ပရိုတက်စတင့် အများစုရှိရာ အမေရိကန် နိုင်ငံမှာ နိုင်ငံ တည်ထောင်ပြီး နှစ်ပေါင်း တစ်ရာကျော်ကြာ (၁၈၈၉) ခုနှစ်မှသာ ဒီဇင်ဘာလ(၂၅)ရက်ခရစ်စမတ်နေ့ကို တရားဝင်ရုံးပိတ်ရက်ပွဲတော်နေ့အဖြစ် အတည်ပြု သက်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

၅။ ခရစ်စမတ်သစ်ပင် ထားရှိခြင်းဟာ ခရစ်ယာန်ဘာသာ မပြန့်နှံ့မီကပင် ဂျာမနီနိုင်ငံ (Germany ) မှာ ဆောင်းရာသီ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ (၁၇) ရာစုရောက်တော့မှသာ Strasbourg ဒေသက
ဂျာမန်လူမျိုးများက ခရစ်စမတ်သစ်ပင်ရယ်လို့ စတင်ခေါ်ဝေါ်ခဲ့တာဖြစ်ပြီး (၁၈၂၀ ) ခုနှစ်များတလျှောက် ဂျာမန်လူမျိုးများ အမေရိကန်နိုငငံ Pennsylvania သို့ရွှေ့ပြောင်းအခြေချစဉ် ထိုယဉ်ကျေးမှု အစဉ်အလာကို သယ်ဆောင်လာခဲ့ကြတာပါ။ 
၆။ (၁၈၄၀ ) ခုနှစ်မှာ ဗြိတိသျှ ဘုရင်မ Queen Victoria ဟာ ဂျာမန်မင်းသား Prince Albert ကိုလက်ထပ်ချိန်ကြမှသာ ခရစ်စမတ်သစ်ပင် ယဉ်ကျေးမှုဟာ အင်္ဂလန်နိုင်ငံ (England) ကိုရောက် ရှိခဲ့တာ ဖြစ်ပါတယ်။ (၁၈၄၈ ) ခုနှစ်မှာ ပထမဆုံး အမေရိကန် သတင်းစာက အင်္ဂလန်တော်ဝင် မိသားစုရဲ့ ခရစ်စမတ်သစ်ပင်ကို ဓါတ်ပုံရိုက်ပြီး ဖော်ပြလိုက်တဲ့အခါ အမေရိကန် နိုင်ငံတစ်ဝှမ်းမှာ ခရစ်စမတ်သစ်ပင် ယဉ်ကျေးမှုဟာ အလွန်ကို ပေါ်ပြုလာဖြစ်လာခဲ့ခြင်းပါ။

၇။ ဒီဇင်ဘာလ (၂၅)ရက်မှာ ခရစ်စမတ် ကျင်းပခြင်းဟာ အနောက်ဥရောပ ကို လွှမ်းမိုးသြဇာညောင်းတဲ့ ကတ်သလစ်ကျောင်းတော်က စတင်ခဲ့တာဖြစ်ပြီးရုရှားနိုင်ငံ (Russia ) အပါအ၀င် အရှေ့ ဥရောပ နိုင်ငံများမှာ ကျင့်သုံးတဲ့ အော်သိုဒေါ့ (Orthodox) ခရစ်ယာန်ဂိုဏ်းဝင်များရဲ့ ခရစ်စမတ်ကတော့ ဇန်န၀ါရီလ (၇) ရက်ဖြစ်ပါတယ်။

၈။ ခရစ်စမတ်ပွဲတော်နဲ့ ခွဲခြားလို့မရတဲ့ ဘိုးဘိုးကြီး စန်တာကလော့ (Santa Claus) ဟာ တူရကီနိုင်ငံ (Turkey) မှ ဂရိမျိုးနွယ် (Greek) ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး အသားဖြူဖြူ ၀၀ဖိုင့်ဖိုင့် မဟုတ်ဘဲ တကယ်တမ်းမှာတော့အသားညိုညို ပိန်ပိန်ရှည်ရှည် ဖြစ်ပါတယ်။

 ၉။ စန်တာကလော့ ရိုးရာဓလေ့ကို ဒတ်ခ်ျ (Dutch) လူမျိုးများက စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး အမေရီကန်နိုင်ငံကို ပြောင်းရွေ့ အခြေချခဲ့တဲ့ ဒတ်ခ်ျလူမျိုးများက ဆက်လက်ယူဆောင် ကျင်းပရာမှ ပေါ်ပြူလာ ဖြစ်ခဲ့ခြင်းပါ။ ဘုန်းတော်ကြီး Saint Nicholas ဟာ ချမ်းသာ ကြွယ်ဝတဲ့ မိသားစုမှ ဆင်းသက်မွေးဖွားခဲ့သူဖြစ်ပြီး အလွန်တရာအလှူအတန်းပြုလုပ်သူတစ်ဦးဖြစ်တဲ့အပေါ် အခုလို ပုံပြင် တီထွင်ခဲ့ခြင်းပါ။

၁၀။ ယေရှုခရစ်တော်ဟာ အများထင်ရောက်နေသကဲ့သို့ အနောက်တိုင်းသာ လူဖြူလူမျိုးမဟုတ်ဘဲ အရှေ့တိုင်းပါလက်စတိုင်းနိုင်ငံ ( Palestine ) ဂျူးအနွယ်ဝင် (Jewish) မိသားစုမှ မွေးဖွားခဲ့သူ တစ်ဦး ဖြစ်ပြီး သမိုင်း ပညာရှင်များရဲ့ သုတေသန် ရှာဖွေတွေ့ရှိမှုများအရ အသားညိုကာ ဆံပင်ကောက်သူ တစ်ဦးဖြစ်ကြောင်းသိရှိရပါတယ်။

ကိုးကား >>>> မောင်စီမံ (မဟာသိပ္ပံ)
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
Continue reading ...

July 05, 2010

စစ်အာဏာရှင်နှင့် ဆဲဗင်းဂျူလိုင်

Unknown | 8:14 PM |
ဇူလိုင် (၈)ရက်နံနက်လင်းအားကြီးအချိန်တွင် စစ်တပ်က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည် သမဂ္ဂအဆောက်အဦး

မြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ မျိုးသားရေးလွတ်မြောက်ရေး ဒီမိုကရေစီရည်မှန်းချက် စဖြင့်အမျိုးမျိုးရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင်အမျိုးသားလွတ်မြောက်ရေးကိုတောင်းဆိုတဲ့ ပြည်လုံးကျွတ် အထွေထွေသပိတ်ရဲ့ အစိတ်အပိုင်းဖြစ်သည်။

၁၉၆၂ခုနှစ် မတ်လ (၂) ရက် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီက မေလ (၉) ရက်နေ့မှာ တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းတဲ့အမိန့်ကို ထုတ်ပြန်လိုက်ပြီး တော်လှန်ရေး ကောင်စီက တက္ကသိုလ်အုပ်ချုပ်ရေး တာဝန်အားလုံးကို ချုပ်ကိုင်လိုက်ပါတယ်။ မေလ (၁၀)ရက်နေ့မှာ ဦးနေ၀င်းက တက္ကသိုလ်ကောင်စီဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။ တက္ကသိုလ်အက်ဥပဒေအရ မဲပေးခြင်းစနစ်ကို ဖျက်သိမ်းလိုက်ပြီလို့နဲ့ ရွေးချယ်ခန်ထားတဲ့ ပါမောက္ခဦးကာကို ပေါမောက္ခချုပ်အဖြစ် တချက်လွှတ်အမိန့်နဲ့ ခန့်လိုက်တယ်။ အဲဒီအချိန်ကစပြီး တက္ကသိုလ်ကျောင်းသားတွေနဲ့ ဆရာတွေကို ချုပ်ချယ်တဲ့ ဥပဒေစည်းမျဉ်းသစ်ဆိုတာတွေကို တခုပြီး တခုထုတ်ပြန်လာတယ်။ တက္ကသိုလ်ကျောင်းဆောင်တွေကိုည(၈)နာရီမှာ သော့ခတ်ပိတ်မည်ဆိုသည့်အမိန့် ထွက်လာသည့်အခါ ကျောင်းသားတွေနေနဲ့ ကန့်ကွက်ဆန့်ကျင်မှုတွေကို စရတော့သည်။
ဂျူလိုင်လ (၇)ရက်နေ့ (၁)နာရီချိန်မှာ တကသ ဥက္ကဌကိုဗဆွေလေး လက်မှတ်နဲ့ ကျေငြာဖိတ်ခေါ်ထားတဲ့ ကျောင်းသားထု အစည်းဝေးစတယ်။ ပညာရေးတောင်းဆိုချက်၊ ဒီမိုကရေစီရေးတောင်းဆိုချက်တွေ ဆုံးဖြတ်ပြီး တက္ကသိုလ်ဝန်းထဲမှာ လှည့်လည်ဆန္ဒပြကြပါတယ်။ မွန်းလွဲသုံးနာရီကျော်လောက်မှာ ဆန္ဒပြပွဲပြီးလို့ လူစုခွဲကာအေးအေးဆေးဆေးရှိနေပြီးမှ တော်လှန်ရေးကောင်စီတွေက ရဲတပ်ဖွဲဝင်တွေကို စေလွှတ်ပြီးကျောင်းသားတွေကိုဖမ်းရာမှစပြီး တဖက်နဲ့ တဖက်ရင်ဆိုင်တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ ကျောင်းသားတွေက အနာခံပြီး သတ္တိရှိရှိ ရင်ဆိုင်တိုက်ကြလို့ ရဲတွေနောက်ဆုတ်ကြရတယ်။ ရဲတွေနေရာမှာ စစ်သားတွေရောက်လာတယ်။ ဒုတိယဗိုလ်မှုးကြီး စိန်လွင်က ဦးဆောင်တယ်။ ၅ နာရီခွဲလောက်မှာ အထက်အမိန်ကိုရရှိတဲ့ စိန်လွင်က ပစ်မိန့်ပေးလို့ စစ်သားတွေနဲ့ လက်တကမ်းလောက်အကွာမှာ ရှိနေတဲ့ ကျောင်းသားထောင်ပေါင်းများစွာကို G 3 သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြလို့ ၁၅၀ ကျော်ကျော်လောက် ကျဆုံးခဲ့ရတယ်။ နောက်နေ့မနက် ၅နာရီခွဲလောက်မှာ တကသ အဆောက်အအုံကို မိုင်းခွဲဖျက်စီးပစ်ကြတယ်။
ဦးနေ၀င်းကတော့ ဇူလိုင်(၇)ရက်အရေးအခင်းကို ဖြေရှင်းခဲ့တာဟာ ကျုပ်အမှားမဟုတ်ဘူး၊ ဗိုလ်အောင်ကြီးရဲ့အမှားသာဖြစ်တယ်လို့ (၁၉၈၈)ခုနှစ် ဇူလိုင်(၂၃)ရက်နေ့ ကျိုက္ကဆံညီလာခံမိန့်ခွန်းမှာရှောင်ထွက်ဖို့ကြိုးစားပြီးတဲ့နောက် ဦးအောင်ကြီးကလည်း သူ့တာဝန်မဟုတ်ဘူးလို့ငြင်းဆိုခဲ့ပြန်ပါတယ်။
ထို့ကြောင့်စစ်အာဏာရှင်တွေအနေနဲ့ အဖြစ်မှန်ကို ဖုံးဖိထားပြီး အမှားတွေ ကျူးလွန်ကြတာ ဒီနေ့အထိ အတောမသတ်ကြသေးပါဘူး။
ဒီနှစ်မှာဆိုရင် ဇူလိုင်လ(၇)ရက်ဖြစ်ပွားခဲ့တာ (၄၇)နှစ်ရှိသွားပါပြီ အဲဒီအရေးအခင်းတုန်းက တက္ကသိုလ်မှာအငယ်ဆုံးကျောင်းသားတွေဟာ အသက်(၁၆)နှစ်ရှိခဲ့တာမို့ အခုအချိန်မှာ အသက်(၆၃)နှစ်ရှိနေကြပါပြီ။ ခုထိဘာတွေမှားခဲ့သလဲ ဘာလုပ်ရပ်တွေဟာ အလွန်အကျွံလဲ၊ သေဆုံးသူအရေအတွက်တွေက အမှန်တကယ်ဘယ်လောက်ရှိခဲ့သလဲ၊ သေဆုံးသူစာရင်းထဲမှာမထည့်သွင်း မကြေညာဘဲထားတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမ တူ၊တူမတွေဟာ မိမိတို့ရဲ့ သားသမီး အကို၊အမတွေ ရန်ကုန်တက္ကသိုလ်ဝန်းထဲကနေ ဘယ်ကိုရောက်သွားသလဲ ဘယ်နည်းနဲ့ပျောက်ဆုံးသွားသလဲ ခုထိမသိကြသေးပါ။ ဒီအဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီး နောက်နောင် ဒါမျိုးမဖြစ်ပွားအောင် ဘယ်လိုထိန်းသိမ်းကြမလည်းဆိုသည့် ကောက်ချက်မျိုး မရှိသေးပါဘူးး။ ထို့ကြောင့်ကျောင်းသားတွေရဲ့သမိုင်းတွေအဖြစ်မှန်တွေကိုမမေ့ပျောက်ကွယ်သွားအောင် အမှန်တရားတွေကို ဖော်ထုတ်ဖို့ရာ ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်နေဆဲဖြစ်ကြသောသူတွေအတွက် သမိုင်းတာဝန်ကျေပြွန်စေဖို့ရာ အနာဂတ်မျိုးဆက်သစ်လူငယ်များရဲ့တာဝန်ဖြစ်သာဖြစ်တယ်။

မှတ်ချက်။ ။ ယခင်ရေးသားခဲ့သောပို့စ်အား ပြန်လည်ဖြည့်စွက်တင်ပြခြင်းဖြစ်သည်။


အသေးစိတ်အချက်လက်များနှင့် မှတ်တမ်းတင်ပုံများကြည့်ရှုရန် ဒီမှာနှိပ်ပါ

ပြည့်စုံ

Continue reading ...

May 02, 2010

ကိုယ်ပိုင်မီးရှုးတိုင်၏ အလင်းရောင်

Unknown | 11:31 PM |
ပါရမီရှင် ဉာဏ်ကြီှးရှင်တို့၏ အကြီးမားဆုံး အရည်အသွေးကား မိမိဘ၀ကို မိမိဘာသာ ဦးဆောင်လမ်းပြနိုင်စွမ်းရှိခြင်းဖြစ်သည်။ ဘ၀တလျှောက် တောက်တောက်ပြောင်ပြောင် ဆောင်ရွက်နိုင်ခဲ့ကြသူများကိုကြည့်လျှင် မိမိဘာသာ မိမိဘ၀၏ အရှင်သခင်ဖြစ်ရမည်ဟူသော စိတ်မျိုးရှိပြီး မိမိချမှတ်ထားသော လမ်းကြောင်းအတိုင်း တစ်ကိုယ်တည်းရဲဝံ့စွာ လျှောက်လှမ်းတတ်ကြသူချည်းသာဖြစ်ကြောင်းတွေ့ရှိရလိမ့်မည်။
သိပ္ပံပညာရှင် အိုင်းစတိုင်း၊ ပန်းချီကျော် ပီကာဆိုစသည့် ပါရမီရှင်ကြီးတိုင်းပင် သူများမတွေးရဲသည်ကိုတွေး သူများမလုပ်ရဲသည်ကိုလုပ်ကာ ကြီးကျယ်ကျော်ကြားလာခဲ့ကြခြင်းဖြစ်သည်။ သူတို့မှာ ရည်ရှည်စွဲမြဲသော ဇွဲနပဲရှိသလို သူတပါးလှောင်ပြောင်ကန့်ကွက်မှာကိုမကြောက်သည့်စိတ် တလောကလုံးမှာ ကိုယ့်တယောက်တည်းသာဖြစ်သော်လည်း မတုန်လှုပ်သောစိတ်များရှိကြသည်။
လူတိုင်း အိုင်းစတိုင်းတို့လောက်ကြီးကျယ်နိုင်သော်လည်း မည်သူမဆို မိမိကိုကိုယ် သာမန်မဟုတ်သူ သူတပါးထက် ခေါင်းတလုံးတော့ သာသူ (သို့မဟုတ်) ကိုယ့်မူ၊ ကိုယ့်ဟန် ကိုယ့်ပုံစံဖြစ် ရပ်တည်သူဖြစ် အသိအမှတ်ပြုခံလာရအောင်ကား ကြိုးစားရနိုင်သည်။
စာရေးစရာကြီး ဂျွန်နသန်ဆွစ်ဖ်က " လူတွေကိုယ့်အားနည်းချက်ကိုယ်မသိရကောင်းလားလို့ ကျနော်တို့အပြစ်တင်တတ်ကြတယ် တကယ်လက်တွေ့မှာ ကိုယ့်အရည်အချင်း၊ ကိုယ့်စွမ်းအားကို မသိတဲ့သူတွေက ပိုများတယ်။ လူဆိုတာ မြေကြီးလိုပဲ၊ တချို့မြေကြီးထဲမှာ ရွှေကြောရှိချင်ရှိနေတာ၊ ပိုင်ရှင်က သိတာမဟုတ်ဘူး " ဟူ၍ဆိုခဲ့ဖူးသည်။ မှန်သည် ကိုယ့်အားနည်းချက်ကို ရှာဖွေဖော်ထုတ်ရင်း ကုန်ဆုံးရမည့် အချိန်များကို မိမိစွမ်းအား ရွှေကြောများရှာဖွေဖော်ထုတ်ရာ၌ အသုံးပြုမည်ဆိုလျှင်ပို၍ တန်ဖိုးရှိပေမည်။
ထို့ကြောင့် မည်သူမဆို ကိုယ့်ဘ၀ ကိုယ်လမ်းပြမည်၊ မအောင်မြင်ခင်မှာ သူတပါးပြစ်တင်ဝေဖန်ရှုံ့ချတာတွေကို လျစ်လျူရှုကာ မိမိဦးတည်ချက်ပန်းတိုင်ရောက်အောင် ကိုယ့်ဘာသာ ရဲရဲဝံ့ဝံ့လျှောက်မည်ဆိုက တချိန်သောကာလ၌ မိမိရည်မှန်းချက်ပန်းတိုင်သို့မုချရောက်မည်ဖြစ်သကဲ့သို့ ပန်းတိုင်သို့ ချီတက်နေစဉ်ကာလတလျှောက်လည်း စိတ်ချမ်းသာပျော်ရွှင်မှုကို ခံစားသွားနိုင်မည်ဖြစ်ပေသည်။

ကိုးကား။ ။ ( Ari Kiev ၏ A Strategy for Daily Living)
Continue reading ...

February 18, 2010

ပရဟိတ စိတ်

Unknown | 1:13 AM |
ရေရှည်စိတ်ချမ်းသာပျော်ရွှင်မှုအတွက် မိမိရည်မှန်းချက်ထမြောက်အောင်မြင်ရေးကို အလေးပေးဆောင်ရွက်ရမည်ဆိုသော်လည်း အတ္တအကျိုးစီးပွားကိုချည်း အမြဲဦးစားပေးမနေမိအောင်ကား သတိပြုရန်လိုပါသည်။
မြန်မာ့ရိုးရာတွင် အများကျိုးဆောင် ကိုယ့်ကျိုးအောင်ဟူသောစကားတစ်ခွန်းရှိသည်။ အတ္တအကျိုးနှင့် ပရအကျိုးဆက်စပ်ပတ်သက်နေသည်ဆိုသောသဘော။ သည်သဘောကိုပင် တရုတ်ပညာရှိကြီးကွန်ဖြူးရှပ်စ်က " အများကောင်းကျိုး သယ်ပိုးမည့်သူ့၌ မိမိအကျိုးပါ သေချာပြီးဖြစ်သည်" ဟူ၍ဆိုခဲ့သည်။

ကောင်းသောအလုပ် လုပ်သူသည် ထိုလုပ်ရပ်က ပေးသည့် ဆုလာဘ်ကို ခံစားရမြဲဖြစ်သည်။ ဘယ်သူတွေကို သူကူညီနိုင်မလဲ၊ ဘာတွေ သင်ကူညီနိုင်မည်လဲ၊ ပတ်ဝန်းကျင်မှာကြည့်မှာ။ သင့်မြို့သင့်ရွာ၊ ပြီးတော့ သင့်မိသားစု၊ သင့်ဆွေမျိုး၊ သင့်မိတ်ဆွေ၊ သင့်လုပ်ဖော်ကိုင်ဖက်၊ အကြောင်းအားလျော်စွာတွေ့ကြုံသိကျွမ်း မျက်မှန်းတမ်းမိသူများ၊ သူတို့အကျိုးအတွက် သင်ဘာတွေ ဘယ်လောက် သယ်ပိုးပေးနိုင်သနည်း။ သင်ဆောင်ရွက်သည့်အတိုင်းအတာနှင့် တူညီသော အကျိုးကို သင်ခံစားရမည်ဖြစ်သည်။
ဥပမာ သူတစ်ပါးထံမှ လေးစားချစ်ခင်မူကို လိုသည်ဆိုပါစို့။ ဦးစွာပထမ မိမိက လေးစားကြောင်းပြရလိမ့်မည်။
ကိုယ်လေးစားလျှင် သူလေးစားလာလိမ့်မည်။ မယုံမရှိနှင့်။ တစ်လလောက် စမ်းကြည့်ပါ။ လမ်းမှာ၊ အိမ်မှာ၊ ရုံးမှာ၊ တစ်ဦးချင်းတွေ့ရသူ အသီးသီးကို တကယ်အရေးပါသော ပုဂ္ဂိုလ်များသဖွယ် သဘောထားပြီး ဆက်ဆံကြည့်ပါ။
လူဆိုသည်က အရေးပါချင်သူချည်းဖြစ်သည်။ အရေးတယူပြုခံချင်သူချည်းဖြစ်သည်။ ပြီး လူအများအပြားပင်မိမိကို တခြားလူတွေ အရေးတယူပြုသလောက် မပြုဟု ထင်မှတ်ခံစားနေတတ်ကြသည်။ သူတို့ကို သင်က အရေးတယူပြုလိုက်သည့်အခါ သူတို့အလိုဆန္ဒတွေ ပြည့်ဝကြသည်။ သင်နှင့် တွေ့သဖြင့်သူတို့စိတ်ချမ်းသာကြသည်။ သည်အတွက်သင့်အား ကျေးဇူးတင်သည်။ ခင်မင်သည်၊ လေးစားသည်။ သင့်မှာ အကြောင်းကြီးငယ်ရှိလျှင်စေတနာဗရပွနှင့် သင့်အား ကူညီကြမည်။
တဖန် တစ်ဖက်သားကို လေးစားစွာဆက်ဆံနိုင်ရန်အတွက် ထိုသူ၏ အရေးကိစ္စများ၊ ၎င်း၏ အယူအဆနှင့် ခံစားချက်များအပေါ် စိတ်ဝင်စားမှုရှိရန်လို၏ စင်စစ် ထိုစိတ်ဝင်စားမှုမှလည်း ကြီးမားသော အကျိုးကျေးဇူးရနိုင်သေး၏။ လောကလူသားတိုင်းမှာပင် သူများနှင့်မတူသော အတွေ့အကြုံနှင့် အတွေးအမြင်များရှိတတ်ကြသည်ဖြစ်ရာ လူအများကို စိတ်ဝင်စားသူသည် လောကအကြောင်း လူ့အကြောင်းကို သူတကာထက် နှံ့စပ်သိမြင်သူဖြစ်လာနိုင်ပေသည်။

ဤဆောင်းပါးမှ သူငယ်ချင်းမိတ်ဆွေများ တစုံတခု ရလိုက်မယ်ဆိုရင်ဖြင့် ကျေနပ်ပါတယ်...။
ကိုးကား။ ။ ( Ari Kiev ၏ A Strategy for Daily Living)

ချစ်ခင်စွာဖြင့်
ပြည့်စုံ (ဝေါသားလေး)
Continue reading ...

August 29, 2009

စိတ်ဖိစီးမှုနည်းပါးအောင် ထိန်းသိမ်းခြင်း အပိုင်း(၂)

Unknown | 10:32 PM |
လူမှုဆက်ဆံရေးလောကတွင် ကျွမ်းကျင်အဆင်ပြေသူတစ်ဦးဖြစ်လိုက သူတစ်ပါး၏သဘောကို သိရှိနားလည်တတ်ရန်လိုသကဲ့သို့ မိမိ၏ စိတ်ဓါတ်၊ မိမိ၏အမူအကျင့်များကိုလည်း ဝေဖန်သုံးသပ်ပြုပြင်တတ်ဖို့လိုပေသည်။
သင်သည် အခြားသူများ၏ အထင်အမြင်ကို ဂရုစိုက်လွန်းနေသည်လား၊ သင့်အလုပ်နှင့်ပတ်သက်၍ မကျေနပ်နိုင် စိတ်တိုင်းမကျနိုင် ပြင်၍ဆင်၍မပြီးနိုင် ဖြစ်နေခြင်းသည် သင့်မှာစိတ်ကျအားငယ်မှုတစ်ခုခုငုပ်လျှိုးတည်ရှိနေ၍လား၊ သူတစ်ပါးဝေဖန် ပြောဆိုမှုကို သင်ကြောက်နေသည်ဆိုပါစို့။ ကြောက်ရခြင်းအကြောင်းရင်းသည် ဘာလဲ။
ကိုယ့်ကိုကိုယ်စူးစမ်းစစ်ဆေးဖော်ထုတ်သည့်အခါ အကယ်၍ ကိုယ့်မှာ အပြစ်အနာအဆာတွေချို့ယွင်းချက်တွေ အမှန်တကယ်ရှိနေက ယင်းတို့ကွယ်ပျောက်အောင် ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်း၊ ဖြည့်ဆည်းခြင်းများပြုနိုင်သကဲ့သို့ မိမိ၌ တကယ်တမ်းမချို့ယွင်းဘဲ စိတ်ကျအားငယ်ခြင်းသာရှိနေသည်ဆိုက မိမိစိတ်ကိုပင် ထိန်းကျောင်းပြုပြင်ကာ ရဲရဲဝံ့ဝံ့ရပ်တည် ကျင်လည်သွားနိုင်မည်ဖြစ်သည်။
လူသည် သူတစ်ပါးနှင့်လိုက်လျောညီထွေနေရန် လိုသကဲ့သို့ ကိုယ့်အရေး ကိုယ့်ကိစ္စကိုလည်း ဂရုစိုက်ရန်လိုပေသေးသည်။ သူတစ်ပါးအပေါ် သဘောကောင်းသလို မိမိကိုယ်တိုင်အပေါ်လည်း သဘောကောင်းတတ်ဖို့လိုသည်။ သို့မှသာ ရေရှည်စိတ်ချမ်းသာနိုင်မည်ဖြစ်သည်။
အချို့လူများမှာ လူတကာ၏ ကိစ္စ၊ လူတကာ၏ ပြဿနာတွင်ဝင်ပါတတ်၊ ၀င်ကူတတ်၏ သဘောကောင်းသူ၊ ချဉ်းကပ်ရလွယ်သူအဖြစ် လူသိများလာသည့်အခါ တဖြည်းဖြည်း လူတကာ အားမနာ ပါးမနာ သူ၏အချိန်ရော လုပ်အားကိုပါ အလွယ်တကူ ရယူသုံးစွဲလာကြတော့၏ သဘောကောင်းသော လူခမျာ သူတစ်ပါး ၀န်ထုပ်ဝန်ပိုးများကို ထမ်းရင်းအချိန်ကုန် လူပန်းကာ ကိုယ့်အလုပ်ကို အောင်မြင်စွာ အကောင်အထည်မဖော်နိုင်ဖြစ်လာပြီး နောက်ဆုံး၌ အရာမ၀င်သူ၊ အရည်အချင်းမရှိသူ၊ သူတစ်ပါးအလုပ်တွင် အဖော်လိုက်ရုံသက်သက်လောက်သာ တတ်နိုင်သူအဆင့်သို့ လျှောကျသွားတတ်ပေသည်။
ထို့ကြောင့် မိမိအပေါ် ဖိစီးလာမည့် အကူအညီမျိုး တောင်းခံလာလျှင် မိတ်ဆွေကို ဖြစ်စေ၊ ဆွေမျိုးကိုဖြစ်စေ၊ သဘောကောင်းလွန်မနေဘဲ ရှင်းရှင်းလင်းလင်း ငြင်းဆိုတတ်ရန် လိုပေသည်။ ထိုသို့ ငြင်းသဖြင့် လတ်တလောတွင် အားနာစရာဖြစ်ချင်ဖြစ်တတ်သော်လည်း သည်နည်းဖြင့်သာ ရေရှည်စိတ်ညစ်ရမည့်ဘေးမှ ကင်းဝေးနိုင်မည် ဖြစ်သည်။
လူ၌ စိတ်ဖိစီးမှုနည်းပါးအောင် ကာကွယ်သည့် ကိုယ်ခံစွမ်းအားတစ်ရပ်က မိမိကိုယ်ကို ယုံကြည်စိတ်ဖြစ်သည်။
ယုံကြည်စိတ်ပြည့်ဝသည့်အခါ မိမိဦးတည်ရည်မှန်းသည့်အရာကို ရအောင် အကောင်အထည်ဖော်မည့် အစွမ်းသတ္တိများရှိလာသကဲ့သို့ အခက်အခဲ အကျပ်အတည်းများကိုလည်း ကြံ့ကြံ့ခံကျော်လွှားနိုင်လာသည်။
လူသည်မိမိကိုယ်ကို ယုံကြည်စိတ်ချနိုင်ရန်အတွက် သူ့ခေါင်းထဲတွင်ရှင်းလင်း ပြတ်သားနေရန်လို၏ ခေါင်းထဲရှင်းနေရန်အတွက် စဉ်းစားစရာရှိသမျှ ရှင်းလင်းပြတ်သားစွာ စဉ်းစားဝေဖန်ထားရန်လို၏။
စဉ်းစားသောအလုပ်ကို သူတစ်ပါးနှင့်လုပ်၍မရ၊ ကိုယ့်တစ်ကိုယ်တည်းပဲလုပ်ရမည်ဖြစ်၏။ မိမိနှင့်အကြိတ်အနယ် ငြင်းခုံဝေဖန်ကာ ငါ့ရည်မှန်းချက်သည် ဘာ၊ ငါ့လက်ရှိ အရည်အချင်းအစွမ်း သတ္တိက ဘာ၊ ရည်မှန်းချက်အောင်မြင်ရေးအတွက် ရေရှည်လုပ်ရမည်က ဘာ၊ လက်တလော လုပ်သင့်သည်က ဘာ စသည်ဖြင့် ခေါင်းထဲတွင် ရှင်းလင်းပြတ်သားသွားပြီဆိုလျှင် ရဲဝံ့ယုံကြည်စိတ်တွေ ပြည့်ဝလာမည်။ စိတ်အားသတ္တိတွေ ကြီးမားလာမည် ဖြစ်သည်။
သည့်အတွက် အခါအားလျော်စွာ တစ်ကိုယ်တော် ခေါင်းရှင်းချိန်ကလေး ပေးထားရန်လို၏။ တစ်ယောက်တည်း လမ်းလျှောက်ထွက်ရင်းသော်လည်းကောင်း၊ စာကြည့်တိုက်မှာ၊ ဘုရားကျောင်းကန်မှာ၊ ပန်းခြံထဲမှာ၊ နေအိမ်က တိတ်ဆိတ်သောအခန်းတစ်ခန်းထဲမှာ ငြိမ်သက်စွာထိုင်ရင်းသော်လည်းကောင်း၊ တစ်ကိုယ်တည်းလွတ်လပ်စွာ စကားပြောကာ ခေါင်းရှင်းနိုင်ပေသည်။
နေ့စဉ်ခေါင်းရှင်းချိန်အနည်းငယ်စီပေးထားမည်ဆိုက ဦးတည်ချက်ပြတ်သားကာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်များ အစဉ်ပြည့်ဝနေမည်ဖြစ်သည်။

ဤဆောင်းပါးမှ သူငယ်ချင်းမိတ်ဆွေများ တစုံတခု ရလိုက်မယ်ဆိုရင်ဖြင့်ကျေနပ်ပါတယ်....။

ကိုးကား။ ။ (Ari Kiev ၏ A Strategy for Daily Living )

ပြည့်စုံ
Continue reading ...

August 24, 2009

စိတ်ဖိစီးမှုနည်းပါးအောင် ထိန်းသိမ်းခြင်း အပိုင်း(၁)

Unknown | 6:54 PM |
ကျနော်လည်း ဖိစီးမှုတွေများနေတာနဲ့ ဘာမှပုံဖော်လို့မရဘူးဖြစ်နေတယ်... တခုပြီးတခု တခုပြီးတခု အလွဲတွေချည်းဖြစ်ဖြစ်နေတယ်... လိုချင်တာတွေ လိုအပ်တာတွေ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေကလည်း ဘယ်အချိန်မှ ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျမလည်းမသိပါဘူး...။ အဲဒီလိုနဲ့ကျနော်လည်း ဘာကြောင့်လည်းဆိုပြီး လေ့လာနေမိတယ်….
နှစ်ဆယ်ရာစု လူမှုဘ၀တွေက စိတ်ဖိစီးမှုများလွန်းသော ဘ၀ဟု ဆိုကြတယ်။ ရှေးခေတ်ကထက် အဆမတန်တိုးတက်ပြောင်းလဲလာပြီး အရာရာ အလွန်မြန်ဆန်လာသောကာလဖြစ်တဲ့အလျောက် ယခုခေတ်လူများမှာ ရှေးခေတ်လူများထက် စိတ်ဖိစီးစရာအကြောင်းတွေများလာသည်ဟုဆိုလျှင် မှန်သင့်သလောက်မှန်သည်ဟု လက်ခံရမှာဖြစ်တယ်။ သို့သော် သည်ခေတ်ထဲမှာပင် အချို့လူများက စိတ်ပေါ့ပါးသက်သာနေကြပြီး အချို့လူများမှာ စိတ်ဖိစီးမှုလွန်ကဲကြီးမားနေတတ်သည်ကို သတိပြုဆင်ခြင်ကြည့်ရန်လိုပါသည်။
စိတ်ဖိစီးမှုလွန်ကဲရသည့် အဓိကအချက်တစ်ခုက မပြတ်သားခြင်းဖြစ်သည်။ သည်ကိစ္စတွင် တိကျသော ဦးတည်ရည်မှန်းချက်ရှိမရှိ ဟူသောအချက်သည်ကလည်း အတော်လေးစကားပြောပါတယ်။ ဦးတည်ချက် တိတိကျကျရှိသူသည် မိမိနှင့်သက်ဆိုင်ရာကိစ္စတွင်ပြတ်ပြတ်သားသား ကိုယ်ရောစိတ်ပါဆောင်ရွက်တတ်သည်။ သည်လူမျိုးတွင် အလုပ်တစ်ခုထဲတွင် အချိန်ပြည့်နစ်မြုပ်ချင် နစ်မြုပ်နေမည်ဖြစ်သော်လည်း လုပ်သမျှအလုပ်သည် ကိုယ့်စိတ်နှင့်ကိုယ့်ကို လုပ်နေခြင်း၊ ရဲဝံ့ကြည်စွာလုပ်နေခြင်းဖြစ်ရာ သူ့၌ စိတ်ဖိစီးမှု အလွန်နည်းပါးသည်။
ဦးတည်ချက် မရေရာသူများမှာ နေရာတကာပင်မပြတ်သား ချီတုံချတုံ၊ အများသဘောအများလက်ခံမည့်ပုံစံအတိုင်းလိုက်၍ လုပ်မိတတ်ကြသည်။ သူများစိတ်နှင့် ကိုယ့်ကိုယ် အလုပ်လုပ်ရသည့်အခါ ထက်သန်စိတ်နည်းသဖြင့် အောင်မြင်ရန်ခဲယဉ်းသွားတတ်သည်။ သည်အခါ သည်အလုပ်လုပ်မိခဲ့တာ မှားလားဟု ပြန်တွေးတောပြီး စိတ်အနှောက်အယှက် ဖြစ်ရပြန်သည်။
ဤသို့ဖြင့် ဦးတည်ချက်မခိုင်မာသူများမှာ မရေရာ မသေချာ နေထိုင်လည်ရင်း စိတ်ဖိစီးမှုဒါဏ်ကို သူတကာထပ်ခံနေရတတ်ပေသည်။ အချို့လူများတွင် စိတ်ဖိစီးမှုလွန်ကဲရသည့် အကြောင်းတစ်ခုကား အရေးပါလွန်းခြင်း၊ အထအနကောက်တတ်လွန်းခြင်းဖြစ်သည်။ သူတစ်ပါးအမှတ်တမဲ့ပြောလိုက်သည့် စကားတစ်လုံးကို အဓိပ္ပါယ်ဆွဲဆန့်ကာ ကြိတ်မနိုင်ခဲမရ ဖြစ်တတ်သူ၊ တစ်ဖတ်လူ၏ အမူအရာမှာ မိမိကို မလေးစားသည့်အရိပ်အရောင်ရိုးတိုးရိုးတိတ်ပါသည်ထင်လျှင်ပင် မခံချိ မခံသာ ဖြစ်တတ်သူ၊ သည်လူမျိုးများမှာ လူ့လောကတွင် ကျင်လည်နေသည့် ဘ၀တစ်လျှောက် စိတ်ချမ်းသာချိန် အလွန်နည်းပါးနေမှာ သေချာသည်။
" လောကကြီးမှာ လူတိုင်း သူ့ဘောနှင့် သူရပ်တည်နိုင်ကြသည်ပဲ၊ လူ့စိတ်ဆိုသည်က မတည်ငြိမ်၊ အမြဲပြောင်းလဲနေတတ်သည်။ မနေ့က ကြည်ဖြူသူသည်လည်း သည်ကနေ့ တစ်မျိုးတစ်မည် ဖြစ်နိုင်သည်။ မနက်ဖြန်ကျတော့ သဘောတွေ အရမ်းကောင်းချင်ကောင်းနေဦးမည် " စသည်ဖြင့် စဉ်းစားနားလည်ကာ သူ့ဘက်က ကိစ္စကို အလေးထားမနေဘဲမိမိ ဘက်ကအပြုသဘောဆောင်သော ဆက်ဆံမှု၊ အကောင်းဘက်ကို မျှော်လင့်သော စိတ်ထားတို့ဖြင့်သာ တစ်သမတ်တည်း သွားနိုင်အောင် ကြိုးစားမည်ဆိုက ရေရှည်တွင် တစ်ဖတ်သားတို့ထံမှ ခင်မင်မှု၊ ယုံကြည်မှု၊ အပြုသဘောဆောင်သည့်တုံ့ပြန်မှုများ မုချရရှိလာမည်ဖြစ်သည်။

အပိုင်း(၂) ဆက်လက်ဖော်ပြပါဦးမည်…။
ကိုးကား။ ။ (Ari Kiev ၏ A Strategy for Daily Living )

ပြည့်စုံ
Continue reading ...

August 04, 2009

ရှစ်လေးလုံး စိတ်ဓါတ်မြှင့်တင်ကြ

Unknown | 8:57 PM | |
8888
ဤဓါတ်ပုံအား ကိုနစ်နေမန်းဘလော့မှ ကူးယူသည်။

မြန်မာနိုင်ငံပြည်သူတို့သည် အသက်၊သွေး၊ ချွေးများစွာစတေးကာ နယ်ချဲ့နှင့် ဖက်ဆစ်စနစ်တို့ကို တိုက်ပွဲဝင်၍လွတ်လပ်ရေးကိုရယူခဲ့သည်။ တိုင်းတပါးကျွန်ဘ၀မှ လွတ်မြောက်ပြီးလွတ်လပ်ရေး၏ အနှစ်သာရကို ခံစားခွင့်မရမီ စစ်အုပ်စုက နိုင်ငံ၏အချုပ်အခြာအာဏာကို သိမ်းယူခဲ့သည်။ မြန်မာလူထုသည် စစ်အာဏာရှင်တို့အား တိုင်းရင်းသား လက်နတ်ကိုင်တော်လှန်ရေးများ၊ ကျောင်းသား၊ အလုပ်သမား၊ တောင်သူလယ်သမားစသည့် အလွှာအသီးသီးတို့၏ လှုပ်ရှားမှုများ၊ မှိုင်းရာပြည့်နှင့် ဦးသန့်အရေးအခင်းကဲ့သို့ အချိန်အခါသင့်တိုက်ပွဲများ စသည့် သဏ္ဌာန်မျိုးစုံဖြင့် တလျှောက်လုံးဆန့်ကျင်ခဲ့သည်။ ဤသို့ဖြင့် ခေတ်ကာလ အဆက်ဆက် တော်လှန်တိုက်ပွဲဝင်ခဲ့ရာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင်ကား…
လွန်ခဲ့သည့် (၂၁)နှစ် သြဂုတ်လ၌ မြန်မာနိုင်ငံတ၀န်းလုံးတွင်အုပ်စိုးမှု ဆန့်ကျင်သည့် လူထုအရေးတော်ပုံကြီးများဖြင့် မြန်မာ့သမိုင်းအား ရေးထိုးခဲ့ကြသည်။ လူထုသမိုင်းဖြစ်သည်။ ဖိနှိပ်သူအားတော်လှန်သည့် လူထုတိုက်ပွဲဖြစ်သည်။ ၁၃၅၀ ပြည့် ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်သည်။ ကျောင်းသားများကစသည်… အလုပ်သမားတို့ပါလာသည်… လယ်သမားများပါလာသည်… ရဟန်းသံဃာများလည်း မနေသာ ပါဝင်လာကြသည်… လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံပါဝင်လာကြသည်… အိမ်ရှင်မများလည်းမနေသာ စကောများ၊ ငရုတ်ကျဉ်ပွေ့များကိုင်၍ပါခဲ့ကြသည်… နောက်ဆုံး… ဖိနှိပ်အုပ်စိုးသူ၏ ဖိနှိပ်ရေးကိရိယာများဖြစ်သည့် လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်လာခဲ့ကြသည်… မြန်မာ့သမိုင်း၌ ဂုဏ်ရောင်ပြောင်သည့်ကြီးမားသော တိုက်ပွဲကြီးဖြစ်သည်…။ မြန်မာ့သမိုင်းတွင် ကမ္ဘာတည်သရွေ့ ဥဒါဉ်းတွင်နေမည့် လူထုအရေးတော်ပုံကြီးဖြစ်သည်…။ မဆလသည် ရပ်၊ကျေးမှ နိုင်ငံတော်ကောင်စီအထိ အုပ်ချုပ်ရေးအားချထားခဲ့သည်.. တပ်အား လက်ကိုင်ဒုတ်အဖြစ် တည်ဆောက်သည်.. ဖိနှိပ်ရေးယန္တရားများအား ချဲ့သည်… ဤသို့ (၂၆)နှစ် ခိုင်မြဲခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအား ဖြုတ်ချနိုင်ခဲ့သည်။ ဒီမိုကရေစီတံခါးအား တွန်းဖွင့်နိုင်ခဲ့ကြသည်… (၂၁)နှစ်ကြာခဲ့ပါပြီ… သမိုင်းသည် ခါးသက်လှပေသည် အာဏာရှင်တို့သည် သူရဲကောင်းအထောင်အသောင်းတို့ရဲ့ အသက်သွေးတို့ဖြင့် အဆုံးသတ်ပစ်ခဲ့သည်… မမေ့…. နှလုံးသားအတွင်း စွဲနှစ်၍နေဆဲ… အသွေးအသားထဲတွင် စီးမျော၍နေဆဲ… လမ်းမများထက် သွေးတို့ကား မခြောက်သေး… ကျဆုံးသူ အာဇာနည် အထောင်အသောင်းတို့၏ အရိုးများ တွန်သံပို၍ကျယ်လောင်လာသလိုခံစားမိပါသည်….။
တော်လှန်ရေးတို့မည်သည် လူထုတိုက်ပွဲဖြင့် အဆုံးသတ်ရပေသည်။ အမှန်တရားသည် အချိန်ကြာတတ်သော်လည်းနောက်ဆုံးတွင် အနိုင်ရစမြဲဖြစ်သည်။ သမိုင်းသည် ကျွန်ုပ်တို့၏ နောက်ဆုံးတိုက်ပွဲအား ငံ့လင့်လျှက်ရှိသည်။ စေ့စပ်၍မရသော လက်တစ်ဆုပ်စာစစ်အာဏာရှင်တို့၏ နိဂုံးကမွတ် အဆုံးသတ်ချိန်သည် လွန်စွာနီးကပ်လာပြီ… ရှစ်လေးလုံးအရေးတောင်ပုံကြီးသည် သမိုင်းဝင်အောင်ပွဲ တစိတ်တဒေသကို ရယူပေးခဲ့ပြီးဖြစ်သည်… သို့ဖြင့်ရာ ရှစ်လေးလုံးအရေးတော်ပုံ၏ စိတ်ဓါတ်ကို ကိုင်စွဲလျက် ဒီမိုကရေစီအောင်ပွဲရသည်အထိ တိုက်ပွဲဝင်ရမည့်တာဝန်မှာ ကျွန်ုပ်တို့ပခုံးထက်တွင်ရှိနေသော သမိုင်းပေးတာဝန်ကြီးဖြစ်သည်။


ရှစ်လေးလုံးအရေးတော်ပုံကြီးတွင်ရေးစပ်ခဲ့သော အာဇာနည်များမှ အာဇာနည်များသို့ သ၀ဏ်လွှာ ကဗျာဖတ်ရှုလိုလျှင်...

ဒီမိုကရေစီအရေး တိုက်ပွဲအဆက်ဆက်ကျဆုံးသွားသော အာဇာနည်များအား ဦးညွှတ်လျှက်
ပြည့်စုံ

Continue reading ...

July 05, 2009

စစ်အာဏာရှင်နှင့် ဆဲဗင်းဂျူလိုင်

Unknown | 11:25 PM |
ဇူလိုင် (၈)ရက်နံနက်လင်းအားကြီးအချိန်တွင် စစ်တပ်က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည် သမဂ္ဂအဆောက်အဦး

မြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ မျိုးသားရေးလွတ်မြောက်ရေး ဒီမိုကရေစီရည်မှန်းချက် စဖြင့်အမျိုးမျိုးရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင်အမျိုးသားလွတ်မြောက်ရေးကိုတောင်းဆိုတဲ့ ပြည်လုံးကျွတ် အထွေထွေသပိတ်ရဲ့ အစိတ်အပိုင်းဖြစ်သည်။

၁၉၆၂ခုနှစ် မတ်လ (၂) ရက် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီက မေလ (၉) ရက်နေ့မှာ တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းတဲ့အမိန့်ကို ထုတ်ပြန်လိုက်ပြီး တော်လှန်ရေး ကောင်စီက တက္ကသိုလ်အုပ်ချုပ်ရေး တာဝန်အားလုံးကို ချုပ်ကိုင်လိုက်ပါတယ်။ မေလ (၁၀)ရက်နေ့မှာ ဦးနေ၀င်းက တက္ကသိုလ်ကောင်စီဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။ တက္ကသိုလ်အက်ဥပဒေအရ မဲပေးခြင်းစနစ်ကို ဖျက်သိမ်းလိုက်ပြီလို့နဲ့ ရွေးချယ်ခန်ထားတဲ့ ပါမောက္ခဦးကာကို ပေါမောက္ခချုပ်အဖြစ် တချက်လွှတ်အမိန့်နဲ့ ခန့်လိုက်တယ်။ အဲဒီအချိန်ကစပြီး တက္ကသိုလ်ကျောင်းသားတွေနဲ့ ဆရာတွေကို ချုပ်ချယ်တဲ့ ဥပဒေစည်းမျဉ်းသစ်ဆိုတာတွေကို တခုပြီး တခုထုတ်ပြန်လာတယ်။ တက္ကသိုလ်ကျောင်းဆောင်တွေကိုည(၈)နာရီမှာ သော့ခတ်ပိတ်မည်ဆိုသည့်အမိန့် ထွက်လာသည့်အခါ ကျောင်းသားတွေနေနဲ့ ကန့်ကွက်ဆန့်ကျင်မှုတွေကို စရတော့သည်။
ဂျူလိုင်လ (၇)ရက်နေ့ (၁)နာရီချိန်မှာ တကသ ဥက္ကဌကိုဗဆွေလေး လက်မှတ်နဲ့ ကျေငြာဖိတ်ခေါ်ထားတဲ့ ကျောင်းသားထု အစည်းဝေးစတယ်။ ပညာရေးတောင်းဆိုချက်၊ ဒီမိုကရေစီရေးတောင်းဆိုချက်တွေ ဆုံးဖြတ်ပြီး တက္ကသိုလ်ဝန်းထဲမှာ လှည့်လည်ဆန္ဒပြကြပါတယ်။ မွန်းလွဲသုံးနာရီကျော်လောက်မှာ ဆန္ဒပြပွဲပြီးလို့ လူစုခွဲကာအေးအေးဆေးဆေးရှိနေပြီးမှ တော်လှန်ရေးကောင်စီတွေက ရဲတပ်ဖွဲဝင်တွေကို စေလွှတ်ပြီးကျောင်းသားတွေကိုဖမ်းရာမှစပြီး တဖက်နဲ့ တဖက်ရင်ဆိုင်တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ ကျောင်းသားတွေက အနာခံပြီး သတ္တိရှိရှိ ရင်ဆိုင်တိုက်ကြလို့ ရဲတွေနောက်ဆုတ်ကြရတယ်။ ရဲတွေနေရာမှာ စစ်သားတွေရောက်လာတယ်။ ဒုတိယဗိုလ်မှုးကြီး စိန်လွင်က ဦးဆောင်တယ်။ ၅ နာရီခွဲလောက်မှာ အထက်အမိန်ကိုရရှိတဲ့ စိန်လွင်က ပစ်မိန့်ပေးလို့ စစ်သားတွေနဲ့ လက်တကမ်းလောက်အကွာမှာ ရှိနေတဲ့ ကျောင်းသားထောင်ပေါင်းများစွာကို G 3 သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြလို့ ၁၅၀ ကျော်ကျော်လောက် ကျဆုံးခဲ့ရတယ်။ နောက်နေ့မနက် ၅နာရီခွဲလောက်မှာ တကသ အဆောက်အအုံကို မိုင်းခွဲဖျက်စီးပစ်ကြတယ်။
ဦးနေ၀င်းကတော့ ဇူလိုင်(၇)ရက်အရေးအခင်းကို ဖြေရှင်းခဲ့တာဟာ ကျုပ်အမှားမဟုတ်ဘူး၊ ဗိုလ်အောင်ကြီးရဲ့အမှားသာဖြစ်တယ်လို့ (၁၉၈၈)ခုနှစ် ဇူလိုင်(၂၃)ရက်နေ့ ကျိုက္ကဆံညီလာခံမိန့်ခွန်းမှာရှောင်ထွက်ဖို့ကြိုးစားပြီးတဲ့နောက် ဦးအောင်ကြီးကလည်း သူ့တာဝန်မဟုတ်ဘူးလို့ငြင်းဆိုခဲ့ပြန်ပါတယ်။
ထို့ကြောင့်စစ်အာဏာရှင်တွေအနေနဲ့ အဖြစ်မှန်ကို ဖုံးဖိထားပြီး အမှားတွေ ကျူးလွန်ကြတာ ဒီနေ့အထိ အတောမသတ်ကြသေးပါဘူး။
ဒီနှစ်မှာဆိုရင် ဇူလိုင်လ(၇)ရက်ဖြစ်ပွားခဲ့တာ (၄၇)နှစ်ရှိသွားပါပြီ အဲဒီအရေးအခင်းတုန်းက တက္ကသိုလ်မှာအငယ်ဆုံးကျောင်းသားတွေဟာ အသက်(၁၆)နှစ်ရှိခဲ့တာမို့ အခုအချိန်မှာ အသက်(၆၃)နှစ်ရှိနေကြပါပြီ။ ခုထိဘာတွေမှားခဲ့သလဲ ဘာလုပ်ရပ်တွေဟာ အလွန်အကျွံလဲ၊ သေဆုံးသူအရေအတွက်တွေက အမှန်တကယ်ဘယ်လောက်ရှိခဲ့သလဲ၊ သေဆုံးသူစာရင်းထဲမှာမထည့်သွင်း မကြေညာဘဲထားတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမ တူ၊တူမတွေဟာ မိမိတို့ရဲ့ သားသမီး အကို၊အမတွေ ရန်ကုန်တက္ကသိုလ်ဝန်းထဲကနေ ဘယ်ကိုရောက်သွားသလဲ ဘယ်နည်းနဲ့ပျောက်ဆုံးသွားသလဲ ခုထိမသိကြသေးပါ။ ဒီအဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီး နောက်နောင် ဒါမျိုးမဖြစ်ပွားအောင် ဘယ်လိုထိန်းသိမ်းကြမလည်းဆိုသည့် ကောက်ချက်မျိုး မရှိသေးပါဘူးး။ ထို့ကြောင့်ကျောင်းသားတွေရဲ့သမိုင်းတွေအဖြစ်မှန်တွေကိုမမေ့ပျောက်ကွယ်သွားအောင် အမှန်တရားတွေကို ဖော်ထုတ်ဖို့ရာ ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်နေဆဲဖြစ်ကြသောသူတွေအတွက် သမိုင်းတာဝန်ကျေပြွန်စေဖို့ရာ အနာဂတ်မျိုးဆက်သစ်လူငယ်များရဲ့တာဝန်ဖြစ်သာဖြစ်တယ်။

မှတ်ချက်။ ။ ယခင်ရေးသားခဲ့သောပို့စ်အား ပြန်လည်ဖြည့်စွက်တင်ပြခြင်းဖြစ်သည်။


အသေးစိတ်အချက်လက်များနှင့် မှတ်တမ်းတင်ပုံများကြည့်ရှုရန် ဒီမှာနှိပ်ပါ

ပြည့်စုံ

Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub