March 26, 2008

ဒုတိယ ဖက်ဆစ်တော်လှန်ရေးနေ့ကို ကျင်းပကြပါစို့

Unknown | 1:04 AM |

မတ်လ(၂၇)ရက်နေ့သည် ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့သည်မှာယခုဆိုလျှင် (၆၃)ပြည့်ပြီဖြစ်သည်။ မတ်လ(၂၇)ရက်နေ့သည် တပ်မတော်နေ့ဖြစ်ပါသလား ? အဘယ့်ကြောင့်ဆိုသော အဖွဲ့အစည်းတစ်ခုသည် စတင်ဖွဲ့စည်းခဲ့သည့်နေ့ကိုအစွဲပြု၍ အထိမ်းအမှတ်ပြုလုပ်ကြသောကြောင့်ဖြစ်သည်။ ဥပမာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး စတင်ဖွဲ့စည်းတည်ထောင်သည့်နေ့ အောက်တိုဘာလ(၂၄)ရက်ကို ကမ္ဘာ့ကုလသမဂ္ဂနေ့အဖြစ်သတ်မှတ်ခဲ့သည်။ လွတ်လပ်ရေးရပြီးခါစနှစ်များတွင် မတ်လ(၂၇)ရက်နေ့ကို “ဖက်ဆစ်တော်လှန်ရေးနေ့”အဖြစ်အောင်ပွဲသဘင်ဆင်ယင်ကျင်းပခဲ့ကြသည်။ တကယ်တော့ မတ်လ(၂၇)နေ့သည် “ဖက်ဆစ်တော်လှန်ရေးနေ့”သာဖြစ်သည် တပ်မတော်နေ့မဟုတ်ပါ။ စတင်ဖွဲ့စည်းတည်ထောင်သောနေ့ဆိုလျှင် ဒီဇင်ဘာ(၂၆)ရက်နေ့သည်သာ ဗမာတမျိုးသားလုံးတိုင်းရင်းသားအားလုံး ကိုယ်စားပြုသောတပ်မတော်နေ့သာဖြစ်သင့်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် ၁၉၄၁ ဒီဇင်ဘာလ(၂၆)ရက်နေ့ စနေနေ့ည (၁း၀၀)နာရီအချိန်တွင် ယိုးဒယားပြည် ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏နေအိမ်တွင် (BIA)ခေါ် ဗမာ့တပ်မတော်ကိုစတင်ဖွဲ့စည်းပြီး လက်မောင်းသွေးဖောက်သောက်ခဲ့ကြသည်။ထို့နောက် ၁၉၄၅ မတ်လ(၁၇)ရက်နေ့တွင် ရန်သူကိုစတင်တော်လှန်တိုက်ခိုက်ရန်အတွက် တပ်မတော်ဦးဆောင်၍ စစ်မြေပြင်ကိုထွက်ခဲ့သည်။ မတ်လ(၂၇)ရက်နေ့တွင် တိုင်းသူပြည်သားများအား သေနတ်ဖြင့်ဖိနှိပ်၊ အမျိုးသမီးများအား အဓမ္မပြုကျင့်၊ ပြည်သူများ၏ပစ္စည်းများကို မတရားသိမ်းစည်းခဲ့ကြသော စက်ဆုပ်ရွံ့ရှာမုန်းတီးဖွယ်ကောင်းသော ဖက်ဆစ်ဂျပန်တို့ကို (BIA) ဗမာ့တပ်မတော်သည် ပြည်သူလူထုအားနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့နှင့် လက်တွဲ၍ တော်လှန်ဆင်နွှဲခဲ့သည့်နေ့ဖြစ်ပါသည်။
အာဏာရှင်စစ်အစိုးရသည် တိုင်းပြည်ချောက်ထဲကျတော့မည်၊ ပြည်ထောင်စုကြီးပြိုကွဲတော့မည် ဆိုသည့် အကြောင်းပြချက်ဖြစ် ၁၉၆၂ခုနှစ် မတ်လ(၂)ရက်တွင်အာဏာသိမ်းခဲ့သည်။ ယင်းသို့သိမ်းပိုက်ခဲ့သော အာဏာရှင်စစ်အစိုးရသည် ၁၉၆၂ခုနှစ်မှ စ၍ (၄၆)နှစ်ကျော်သက်ဆိုးရှည်ခဲ့တဲ့စစ်အုပ်စုသည် ယနေ့ထိ လူထုကို အမြဲတစေ ဗိုလ်ကျအနိုင်ကျင့်ဖိနှိပ်အုပ်ချုပ်ခဲ့သည်။ အကြမ်းဖက် ဖက်ဆစ်နအဖခေါင်းဆောင်များသည် မတ်လ(၂၇)နေ့ကို တပ်မတော်နေ့ဟူ၍ သတ်မှတ်ခြင်းဖြစ် တပ်မတော်၏ ဂုဏ်ရည်များကို ပစ်ပယ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ကျနော်တို့သည် အနာဂတ်သမိုင်းအတွက် ဒီစစ်အာဏာရှင်စနစ်ဆိုးကြီးကို မဖြစ်မနေပြောင်းလဲပစ်ကြရမည် ဒါမှသာ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်နဲ့ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ထူထောင်နိုင်မှာပါ…။ ဒါကြောင့်မို့လို့ မြန်မာမျိုးချစ်တပ်မတော်သားများအနေဖြင့် အာဏာရူးစစ်ဗိုလ်ချုပ်တစုမတရားသိမ်းပိုက်ထားသော အကြမ်းဖက် ဖက်ဆစ်နအဖတပ်မတော်အား အမြန်ဆုံးပြန်လည်သိမ်းပိုက်၍ ပြည်သူချစ်သော ပြည်သူ့တပ်မတော်အဖြစ်ပြောင်းလည်းသင့်ပါကြောင်းတိုက်တွန်းအပ်ပါသည်။

ပြည့်စုံ
Continue reading ...

March 23, 2008

လက်တွဲဖော်

Unknown | 1:08 AM |

မစိုးဝှက်က တက်ထားတာကြာပါပြီ.. ကျနော်လည်း ကွန်နက်ရှင်မကောင်းတာရယ်…. လမ်းခရီးမှာရောက်နေတာရယ် အလုပ်တွေများနေတာနဲ့ မရေးဖြစ်မတင်ဖြစ်တာပါ… အခုကျနော်လည်း စိတ်ကူးပုံဖော်မိတာလေးတွေတင်ပေးလိုက်ပါတယ်... အခြားသူတွေလို မည်သည့်စံနှုန်းတွေ ကိုယ်ကကြိုက်တာတွေ သူကတော့ ဘယ်လိုဘယ်ဝါဆိုတာတွေတော့ မပါပါဘူး.. ကျနော့်စိတ်ကူးထဲက ဖြစ်စေချင်တာလေးတွေကို လေ့လာမိသလောက်မျှဝေးပေးလိုက်တာပါ…။ တကယ်တော့ကျနော်က လက်တွဲဖော်တော့မရှိသေးပါဘူး.. ရည်ရွယ်သူတော့ရှိကောင်းရှိလိမ့်မည်...(တကယ်ပါ) ဒါပေမယ့်….

ဘာမှသေချာရေရာခြင်းမရှိတဲ့ လောကကြီးထဲမှာ အချစ်နဲ့ဘ၀ တစ်ထပ်တည်းကျဖို့ဆိုတာ မလွယ်ပါဘူး.. ကံစီမံရာပေါ့...။ ကျနော်တို့ မြန်မာအိမ်ထောင်မှုဓလေ့မှာရှောင်ရန် ဆောင်ရန်ဆိုတာကို အားလုံးသိကြမည်ထင်တယ်..။ “ဓမ္မာ ၊ သောက ၊ အင်းဝ၊ ရာဇာ”စတဲ့ မရွေးချယ်ရဘူးဆိုပြီးအဆိုရှိတယ်.. .နောက် “ ဥဿ၊ စိန်ပန်း၊ ဒန်းလှ” ကိုရှာဆိုပြီးအဆိုတွေရှိနေကြပေမယ့် ကိုယ်ကအရမ်းချစ်နေရင်တော့ မဖြစ်ပြန်ဘူး.. ဖူးစာပေါ့လေ..။

ကိုယ့်ရဲ့အတ္တ တစ်ဝက်ပေးဆပ်ရခြင်းမျိုးမဟုတ်၊ သူ့ရဲ့အတ္တ အလုံးစုံပုံနှစ်ထားခြင်းမျိုးလည်းမဟုတ်တဲ့ တစ်ထပ်တည်းကျတဲ့ ဆုံးဖြတ်ချက်တွေ တသားတည်းရှိတဲ့ ခံစားမှုတွေနဲ့ နွေးထွေးခြင်းမျိုးရှိတဲ့ လက်တွဲဖော်….။

လျှို့ဝှက်ချက်မရှိ ရိုးသားပွင့်လင်းခြင်းသာအခြေခံတဲ့ ကြိုးတစ်ချောင်းက လူနှစ်ဦးကို ဘ၀ထဲမှာ သူရှိနေတာ အနှောင့်အယှက်တစ်ခုမဖြစ်စေဘဲ ပျော်ရွှင်ခြင်းနဲ့ ကြင်နာခြင်းသာ မျှဝေလိုသူ…။ သံယောဇဉ်တွေ ရစ်ပတ်နှောင်ဖွဲ့လို့ကြုံဆုံလာရမယ့် ဘ၀ရဲ့ အကောင်းဆုံးဆိုတဲ့ လောကဓံတရားတွေကို ရင်ချင်းအပ်ကျောချင်းကပ်ပြီး အတူဖြေရှင်းကြလို့ ဘ၀ထဲ ကကောင်းတာတွေယူပြီး အကောင်းတွေပဲ ပြန်လည်ပေးဆပ်ခိုင်းဖို့ လျှောက်လှမ်းရမယ့် ခရီးလမ်းတိုင်းအတွက် သူ့ရဲ့ လက်တစ်စုံဟာ ခွန်အားဖြစ်စေလိမ့်မယ်…။
သို့မှသာ တွေးလိုက်တိုင်းပျော်ပြီး အပျော်တွေပဲ တွေးမိစေတဲ့ ဘ၀တစ်ခုလုံးအပျော်တွေနဲ့သာ လွှမ်းခြုံရစ်ပတ်ထားတဲ့ အဲဒီချစ်ခြင်းတွေသည် အရာရာပြီးပြည့်စုံစေမှာပါ….။

အနာဂတ်နေ့သစ်တွေအတွက် ခရီးဆုံးတိုင်အတူရှိကြမယ့် မနက်ဖြန်တွေ မနက်တွေတိုင်းဟာ လှပနေလိမ့်မယ်ဆိုတာ အသေအချာပါဘဲ….။

ပြည့်စုံ
(ခေတ္တ-နို့ဖိုးစခန်း)

Continue reading ...

March 19, 2008

အကောင်းဆုံးမြေသြဇာအဖွဲ့မှ နအဖသို့ အိတ်ဖွင့်ပေးစာ

Unknown | 7:20 AM |
Continue reading ...

ပဲခူးခရိုင်ကျောင်းသားသမဂ္ဂ၏ သဘောထား ကြေညာချက်

Unknown | 7:06 AM |
၂၂-၃-၂၀၀၈
ယနေ့သည် ဗမာပြည်ဒီမိုကရေစီ အရေးတော်ပုံသမိုင်းတွင် ပဲခူးမြို့၏ သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်ခြင်းနှစ်ပေါင်း(၂၀)တိတိ ပြည့်မြောက်ခဲ့ပေသည်။

၁။ ကိုယ်ဘာလုပ်နိုင်သလည်း လုပ်နိုင်တာလုပ်ကြရမည်။ သူများဘာလုပ်နေသလဲ ပြောရမည့် အချိန်မဟုတ်တော့ပါ။
၂။ ပဲခူးခရိုင်ကျောင်းသားသမဂ္ဂတွင် ပဲခူး၊ဝေါ၊ က၀၊ သနပ္ပင်၊ လေးမြို့နယ်ဖြင့် ဖွဲ့စည်းထားပါသည်။ ပဲခူးမြို့သည် ဗမာပြည်တွင် ၁၉၈၂ခုနှစ် နောက်ဆုံးသန်းခေါင်စာရင်းအရ လူဦးရေ အများဆုံးမြို့ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီမှ ဦးမြတ်လှသည်။ လူဦးရေ မဲအများဆုံးရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။
၃။ ၁၉၈၈ မတ်လ(၂၁) မြေနီကုန်းအရေးတော်ပုံ၏ ညတွင်ပင် ဗမာပြည်၏ ဥာဏ်တော်အမြင့်ဆုံး ရွှေမော်ဓော စေတီတော်၌ ပဲခူးကောလိပ်ကျောင်းသားများ စတင်သပိတ်မှောက်ဆန္ဒပြ၍ နေ၀င်း(မဆလ)အားဆန့်ကျင်ခဲ့ကြသည်။
၎။ ၁၉၈၈ မတ်လ (၂၂)တွင် ပဲခူးကောလိပ်တစ်ခုလုံး ဆန္ဒပြခဲ့ပြီး၊ ပဲခူးကောလိပ်မှ ကားဆယ်စီးအပြည့် ကျောင်းသားများ မြို့တွင်းဝင်ရောက် ဆန္ဒပြရာ ကျောင်းသား၊ သံဃာ၊ ပြည်သူများ ပူးပေါင်း၍ ဆန္ဒပြကြသည်။
၅။ မဆလ ပါတီကောင်စီမှ အကြမ်းဖက်ပစ်သတ်နှိမ်နင်းသဖြင့် ပြည်သူလူထုမှ ပေါက်ကွဲ၍ ဆန်ရုံး၊ ရဲ စီအိုင်ဒီရုံး၊ အလုပ်သမားရုံး၊ ရက်ကွက်ကောင်စီရုံး၊ ရွှေဟင်္သာစားဖျော်တို့အား တညလုံးမီးရှို့ခဲ့ကြသည်။
၆။ သေနတ်ဒါဏ်ရာဖြင့် ကျောင်းသားပြည်သူ(၉)ဦး ကျဆုံးခဲ့ပြီး ယခင်ဥဿဒဂုံကားဂိတ်အဟောင်း ယခုနာရီစင်ရှိရာနေရာတွင် အိမ်သာကျင်းထဲ၌ အလောင်းများ ဖျက်ဆီးဖျောက်ဖျက်ခဲ့သည်။
၇။ ကျောင်းသားပြည်သူ (၂၅၁)ဦးအား ဖမ်းဆီးခဲ့ပြီး တ၀က်ကျော်မှာ ကျောင်းသားများဖြစ်သည်။ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး၊ ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေး၊ သေဆုံးကျောင်းသားလျော်ကြေးပေးရေး၊ ကျောင်းထုတ်ကျောင်းသားကျောင်းပြန်တက်ရေး စသော ကျောင်းသားအခွင့်အရေးတောင်းဆိုတိုက်ပွဲတွင် နေ၀င်းမဆလစစ်တပ်မှ ၀န်မခံဘဲနှင့် လိုက်လျောခဲ့ရသော တောင်းဆိုချက်မှာ ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေးဖြစ်သည်။
၈။ ကျောင်းသားများ၏ စွန့်စားဝံ့မှုကို အမှန်တရားဖော်ထုတ်မှု သတ္တိများကို လေးစားသည့်အနေဖြင့် ရန်ကုန်၊ ပဲခူးကျောင်းသားများမှတဆင့် တနိုင်ငံလုံးသို့ ပျံ့နှံ့မည်ကို စိုးရိမ်၍ လည်းကောင်း၊ ကျောင်းသားသမဂ္ဂဖြိုခွဲခံရသော သမိုင်းဝင် ဆဲလ်ဗင်းဂျူလိုင်(၇-၇-၈၈) နေ့တွင် ပဲခူးမှ (၂၅၁)ယောက်အပါအ၀င် ရန်ကုန်ဖုန်းမော်အရေးတော်ပုံ၊ တံတားနီအရေးတော်ပုံ၊ မတ်လအရေးတော်ပုံများတွင် ဖမ်းဆီးထားသူအားလုံးအား အကြွင်းမဲ့ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေးတောင်းဆိုချက်အား ကျောင်းသားများမှ အောင်မြင်ခဲ့သည်။
၉။ ပဲခူးခရိုင်ကျောင်းသားသမဂ္ဂ၏ ဒီမိုကရေစီလှုပ်ရှားမှုများ ခေတ်အဆက်ဆက်ပြောမကုန်နိုင်တော့ပါ။ ၁၉၈၈ မှ ၂၀၀၈ နှစ်ပေါင်း (၂၀)အတွင်း နိုင်ငံရေးအကျဉ်းသားအများဆုံး အဖမ်းခံရသော မြို့ဖြစ်ပြီး၊ ယခုထိ ထောင်ထဲတွင်များစွာရှိနေ သေးသည်။
၁၀။ ၂၀၀၈ မေလ လူထုဆန္ဒဖော်ထုတ်ရမည့်ပွဲတွင် မဖြစ်မနေကြိမ်းသေလုပ်ဆောင်ရမည့်အချက်မှာ နအဖ၏ ဥပဒေမဲ့ အခြေခံဥပဒေကို ဆန့်ကျင်၍ ကန့်ကွက်မဲပေးရန်ဖြစ်ပြီး ကျန်အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဦးဆောင်ဆုံးဖြတ်ချက်အား လိုက်နာရန်ဖြစ်သည်။
၁၁။ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွင် ရဲရင့်ပြတ်သားသော သဘောထားမရှိပါက ပဲခူးမြို့ရှိ ရဟန်းရှင်လူပြည်သူအပေါင်းမှလူထုဆန္ဒဖော်ထုတ်ကန့်ကွက်မဲပေးပြီး ပြည်သူ့အာဏာလွှဲပြောင်း တာဝန်ပေးအပ်ပွဲကျင်းပမည်။
၁၂။ ၁၀-၈-၈၈ နေ့ ရွှေမောဓော ကျောက်ပန်းတောင်းဓမာရုံတွင် ပူတင်း စားဖူးမှ ပူတင်းအရသာသိမည်ဟု တရားဟောပြီး ရှေ့နေကြီးဦးမြတ်လှ ဒီမိုကရေစီလိုလားသူများအဖွဲ့ ပဲခူးမြို့ကို ဦးဆောင်ပါဝင်ခဲ့သည်။
၁၃။ NLD မှ ဦးမြတ်လှနှင့် ဒီမိုကရေစီပါတီမှ ဦးစိုးဝင်းတို့သည် ပဲခူးမြို့၏ ပြည်သူ့ကိုယ်စားလှယ်ဖြစ်ပြီး၊ ပြည်သူ၏တာဝန်များအား ယနေ့ထိမထမ်းဆောင်ရသေးသည့်အတွက် ပဲခူးမြို့သူမြို့သားများအနေဖြင့် လူထုဆန္ဒဖော်ထုတ်မဲပေးရမည့်နေ့တွင် ဦးမြတ်လှနှင့် ဦးစိုးဝင်းတို့အား ဦးမြတ်လှ၏ နေအိမ်သို့မဟုတ် NLDရုံးရှိရာသို့ သွားရောက်ပြီး လက်မှတ်ရေးထိုးတာဝန်ပေးအပ်၍ ပြည်သူ့အာဏာလွှဲပြောင်းပေးကြရန် လေးနက်စွာတိုက်တွန်းအပ်ပါသည်။
၁၄။ ဗမာပြည်သူပြည်သားများအားလုံးနှင့်ကမ္ဘာသူကမ္ဘာသားအားလုံးမှ ကမာ့္ဘကုလသမဂ္ဂတွင် ဦးမြတ်လှနှင့်ဦးစိုးဝင်းတို့အား ပြည်သူကရွေးချယ်တင်မြှောက်သော ပြည်သူ့အာဏာရရှိသူများအဖြစ် တခဲနက်သတ်မှတ်ပေးပါရန်ဖြစ်သည်။
၁၅။ ပဲခူးမြို့၏ ၂၂-၀၃-၈၈ အရေးတော်ပုံအား ရှေ့နေကြီးဦးမြတ်လှ(NLD)၊ ရှေ့နေကြီးဦးစန်းမောင်(NLD)၊ရှေ့နေကြီး ဦးအေးမြင့် (ဒီမိုကရေစီပါတီ) ယခုလမ်းပြကြယ်အဖွဲ့တို့အားမေးမြန်းနိုင်ပါသည်။

စစ်ရန်နိုင်
ဥက္ကဌ
ပဲခူးခရိုင်ကျောင်းသားသမဂ္ဂ(ယာယီ)

Continue reading ...

March 10, 2008

နှုတ်ဆက်ခြင်း

Unknown | 9:39 PM | |
ညက တိတ်ဆိတ်စွာနဲ့
လရောင်နဲ့အတူလှပနေတယ်
ဗင်းဆင့်ဗန်ဂိုး ပန်းချီရေးခဲ့တဲ့ညမျိုးပေါ့
အိပ်မက်လှမည်ဆိုတာတောင်
ငါမအိပ်ချင်တော့ဘူး...။

ဆုံခဲ့ကြတယ်
အပြန်အလှန် လေးစားခဲ့ကြတဲ့အထိပေါ့
ချစ်ခင်ကြတယ်
အားပေးနှစ်သိမ့်တဲ့အထိပေါ့
မောင်းနှင်ခဲ့ကြတယ်
စိတ်ဓါတ်တွေ အရှိန်အဟုန်မြင့်မြင့်နဲ့
ရိုက်ချိုးခဲ့ကြတယ်
ရေစီးကြောင်းတွေကိုကာစီးထားတဲ့ တာရိုးတွေကို
ဝေခဲ့ကြတယ်
ရင်တွင်းဖြစ်လေးတွေ အံထုတ်ကြတဲ့အထိပေါ့
ကြွေခဲ့ကြတယ်
နှလုံးသားရေလည်အုံ ကွဲကြေသည်အထိပေါ့

နွေဦးရဲ့ရနံ့က လေရူးနဲ့အတူ တုန်ခါ
အတွေးကတော့ မုန်တိုင်းလိုပြင်းထန်
ခွဲခွာရတော့မယ့်အချိန်မှာ
တစ်လမ်းထဲမှာ အတူလျှောက်လှမ်းခဲ့
ပျံ့လွင့်လာတဲ့ ရထားဥသြဆွဲသံကြီးရယ်...
ခေါ်ဆောင်ရာကို လိုက်ပါသွားတဲ့သူရယ်
ခွဲသွားရမယ့်သူရယ်
ကျန်ရစ်ခဲ့မယ့်သူရယ်
အပြန်လမ်းမှာ တယောက်တည်း
ပတ်ဝန်းကျင်ကတော့ ဆွေးမြေ့ကြေကွဲဖွယ် တိတ်ဆိတ်လို့
ဟိုး ... ဝေးဝေးမှာ သဇင်တွေကြွေကုန်ပြီ ....


ကျနော်ဒီကဗျာလေးနဲ့နှုတ်ဆက်ခဲ့ပါရစေ.. ကျနော်ခရီးတခုထွက်စရာရှိလို့ ဘလော့ဂ်နဲ့ခဏဝေးနေရအုံးမှာပါ ကျနော်တို့ရဲ့အဖြစ်ကဘာနဲ့တူသလဲဆိုတော့ ခွဲရတော့မယ်ချစ်သူနှစ်ဦးဟာ လမ်းကလေးတလမ်းတည်းမှာ လမ်းလျှောက်နေရသလို ခွဲသွားရမယ့်သူရယ် ကျန်ရစ်နေခဲ့ရမယ့်သူရယ် ရင်ထဲမှာဆိုနင့်ကြေကွဲစရာအဖြစ်မျိုး။

ရောက်လာကြသော သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမများ အတွက်ကျနော့်ရဲ့ အမှတ်တရ နွေဦးအတွက်လက်ဆောင်လေးတွေယူသွားကြပါ...









ဆိုလိုရင်းအဓိပ္ပါယ်ကို သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်... ဘာကြောင့်လည်းဆိုတော့ ရေဘူးနှင့်ဖိနပ်မပါရင် ကျနော့်သူငယ်ချင်းတွေ နွေရာသီမှာ ဒုက္ခရောက်မှာဆိုးလို့ပါ။ (ရေဘူးနှင့်ဖိနပ်မပါရင် နွေခါမှသိတဲ့ -- မြန်မာစကားပုံ)

လာရောက်ဖတ်ရှုကြသော သူငယ်ချင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ် ကျနော်ခေတ္တခဏခွဲခွာခြင်းသာ ပြန်လည်ဆုံဆည်းကြအုံးမှာပါ...။

နေ့သစ်တွေအနာဂတ်တွေ လှပနိုင်ကြပါစေ။

ပြည့်စုံ

Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub