May 08, 2010

အမေများနေ့

အမေများနေ့အတွက် ကျနော် အရင်က တင်ခဲ့ပြီးတဲ့ကဗျာလေးကိုပဲ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ဒီကဗျာလေးကို ဖတ်ပြီးသားသူတွေလည်း ပြန်လည်ခံစားစေရန် မဖတ်ရသေးသူများလည်း ပြန်လည်ခံစားနိုင်ရန်အတွက် ၂၀၁၀ မေလ ၉ ရက်နေ့မှာကျရောက်မည့် အမေများနေ့အားရည်စူးပြီး ရေမြေခြားအဝေးရောက်နေကြသော သားဆိုး သမီးဆိုးများ သားကောင်း သမီးကောင်းများအတွက် ကျနော်ရဲ့ ကဗျာလေးနဲ့ ထပ်တူမဟုတ်တောင် တချို့ဝက် တိုက်ဆိုင်လိမ့်မည် ခံစားရလိမ့်မည်လို့ယူဆပါတယ် ဒီကလေးဖတ်ပြီး ခံစားမှုတခုခုရရှိခဲ့မယ်ဆိုရင် ကျေနပ်ပါပြီ။ ကမ္ဘာရဲ့ အရပ်ရပ်မှာ ရှိနေကြသော အမေများအားလုံး အနှောင်အဖွဲ့ကင်းစွာနဲ့ ကျန်းမာပျော်ရွှင် ချမ်းမြေ့ကြပါစေ.....။

ဒါဏ်ရာရ သစ်ပင်

လူတိုင်းလူတိုင်း.. အဝေးတနေရာမှာ
ရွာနေတဲ့“ မိုး ” ဝေနေမယ့် “ နှင်း ” တွေကို
တွေးနေကြလိမ့်မယ်။
စိတ်ကတော့ အနှောင်အဖွဲ့ကင်းစွာဝေနေတဲ့
မြူနှင်းတွေလို တစိမ့်စိမ့်နဲ့
သတိရမှုမှ အပ ဘာမှမတတ်နိုင်ခဲ့တဲ့ နေ့တွေပါ။

အမေ့ကိုလွမ်းလိုက်
သူငယ်ချင်းတွေကိုလွမ်းလိုက်
ဇာတိမြေကိုလွမ်းလိုက်
မြို့ပြင်ထုတ်ထားတဲ့
ကျောင်းတော်ကြီးကိုလွမ်းလိုက်နဲ့
သားအလွမ်းတွေတိုင်းမှာ
အမေအမြဲတမ်းပါချင်မှပါမယ်
သေချာပါတယ်...
အမေ့အလွမ်းတွေတိုင်းမှာတော့
သားအမြဲပါနေမှာပါ။
ဝေးခဲ့ကြတယ်
အလူးအလဲကိုဝေးခဲ့ကြတယ်
မကြားနိုင်အောင်ဝေးခဲ့ကြတယ်
ပြန်မဆုံနိုင်လောက်အောင်ကိုဝေးခဲ့ကြတာပါ
ဘယ်လိုသံသရာလမ်းတွေ ကွေးကောက်ခဲ့လို့ပါလိမ့်။

တချို့က ကဗျာနဲ့လွမ်း
တချို့က သီချင်းနဲ့တမ်းတ
တချို့က အတွေးနဲ့ ကြေကွဲ
တချို့က ဝေဒနာနဲ့ ရှိုက်ငင်
အမေ... အမေ.... အမေ...။

ပြန်ဆုံမယ့်တရက်
နေ၀င်နေထွက် မရေမရာနဲ့ တွက်ချက်
သေချာပါတယ်
အမေကိုလွမ်းဘူးသူတိုင်း
ဒုက္ခနဲ့ရင်ဆိုင်ကြုံဘူးလို့ဖြစ်မယ်
အမေကိုချစ်ရကောင်းမှန်းသိသိလာတယ်။

ဒုက္ခနဲ့တခါကြုံတိုင်း
ခလုပ်ထိတိုင်း
“တ”ရလွန်းလို့
လက်ညိုးညွှန်ရာ အမေဖြစ်ပါစေလို့ဆုတောင်းနေမိတယ်။

အမေ ထာဝရပျော်ရွှင်ပါစေ....
သားငယ်
ပြည့်စုံ (ဝေါသားလေး)

12 comments:

  1. အစ်မ လည်း အမေ နဲ့  ဝေးနေရမှ အမေ့မေတ္တာ ကို နားလည်မိတယ် ၊ တမ်းတ မိတယ် ပြည့်စုံရေ ။

    မွေးမေမေ ကျေးဇူးတွေကို နိုင်သလောက် ဆပ်ခွင့်ရသူများ ဖြစ်ကြပါစေ လို့  အဝေးရောက် သား သမီးတွေ ကိုယ်စား ဆုတောင်းမိပါတယ် ။။

    ReplyDelete
  2. ဒုက္ခနဲ့တခါကြုံတိုင်း
    ခလုပ်ထိတိုင်း
    “တ”ရလွန်းလို့
    လက်ညိုးညွှန်ရာ အမေဖြစ်ပါစေလို့ဆုတောင်းနေမိတယ်။ :(
    အမေ

    ReplyDelete
  3. ရောက်တယ် အကို ပြည့်စုံ။ တိုက်တိုက်ဆိုင်ဆိုင်
    ညီမကိုယ်တိုင်...အခုတလော အမေ့ကိုအရမ်းသတိ
    ရနေတယ် အရင်တွေတုန်းကထက်ပိုပြီး။ ဟိုတလောက
    လည်းအစ်ကို ဒီနိုရဲ့ အမေ့ကဗျာလေးဖတ်ပြီး
    တော်တော်လွမ်းနာကျနေသေးတာ။ မိဘတွေ
    အကြောင်းပြောရရင် စကားလုံးတွေတောင်
    ရှာမရပါဘူး အစ်ကိုပြည့်စုံ။ :)
    ထပ်တူထပ်မျှ ခံစားရင်း..
    ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)

    ReplyDelete
  4. အမေ..
    တစ်ထောင့်တညရဲ့ ပုံပြင်တွေထဲမှာ
    ကျွန်တော်လေ မိန်းမောပြီး သာယာလို့နေရင်း
    အချိန်တန်ခဲ့သည်တိုင် အိမ်ပြန်ခွင့်မသာခဲ့
    ဒီအချိန်ဆိုရင်လေ.. အိမ်မှာအမေရယ်လေ
    ကျွန်တော့်စိတ်နဲ့ ပူပန်နေရှာရော့မယ်...
    မလွမ်းတတ်တဲ့ လူတွေရဲ့ကြားမှာ
    ကျွန်တော်လေ တစစနဲ့ ပျော်ဝင်နစ်နေလဲ
    ရင်ခွင့်အမိရပ်ဆီ လည်ပြန်မှန်းကာကြည့်
    ရယ်သံလိုလိုရယ် ငိုသံလိုလိုရယ်
    နွမ်းလျလို့ အိမ်.. ပြန်.. တကယ် ခက်ပြီ..။

    အမေ့မေတ္တာကို တမ်းတသူ

    ReplyDelete
  5. အမေကို လွမ်းသူပဲမို့...
    အမေ့ကိုလွမ်းတဲ့ ကဗျာလေး လာဖတ်သွားပါတယ်...

    ReplyDelete
  6. ကိုလူကြမ်းကြီးရေ.......
    အမေ့ကဗျာကို လာဖတ်သွားပါတယ်။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  7. အတုမရှိ မာတာ မိခင် အမေ ဆိုတာ ဘာနဲ့ မှ နှိုင်းလို့ မရပါဘူး...လူကြမ်းကြီးရေ...အမေကို လွမ်းသွားပါတယ်..

    ReplyDelete

မိတ်ဆွေရဲ့ အမှတ်တရ မှတ်ချက်လေးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်.. :)