May 08, 2010

အမေများနေ့

အမေများနေ့အတွက် ကျနော် အရင်က တင်ခဲ့ပြီးတဲ့ကဗျာလေးကိုပဲ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ဒီကဗျာလေးကို ဖတ်ပြီးသားသူတွေလည်း ပြန်လည်ခံစားစေရန် မဖတ်ရသေးသူများလည်း ပြန်လည်ခံစားနိုင်ရန်အတွက် ၂၀၁၀ မေလ ၉ ရက်နေ့မှာကျရောက်မည့် အမေများနေ့အားရည်စူးပြီး ရေမြေခြားအဝေးရောက်နေကြသော သားဆိုး သမီးဆိုးများ သားကောင်း သမီးကောင်းများအတွက် ကျနော်ရဲ့ ကဗျာလေးနဲ့ ထပ်တူမဟုတ်တောင် တချို့ဝက် တိုက်ဆိုင်လိမ့်မည် ခံစားရလိမ့်မည်လို့ယူဆပါတယ် ဒီကလေးဖတ်ပြီး ခံစားမှုတခုခုရရှိခဲ့မယ်ဆိုရင် ကျေနပ်ပါပြီ။ ကမ္ဘာရဲ့ အရပ်ရပ်မှာ ရှိနေကြသော အမေများအားလုံး အနှောင်အဖွဲ့ကင်းစွာနဲ့ ကျန်းမာပျော်ရွှင် ချမ်းမြေ့ကြပါစေ.....။

ဒါဏ်ရာရ သစ်ပင်

လူတိုင်းလူတိုင်း.. အဝေးတနေရာမှာ
ရွာနေတဲ့“ မိုး ” ဝေနေမယ့် “ နှင်း ” တွေကို
တွေးနေကြလိမ့်မယ်။
စိတ်ကတော့ အနှောင်အဖွဲ့ကင်းစွာဝေနေတဲ့
မြူနှင်းတွေလို တစိမ့်စိမ့်နဲ့
သတိရမှုမှ အပ ဘာမှမတတ်နိုင်ခဲ့တဲ့ နေ့တွေပါ။

အမေ့ကိုလွမ်းလိုက်
သူငယ်ချင်းတွေကိုလွမ်းလိုက်
ဇာတိမြေကိုလွမ်းလိုက်
မြို့ပြင်ထုတ်ထားတဲ့
ကျောင်းတော်ကြီးကိုလွမ်းလိုက်နဲ့
သားအလွမ်းတွေတိုင်းမှာ
အမေအမြဲတမ်းပါချင်မှပါမယ်
သေချာပါတယ်...
အမေ့အလွမ်းတွေတိုင်းမှာတော့
သားအမြဲပါနေမှာပါ။
ဝေးခဲ့ကြတယ်
အလူးအလဲကိုဝေးခဲ့ကြတယ်
မကြားနိုင်အောင်ဝေးခဲ့ကြတယ်
ပြန်မဆုံနိုင်လောက်အောင်ကိုဝေးခဲ့ကြတာပါ
ဘယ်လိုသံသရာလမ်းတွေ ကွေးကောက်ခဲ့လို့ပါလိမ့်။

တချို့က ကဗျာနဲ့လွမ်း
တချို့က သီချင်းနဲ့တမ်းတ
တချို့က အတွေးနဲ့ ကြေကွဲ
တချို့က ဝေဒနာနဲ့ ရှိုက်ငင်
အမေ... အမေ.... အမေ...။

ပြန်ဆုံမယ့်တရက်
နေ၀င်နေထွက် မရေမရာနဲ့ တွက်ချက်
သေချာပါတယ်
အမေကိုလွမ်းဘူးသူတိုင်း
ဒုက္ခနဲ့ရင်ဆိုင်ကြုံဘူးလို့ဖြစ်မယ်
အမေကိုချစ်ရကောင်းမှန်းသိသိလာတယ်။

ဒုက္ခနဲ့တခါကြုံတိုင်း
ခလုပ်ထိတိုင်း
“တ”ရလွန်းလို့
လက်ညိုးညွှန်ရာ အမေဖြစ်ပါစေလို့ဆုတောင်းနေမိတယ်။

အမေ ထာဝရပျော်ရွှင်ပါစေ....
သားငယ်
ပြည့်စုံ (ဝေါသားလေး)

May 02, 2010

ကိုယ်ပိုင်မီးရှုးတိုင်၏ အလင်းရောင်

ပါရမီရှင် ဉာဏ်ကြီှးရှင်တို့၏ အကြီးမားဆုံး အရည်အသွေးကား မိမိဘ၀ကို မိမိဘာသာ ဦးဆောင်လမ်းပြနိုင်စွမ်းရှိခြင်းဖြစ်သည်။ ဘ၀တလျှောက် တောက်တောက်ပြောင်ပြောင် ဆောင်ရွက်နိုင်ခဲ့ကြသူများကိုကြည့်လျှင် မိမိဘာသာ မိမိဘ၀၏ အရှင်သခင်ဖြစ်ရမည်ဟူသော စိတ်မျိုးရှိပြီး မိမိချမှတ်ထားသော လမ်းကြောင်းအတိုင်း တစ်ကိုယ်တည်းရဲဝံ့စွာ လျှောက်လှမ်းတတ်ကြသူချည်းသာဖြစ်ကြောင်းတွေ့ရှိရလိမ့်မည်။
သိပ္ပံပညာရှင် အိုင်းစတိုင်း၊ ပန်းချီကျော် ပီကာဆိုစသည့် ပါရမီရှင်ကြီးတိုင်းပင် သူများမတွေးရဲသည်ကိုတွေး သူများမလုပ်ရဲသည်ကိုလုပ်ကာ ကြီးကျယ်ကျော်ကြားလာခဲ့ကြခြင်းဖြစ်သည်။ သူတို့မှာ ရည်ရှည်စွဲမြဲသော ဇွဲနပဲရှိသလို သူတပါးလှောင်ပြောင်ကန့်ကွက်မှာကိုမကြောက်သည့်စိတ် တလောကလုံးမှာ ကိုယ့်တယောက်တည်းသာဖြစ်သော်လည်း မတုန်လှုပ်သောစိတ်များရှိကြသည်။
လူတိုင်း အိုင်းစတိုင်းတို့လောက်ကြီးကျယ်နိုင်သော်လည်း မည်သူမဆို မိမိကိုကိုယ် သာမန်မဟုတ်သူ သူတပါးထက် ခေါင်းတလုံးတော့ သာသူ (သို့မဟုတ်) ကိုယ့်မူ၊ ကိုယ့်ဟန် ကိုယ့်ပုံစံဖြစ် ရပ်တည်သူဖြစ် အသိအမှတ်ပြုခံလာရအောင်ကား ကြိုးစားရနိုင်သည်။
စာရေးစရာကြီး ဂျွန်နသန်ဆွစ်ဖ်က " လူတွေကိုယ့်အားနည်းချက်ကိုယ်မသိရကောင်းလားလို့ ကျနော်တို့အပြစ်တင်တတ်ကြတယ် တကယ်လက်တွေ့မှာ ကိုယ့်အရည်အချင်း၊ ကိုယ့်စွမ်းအားကို မသိတဲ့သူတွေက ပိုများတယ်။ လူဆိုတာ မြေကြီးလိုပဲ၊ တချို့မြေကြီးထဲမှာ ရွှေကြောရှိချင်ရှိနေတာ၊ ပိုင်ရှင်က သိတာမဟုတ်ဘူး " ဟူ၍ဆိုခဲ့ဖူးသည်။ မှန်သည် ကိုယ့်အားနည်းချက်ကို ရှာဖွေဖော်ထုတ်ရင်း ကုန်ဆုံးရမည့် အချိန်များကို မိမိစွမ်းအား ရွှေကြောများရှာဖွေဖော်ထုတ်ရာ၌ အသုံးပြုမည်ဆိုလျှင်ပို၍ တန်ဖိုးရှိပေမည်။
ထို့ကြောင့် မည်သူမဆို ကိုယ့်ဘ၀ ကိုယ်လမ်းပြမည်၊ မအောင်မြင်ခင်မှာ သူတပါးပြစ်တင်ဝေဖန်ရှုံ့ချတာတွေကို လျစ်လျူရှုကာ မိမိဦးတည်ချက်ပန်းတိုင်ရောက်အောင် ကိုယ့်ဘာသာ ရဲရဲဝံ့ဝံ့လျှောက်မည်ဆိုက တချိန်သောကာလ၌ မိမိရည်မှန်းချက်ပန်းတိုင်သို့မုချရောက်မည်ဖြစ်သကဲ့သို့ ပန်းတိုင်သို့ ချီတက်နေစဉ်ကာလတလျှောက်လည်း စိတ်ချမ်းသာပျော်ရွှင်မှုကို ခံစားသွားနိုင်မည်ဖြစ်ပေသည်။

ကိုးကား။ ။ ( Ari Kiev ၏ A Strategy for Daily Living)