March 09, 2008

ဇာတိမြေ (သို့မဟုတ်) အိမ်

ပဲခူးတိုင်း၊ဝေါမြို့ဘူတာမှ ညောင်ခါးရှည် ရေနွေးငွေ့ရထား ညောင်ခါးရှည်ရွာသို့ထွက်ခွာနေပုံ

လူတိုင်းလူတိုင်းမှာ လွမ်းမောဖွယ်ရာ၊ နာကြည်းကြေကွဲစရာ၊ မေ့ပျောက်လွယ်တဲ့ ခံစားမှုတွေ ထို့အတူ နှလုံးသားထဲမှာ ထင်ကျန်ရစ်ခဲ့တဲ့ လွမ်းမောဖွယ်ရာ အတိတ်ဖြစ်ရပ်လေးတွေကိုယ်စီ ကိုယ်စီရှိကြပါတယ်။ အခုလိုအဝေးရောက်နေတုန်းမှာ လွမ်းအိပ်မက်တွေ အများကြီးမက်ခဲ့ရတယ်။ ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်ရပ်ရွာနဲ့ ဝေးရာဒေသကိုရောက်နေရသူတိုင်း ဟိုအရင်က သွားခဲ့လာခဲ့ နှစ်သိမ့်ကြည်နူးခဲ့ရတဲ့ လွမ်းစရာလေးတွေကို တမ်းတမ်းတတဖြစ်ကြလွမ်းမော တသသ ဖြစ်နေကြရတာ သဘာဝပါ။

နှစ်ရှည်လများ အကြာကြီးခွဲနေခဲ့ရသူများအဖို့တော့ ဆယ့်နှစ်လရာသီစလုံး လတွေရက်တွေကို လက်ချိုးရေတွက်ပြီး တမ်းတနေကြရတာချည်းပါပဲ။
မိုးတွေသည်းနေချိန်၊ မြူနှင်းမှုံပြပြ တစစနဲ့ဝေနေချိန်၊ ဖုံထူထူလမ်းမတွေ၊ အိပ်မပျော်တဲ့ညများစွာထဲက ညတည၊ ဒီညပေါ့ အတိတ်ကိုပြန်လည်တွေးမိခဲ့တယ်။ ငယ်စဉ်ကလေးအရွယ်ကတည်းက မတည်ငြိမ်ခဲ့တဲ့ဘ၀ရော်ရွက်ဝါလို လေလွင့်ခဲ့ရတယ်။ မျောလွင့်နေတဲ့နွေတိမ်တိုက်ကိုမော့ကြည့်ရင်း ဘာရယ်မဟုတ် ကြေကွဲစိတ်က ရင်ဘတ်ထဲရောက်ရောက်လာတယ်။ မျောလွင့်နေတဲ့ တိမ်တိုက်တွေဟာ ငါများလား၊ အဆုံးအစမရှိတဲ့ ကောင်းကင်ပြင်ထဲမှာ ဦးတည်ရာမဲ့ ပျံ့လွင့်နေတဲ့ဆေးရေးချယ်ထားတဲ့ တိမ်မိလ္လာတွေဟာ ကဗျာဆန်တယ် ကျယ်ပြန့်တယ်ဒါပေမယ့် မျောလွင့်နေတဲ့ ဟင်းလင်းပြင်ထဲမှာ အထီးကျန်ဆန်လွန်းလှတယ်။ ဒါတွေဟာ ဘယ်လိုဖြစ်ရတာလည်း...။
တခါတလေ အဆုံးအစမရှိ ဟင်းလင်းပြင်ထဲကိုငေးမောကြည့်ရင်း အားရပါးရအော်ဟစ်လိုက်ချင်တယ်၊ ပေါက်ကွဲမှုသက်သက်ဖြစ်မလား ငိုရှိုက်သံရောနေတဲ့ ကြေကွဲသံဖြစ်နေမလား၊ စိတ်ပြေလျှော့ရုံသက်သက်ပဲလား.....။
မွေးရပ်မြေ အမေ့အိမ်ရယ် ဇာတိမြေနဲ့ဝေးလေလေ ကံကြမ္မာရဲ့ ရိုက်ချက်တွေ ပြင်းထန်လေလေပါပဲလား။ တစုံတရာပိုင်ဆိုင်ဖို့အတွက်ဆိုတာ အိပ်မက်များလား၊ လှိုင်းကြမ်းကြမ်း လေနီကြမ်း၊ရိုင်းစိုင်းတဲ့ မုန်တိုင်းထဲကိုရောက်နေသလို မျှော်လင့်ချက်တွေဟာ လက်တွေ့ဘ၀တွေနဲ့ကွာခြားခဲ့တယ်။ ဆုံးရှုံးခြင်းတွေထပ်လာတော့ မမျှော်လင့်ရဲ့တော့၊ ရှင်သန်ကျွမ်းဝင်ရာ ၀န်းကျင်မှားယွင်းခဲ့လို့ လူသိမ်လူဖျင်းတယောက်လို ပတ်ဝန်းကျင်ကိုရှက်ရွံ့ထွက်ပြေးရမှာလား။ သေချာတယ် ငါလွတ်လပ်မှုကိုလိုချင်တယ်၊ ဖြူစင်ခြင်းကိုငါမြတ်နိုးတယ်။ တိတ်ဆိတ်ညရဲ့ နက်ပြာရောင်ကောင်းကင်ကြီးကို တနေ့တာအတွက်နှုတ်ဆက်ဖို့နောက်ဆုံးတချက်ကြည့်လိုက်မိ အိပ်မက်ကနေလန့်နိုးသလို ကြယ်တစင်းကြွေလွင့်သွားတာကို မြင်ခဲ့ရတယ်။ တကယ်ကြွေကျသွားခဲ့တာပါ ဆုတောင်းခဲ့မိ လူတိုင်းရဲ့နှလုံးသားမှာ ထာဝရမေ့မရတဲ့အရာ ဇာတိမြေနဲ့ အမေ့အိမ်ကိုပေါ့။ ကြီးကျယ်ခမ်းနား တဲ့နေရာအဆောက်အဦးဖြစ်နေပါစေ ပိုးသားဖဲမွေ့ယာနဲ့ခင်းကျင်းထားသော အခန်းဖြစ်နေပါစေ၊ ဇာတိမြေက အမေ့အိမ်လောက်လုံခြုံနွေးထွေးမှုရှိမည်မထင်ပါ။ အစားအသောက်တွေ ဘယ်လောက်ပဲ.. ပြီးပြည့်စုံနေပါစေ၊ အမေ့အိမ်က အချဉ်ရည်ဟင်းတခွက်လောက် အရသာရှိမည်မထင်ပါ….။
ဘယ်လောက်ပဲ ရိုင်းစိုင်းရက်စက် မာကျောခက်ထန်နေပါစေ၊ ဘယ်လောက်ပဲ နူးညံ့ပျော့ပျောင်းကြင်နာတတ်တယ်ဆိုဆို ထိုသူတွေရဲ့ရင်ထဲမှာ ထာဝရမေ့မရတဲ့အရာဟာ..... ဇာတိမြေ သို့မဟုတ် အိမ်.....

ဝေါမြို့မှ ပဲခူးစစ်တောင်းတူးမြောင်းနှင့်မီးရထားတံတား

ဒီပို့လေးဟာ တကယ်တော့ပြီးပြည့်စုံခြင်းမရှိသေးပါဘူး.. ထို့ကြောင့် ကျနော်၏ သူငယ်ချင်းများ အမ၊ ညီအစ်ကိုများဖြစ်သော ……..

အမစိုးဝှက်

ညီငယ်မောင်မျိုး

သူငယ်ချင်းလွမ်းစေ

သူငယ်ချင်းမလေးPinkgold

ပန်းခရေ(ခ) မမစိန်

ဟန်မဆောင်တတ်သော နှင်းပွင့်၊

ဒေးမူ ယုန်ကလေး

နှင်းလေး

ဆုဝေ

ညီငယ်ရှမ်းကလေး

သူတို့က ရင်ထဲရှိသမျှ ပုံဖော်သွားကြပါမည် သူတို့ဆီမှာ ဆက်လက်၍ ခံစားနိုင်ပါသည်။
အထူးအစီစဉ်အဖြစ်ကျနော်မဆက်သွယ်ခဲ့ရသော သူငယ်ချင်းညီအစ်ကိုများနှင့် ပို့စ်ကိုလာရောက်ဖတ်ဖြစ်သော သူများအားလုံးကို ဆက်လက်ရေးသားပေးကြပါရန် ဖိတ်ခေါ်တောင်းဆိုပါသည်။

ပြည့်စုံ

6 comments:

  1. အကို ပြည့်စုံရေ...
    ညမ အကို ရေးစေချင် သလို ဇာတိမြေ ( သို့) အိမ် အတွက် ပို့ဒ် လေးကို မရေးဖြစ်ပေ မဲ့ အိမ်လွမ်းကြယ်ဆိုတဲ့
    အိမ်လေးရဲ့ အရင် က တင် ထား တဲ့ကဗျာလေးနဲ့ ပဲ အကို ပြည့်စုံရဲ့ စိတ်ကို အတိုင်းတာ တခုထိ ကျေနပ်ပေးနိုင်တယ်ဆိုရင် အိမ်လေး ၀မ်းသာ ပါတယ် နော်...။

်တဖျတ်ဖျတ်နဲ့တောက်ပနေတဲ့
    ကြယ်ကလေး
    လွမ်းဆွေးနေပြီလား
    အနားမှာဘယ်သူမှ မရှိတဲ့ဘဝ
    နေသားကျတယ်ဆိုပေမဲ့
    တခါတလေတော့လည်း
    လက်ဆုံစားပွဲကို သတိရတယ်

    ငယ်ငယ်က အိပ်ရာဝင်ပုံပြင်
    ပြန်နားဆင်ချင်မိတယ်
    မေ့မေ့ရင်ခွင်တိုးဝင်
    ဖိုးလမင်းစီ
    ထမင်းဆီစမ်းလဲတောင်းချင်မိ
    ရင်ထဲမှာ မချိပေမဲ့
    မျက်ရည်တွေကို မျိုသိပ်
    တိတ်တိတ်ကလေးဝမ်းနည်း
    (ကျန်ရစ်ခဲ့တဲ့)ချစ်သူကိုလည်း
    သတိရတဲ့အခါ
    မြဲခဲ့ဖူးတဲ့ လက်တွဲတစုံ
    ရင်ခုန်ဖူးတဲ့အတိတ်
    အိပ်မက်ဟောင်းရဲ့ ချိုမြိန်ခြင်း
    ပြန်လွမ်းရင်း လွမ်းရင်းနဲ့
    ရာသီစက်ဝန်းမှာ
    စံပယ်တစ်လှည့် သဇင်တစ်လှည့်
    ပိတောက်လည်း ပွင့်ခဲ့ပြီးပြီ
    ပြက္ခဒိန် သုံးခုတောင် ရှိပေါ့
    အားမလျှော့ပါဘူး
    ပြန်ဆုံကြမယ့်နေ့ရက်တွေကို
    အချစ်တစ်ခုတည်းနဲ့စောင့်နေမယ်...။

    အကို ပြည့်စုံ လဲ အားလုံး အဆင်ပြေပါစေနော်...။
    ခင်တဲ့ ညမ အိမ်လေး

    ReplyDelete
  2. ရထားကြီး မိုက်တယ် ... သတိရတယ် ဗျာ :D

    ReplyDelete
  3. ပုံလေးကို ကြည့်ပြီး စာအဖွဲ့အနွဲ့ဖတ်ရတာ.လွမ်းတသသပါပဲ။

    ReplyDelete
  4. ကျေးဇူးပဲ ပြည့်စုံရေ ကျနော်လဲ ရထားနဲ့ မိုးပျံ တံတားကို တွေ့လိုက်ရတော့ ဒို့မြို့လေးကို သတိရပြီး ပြန်ချင်တဲ့ စိတ်တောင် ၀င်လာတယ်။ နွေကျောင်းပိတ်ရက် ဆိုရင် ပဲခူးသွားလည်လဲ ဒီရထားနဲ ညောင်ခါးရှည်သွားလည်လဲ ဒီရထားနဲ့ အရမ်းကြည်နူးဖို့ ကောင်းတယ်။ မိုးပျံတံတားဆိုရင်လည်း ဒို့မြို့လေးအတွက်တော့ အလှဆုံးပါပဲ။ အောင်စီနီမာမှာ ရုပ်ရှင်ကြည့်ပြီး အိမ်ပြန်ရင်လည်း ဒီတံတား ပေါ်ကနေ ခဏခဏ ဖြတ်သွားရဖူးတယ်။ ကျေးဇူးပဲသူငယ်ချင်းရေ ပုံလေးတွေကိုတော့ save ထားလိုက်တယ်။

    ReplyDelete
  5. brother
    ကျတော့ ကိုဝေါမှာမွေးပေမဲ့ ကျတော့အမျိုးတွေက ညောင်ခါးရှည်မျိုးတွေဗျ။ ဒါပေမဲ့ ကျတော်ညောင်ခါးရှည်ကို 1ခေါက်2 ခေါက်ပဲရောက်ဖူးတယ်။ ညောင်ခါးရှည်အကြောင်းရေးတော့ ရေးတေးတေးပဲမှတ်မိ တယ်။ ကျတော် မှတ်မိတာကတော ညောင်ခါးရှည် ရောက်ရင် ကျတော်တို့ စားနေကြ အဖွားတစ်ဝမ်းကွဲဆိုင်က အစာကြေဆေးတွေကိုပဲ။ အဲ့ဒီဆိုင်က ဈေးနားမှာရှီတယ်။ ဝေါ။တာကျိုး။ သိမ်ဇရပ်။ အုတ်ဖို။ ...သတိရစရာတွေပေါ့။။ကျတော့ private mail ပိုလိုက်မယ်ဗျာ။ ချက်ကျတာပေါ့။

    ReplyDelete

မိတ်ဆွေရဲ့ အမှတ်တရ မှတ်ချက်လေးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်.. :)